Sunday, May 3, 2015

တောင်သမန်ငါးများ သေဆုံးမှု အရက်ချက် စက်ရုံများကို တရားစွဲမည်

မန္တလေး (မဇ္ဈိမ)။ ။ သင်္ကြန်မတိုင်မီ သီတင်းပတ်မှ ဧပြီလကုန်အထိ တန်ဖိုး ကျပ်သိန်း ၁,၃၀၀ ခန့် ၊ ပိသာချိန် ၁၃၀,၀၀၀ ခန့်  ဆုံးရှုံးခဲ့သည့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ တောင်သမန်အင်းမှ ငါးများ သေဆုံးရမှုအတွက် ပန်းရံတော်ချောင်းနှုတ်ခမ်းရှိ အရက်ချက် စက်ရုံများကို လာမည့် သီတင်းပတ်တွင် တရားစွဲမည်ဟု တောင်သမန်အင်းသူကြီးက မီဒီယာကို ယနေ့ ပြောသည်။

Toungtamaninn

“အရက်ချက်စက်ရုံတွေက စွန့်ပစ်တဲ့ ရေဆိုးတွေကြောင့် တောင်သမန်အင်းရဲ့ ငါးလေးပုံ သုံးပုံလောက် သေကုန်ပါတယ်။ ဒီကိစ္စကို ဒေသ အာဏာပိုင်တွေကို ပြောခဲ့ပါတယ်။ ဒါဟာ စည်ပင်သာယာရဲ့ အဂတိ လိုက်စားမှု၊ အုပ်ချုပ်မှု ညံ့ဖျင်းမှုတွေကြောင့် ဖြစ်ရတာ။ မြို့ တော်ဝန်ကို ပြောတာ လေးနှစ်ရှိပြီ။ မြို့ တော်ဝန်ကိုယ်တိုင်က ပြောတာတစ်မျိုး လုပ်တာတစ်မျိုး ကတိမတည်ဘူး” ဟု တောင်သမန်အင်း လုပ်ကိုင်ခွင့် လေလံရရှိထားသူ အင်းသူကြီး ဦးချစ်ခိုင်က ယနေ့ နေ့လယ်တွင် ပြုလုပ်သော သတင်းစာရှင်းပွဲ၌ ပြောခဲ့ခြင်း ဖြစ်သည်။

တောင်သမန်အင်းအတွက် လုပ်ကိုင်ခွင့် လေလံခ ကျပ်သိန်း ငါးထောင်၊ လွှတ်ငါး တန်ဖိုး သိန်း တစ်ထောင်၊ ငါးစာဖိုးနှင့် အခြားစရိတ်များ မပါဘဲ ကျပ်သိန်း ခြောက်ထောင်ကျော် ယခုနှစ်အတွက် ရင်းနှီးထားရပြီး အင်းအတွင်းသို့ စွန့်ပစ်ရေဆိုး အနည်များနှင့် အမှိုက်များ ပို့ချမှုကြောင့် ကောလာသော ရေထုတ်ချောင်းငယ် အချို့ ကို ပြန်ဖော်ရန် မြေကျင်းပေါင်း တစ်သောင်း နှစ်ထောင်ခန့် တူးဖော်ရန်လည်း လိုအပ်လာကြောင်း၊ မြေတစ်ကျင်းဖော်ခ ကျပ် နှစ်သောင်း နှုန်းရှိပြီး လက်ရှိဆုံးရှုံးမှုများနှင့် တောင်သမန်အင်း၏ ပျက်စီးယိုယွင်းမှု ကို ပြန်လည်ကုစားနိုင်ရန် ကုန်ကျစရိတ်များပါ တွက်ချက်ကာ ရေဆိုးစွန့် အရက်ချက် စက်ရုံများကို  တရား စွဲဆိုသွားမည်ဟု ဆိုသည်။

