Friday, May 8, 2015

သြစတြေးလျကိုနိုင်ပြီး မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲတက်

ဟိုချီမင်း၊ မေ ၈။        ။ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင်ကျင်းပနေသော ၂၀၁၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်တွင် မြန်မာအမျိုးသမီးအသင်း သည် သြစတြေးလျယူ-၂၀ အမျိုးသမီးဘောလုံးအသင်းကို ၁-၀ ဂိုးဖြင့်ခြေစွမ်းပြအနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

11243473 549872901818193 6251168623336166769 n

သြစတြေးလျယူ-၂၀ အသင်းသည် အုပ်စု (က)တွင် ရှုံးပွဲမရှိ၊ အုပ်စုဗိုလ်ဖြင့် ဆီမီးတက်လာခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းမှာ အုပ်စု (ခ) ဒုတိယဖြင့် ဆီမီး တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းတွင် ကြံ့ခိုင်မှုအားနည်းနေသည့် အဓိက ကွင်းလယ်ကစားသမား သန်းသန်းထွေးပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ဝါရင့် ကစားသမား စန်းစန်းမော်က အသင်းခေါင်းဆောင်အဖြစ် အကောင်းဆုံးထိန်းကျောင်း ကစားသွားနိုင်ခဲ့သည်။

သြစတြေးလျယူ-၂၀ အသင်းမှာ မြန်မာအမျိုးသမီးအသင်း၏ စိတ်ဓါတ်နှင့် ကစားအားကြောင့် အခက်တွေ့ခဲ့ရပြီး ထိရောက်သည့် ထိုးဖောက် မှုများပြုလုပ်နိုင် ခဲ့ခြင်း မရှိပေ။ သြစတြေးလျအသင်း၏ ထိုးဖောက်ချက်များကိုလည်း မြန်မာအမျိုးသမီးအသင်းက ကွင်းလယ်မှာပင်ရအောင် တားဆီးနိုင်ခဲ့သည်။

ပွဲချိန်ကြာလာသည်နှင့်အမျှ မြန်မာအမျိုးသမီးအသင်း ထိုးဖောက်မှုများ ပိုမိုပြုလုပ်လာခဲ့ပြီး ကျောနံပါတ် ၁၁ ခင်မိုးဝေကို သြစတြေးလျ ကစားသမားများ ထိန်းနိုင်ခြင်းမရှိသဖြင့် တောင်ပံတစ်လျှောက် ပေါက်ထွက်နေခဲ့သည်။ ခင်မိုးဝေ၏ ဖြတ်တင်ဘောများကို တိုက်စစ်ပိုင်းမှ ရီရီဦး အသုံးချရန် အားနည်းခဲ့ သဖြင့် မြန်မာအသင်း ဦးဆောင်ဂိုးနှင့် ဝေးနေခဲ့ရသည်။

ရီရီဦး၏ကန်ချက် ဘာတန်းတစ်ကြိမ်ထိပြီးထွက်ခဲ့သကဲ့သို့ ယခင်ပွဲများတွင်ခြေစွမ်းပြနိုင်ခဲ့သည့် နော်အားလိုဝါးဖော၏ ကန်ချက်များမှာလည်း လွဲချော်နေခဲ့ ရသဖြင့် ပထမပိုင်းတွင် ဂိုးမရှိသရေကျနေခဲ့သည်။

ပွဲချိန် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ပွဲချိန် ၅၂ မိနစ်၌ မြန်မာအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ခင်မိုးဝေ၏ ဖြတ်တင်ဘောကို သြစတြေးလျ ဂိုးသမား ဖမ်း ယူရာတွင် မသေသပ်ခဲ့သဖြင့် ဘောလုံးက လျှံထွက်လာစဉ် ရီရီဦးပိတ်သွင်းရန်ကြိုးစားစဉ်မှာပင် ဂိုးစည်းအတွင်း ဝင်သွားခဲ့၍ ဦးဆောင်ဂိုး ရရှိခဲ့ခြင်းဖြစ် သည်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် သြစတြေးလျအသင်း လူစားပြောင်းလဲမှုများပြုလုပ်ပြီး တိုက်စစ်ဆင်လာ၍ ကစားပုံကောင်းလာသော်လည်း မြန်မာနောက် တန်းနှင့် ဂိုးသမားကို ကျော်နိုင်ခြင်းမရှိသဖြင့် ချေပဂိုးနှင့် ဝေးခဲ့ရသည်။ ပွဲချိန်နှောင်းပိုင်းတွင် နှစ်သင်းလုံး ကစားအားကျဆင်း သွားခဲ့၍ ဂိုးမရတာ့ဘဲ ပွဲအပြီး တွင် ၁-၀ ဂိုးရလဒ်ဖြင့် မြန်မာအမျိုးသမီးအသင်း အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းမှာ ဆီမီးပထမပွဲစဉ်အဖြစ် ကစားခဲ့ခြင်းဖြစ်ပြီး ဒုတိယပွဲစဉ်အဖြစ်ကစားမည့် ဗီယက်နမ်-ထိုင်းပွဲစဉ်မှ အနိုင်ရသည့် အသင်းနှင့် မေလ ၁၀ ရက် ည ၆း၃၀ နာရီတွင် ဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment