Sunday, May 3, 2015

မိုင်းတုံရေကာတာမှ ပြည်သူများ သိသင့်သည့် အချက်အလက်များ ချပြရန် လွှတ်တော်တွင် ထပ်မံတောင်းဆိုမည် ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ မိုင်းတုံ ရေကာတာနှင့် ဒေသခံ ပြည်သူများ သိသင့်သည် အချက်အလက်များကို အသိပေးရန် လွှတ်တော်မှ တစ်ဆင့် အစိုးရအဖွဲ့သို့ ထပ်မံ တောင်းဆိုသွားမည် ဖြစ်ကြောင်း ကွန်ဟိန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောသည်။

"လွှတ်တော်ကို မေးခွန်း ၅ ခု မေးထားတာ၊ ရေဝပ်မယ့် ပမာဏ တစ်ခုပဲ ဖြေသေးတယ်။ ကျန်တာကို EIA/SIA ရမှ လာဖြေပေးပါမယ့် ဆိုပြီး အခုထိ မပြောသေးဘူး။ ရေကာတာနဲ့ ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်တာက ရေဝပ်မှာ၊ ဘေးဖြစ်မှာကို၊ ဒါတွေနဲ့ ပတ်သက်တဲ့ ရေကာတာ အချက်အလက်တွေ မဖြေသေးဘူး" ဟု ၎င်းက ဆိုသည်။

ကွန်ဟိန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ရေကာတာ အကောင်အထည်ဖော် ပြီးစီးမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးထောက်ခံချက် ရရှိထားမှု၊ ပြည်သူသို့ သတင်းအချက်အလက် ရှင်းလင်း ပြောကြားမှု၊ နစ်နာသူ ပြည်သူများအတွက် ဆောင်ရွက်ပေးမှု၊ နိုင်ငံတော်နှင့် ရှမ်းပြည်လူထု အကျိုးခံစားရမှု စသည့် မေးခွန်းများကို ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် မေးထားခြင်း ဖြစ်သည်။

ရေကာတာ ဆောက်လုပ်မှုကြောင့် ကွန်ဟိန်း အပါအဝင် စတုရန်းမိုင် ၂၆၂ စတုန်းရန်းမိုင် အကျယ် ရှိသည့် မြို့နယ် ၁၆ ခု ရေဝပ်ဧရိယာတွင် ပါရှိမည်ဟုသာ လျှပ်စစ်ဝန်ကြီးဌာန တာဝန်ရှိသူတို့က ယင်းအစည်းအဝေးသို့ လာရောက် ဖြေကြားထားသည်ဟု ဒေါ်နန်းဝနုက ဆိုသည်။

ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး အာမခံချက် မရရှိသေးသည့် ကာလအတွင်း သံလွင်မြစ်ပေါ်တွင် အကောင်အထည်ဖော်မည့် မည်သည့်စီမံကိန်းကိုမဆို ရပ်တန့်ထားရန်နှင့် စီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရ၊ ကုမ္ပဏီနှင့် အခြားအဖွဲ့အစည်း အသီးသီးတို့၏ ဆောင်ရွက်ချက်များကိုလည်း အပြင်းအထန် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကွန်ဟိန်း ပြည်သူတို့က ဧပြီ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

"ကျွန်မတို့က အဲဒီရေကာတာကို သဘောမတူပါဘူး။ အခုတော့ လုပ်ငန်းတွေ စနေပြီ။ ဘာတွေဖြစ်မယ်၊ ဘယ်လိုရှိတယ် ဆိုတာကို ဘာမှ ပြောပြတာမရှိပါဘူး။ ရေဝပ်မှာ ကျွန်မတို့ နေရာပါ ပါတယ်" ဟု ကွန်ဟိန်းနေ နန်းမြလေးက ပြောသည်။


Credit - Mizzima News

No comments:

Post a Comment