“မြို့ တော်ဝန်က ဒီရေဆိုးတွေကို သန့် စင်မယ့် စက်ရုံဆောက်မယ်။ သန့်ပြီးမှ ချောင်းထဲကို စီးဝင်စေမယ် ပြောခဲ့တယ်။ ရေသန့် စက်ရုံက ၁၅ သန်းလောက် ကုန်မှာ။ တကယ်က ပန်းရံတော် ချောင်းကမ်းပါးမှာ ဆောက်ထားတဲ့ စက်ရုံ ရှစ်ရုံ လောက်ကို တခြားကို ရွှေ့လိုက်ရင် ရသားနဲ့ စီမံခန့် ခွဲမှု အသုံးမကျလို့ ဖြစ်ရတာ”ဟုလည်း အင်းသူကြီးက ရှင်းပြသည်။

မန္တလေးမြို့၏ ငါးဈေးကွက်ကို ဈေးတည်ငြိမ်စေရန် ထိန်းထားပေးနေသည်ဟုဆိုသည့် တောင်သမန်အင်း၏ ငါးထုတ်လုပ်မှုမှာ ယခင်က နေ့စဉ် ငါး ပိဿာချိန် လေးထောင်မှ ငါးထောင်ခန့် အထိရှိခဲ့ပြီး ယခု ငါးများ သေဆုံးပြီး နောက်ပိုင်းတွင် ရေဆိုးများ မရောက်နိုင်သည့် အင်း၏ တောင်ဘက်ခြမ်းမှ တစ်နေ့ လျှင် ပိဿာ သုံးရာမှ လေးရာခန့် သာ ထုတ်လုပ်နိုင်တော့သည်ဟု သိရသည်။

တောင်သမန် အင်းအတွင်းသို့ စီးဝင်လျက်ရှိသည့် စက်ရုံများမှ စွန့်ပစ်ရေတို့ကို မန္တလေးမြို့ ငါးလုပ်ငန်း ဦးစီးဌာန ပြည်ပပို့ကုန် အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်းက စစ်ဆေးသည့်အခါ ရေစေးရေသွက် ပါဝင်မှု၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုတို့ မြင့်မားပြီး ပျော်ဝင်အောက်ဆီဂျင် ကျဆင်းနေသဖြင့် ငါးများ အသက်ရှင်နေထိုင်ရန် မသင့်ကြောင်း ဧပြီလ ၂၇ ရက်နေ့စွဲဖြင့် အကြောင်း ပြန်ထားသည်။

“ဒီရာသီမှာ အခုလိုဖြစ်တာ ပိုဆိုးတယ်၊ ငါးသန္ဓေကပ်ချိန်၊ မကြာမီ ငါးရစ်ငါးသန်တွေ ပေါ်တော့မယ့်အချိန်မှာ အခုလိုဖြစ်တော့ တရားစွဲတဲ့အခါ အဲဒီ ဆုံးရှုံးမှုတွေပါ ထည့်တွက်ရမယ်” ဟုလည်း ဦးချစ်ခိုင်က ပြောသည်။

တောင်သမန်အင်းရှိ ငါးများ သေဆုံးမှုသည် ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်ပြီး အဆိုးရွားဆုံး အခြေအနေ ဖြစ်သည်။ ရေမျက်နှာပြင် ဧက ၂၀၀ ခန့် ရှိသော ထိုအင်း၏ တောင်ဘက်ခြမ်းတစ်ခုလုံး၊ အင်း၏ လေးပုံ သုံးပုံခန့်တွင် စက်ရုံစွန့်ပစ်ရေဆိုးများ ဝင်ရောက်ကာ စေးပျစ်အုံဖွဲ့ ပြီး ပြန်မထွက်နိုင်တော့သဖြင့် တောင်သမန် ရေရှည်တည်တံ့နိုင်ရန် ထိန်းသိမ်းကယ်တင်ရေးများ လိုအပ်နေကြောင်း သိရသည်။

Credit - Mizzima News

No comments:

Post a Comment