Sunday, May 3, 2015

ကိုးကန့်ပြဿနာနဲ့ တပ်မတော် အကျပ်အတည်း – စည်သူအောင်မြင့်

အားလုံးဟာ နိုင်ငံရေး ပြဿနာချည်းပဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်နေ တာလည်း နိုင်ငံရေး ပြဿနာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖြစ်နေတာလည်း နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ပြဿနာ။ အဲကိုယ့် တိုင်းပြည်ကောင်းအောင် ဉာဏ် အမြော်အမြင်ရှိရှိနဲ့ ကြိုးစားရ မယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လာကပေါ် – ကျုပ်တို့အစိုးရကတော့ ခပ်ပြတ်ပြတ်ပဲနော်။ အရမ်းကို စိတ်ဓာတ်ခိုင်မာ ပြတ်သားတယ်။

အောင်ကျော် – ဘာတုန်း၊ ဘယ်နေရာမှာခိုင်မာပြီး ဘယ်နေရာမှာ ပြတ်သားနေတာလဲ။ ခင်ဗျားလည်း ကျွန်တော်နဲ့ပေါင်းပြီး မရှင်းမရှင်း ပြောတတ်လာပြီ။

ဩလာကပေါ် – သြော် ဘာမှမဟုတ်ပါဘူး။ ကိုးကန့်တပ်ဖွဲ့(MMDAA) နဲ့ ပတ်သက်ပြီး ဆွေးနွေးတာမျိုး မလုပ် နိုင်ဘူးဆိုပြီး အပြတ်ပြောလိုက်လို့ပါ။ သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကိုယ်တိုင် ပြောတာနော်။

အောင်ကျော် – သူ့ရဲ့ အကြောင်းပြချက်ကဘာလဲ။…

လာကပေါ် – သူပြောတာ ၂၀၀၉ ခုနှစ်တုန်းက ဦးဖုန်ကြားရှင်ဟာ ၀ရမ်းပြေး ဖြစ်သွားတယ်။ အစိုးရက သူ့ကို ၀ရမ်းပြေး စာရင်း ကြေညာထားတယ်။ သမ္မတ ဦးသိန်းစိန်တက်လာပြီးနောက် ဦးဖုန်ကြားရှင်က အစိုးရဘက်ကို သူအသက်လည်း ကြီးပြီ။ လက်နက်ကိုင်လမ်းစဉ် မလုပ်ချင်တော့ဘူး။ အေးအေးဆေးဆေး နိုင်ငံရေး ပဲလုပ်ချင် တယ်။ ဒါကြောင့် ၀ရမ်းပြေး စာရင်းက ပယ်ဖျက်ပေး ပါလို့ မေတ္တာရပ်ခံသတဲ့။ ဒါနဲ့ အစိုးရဘက်က သူ့ကိုထောက် ထား ညှာတာပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်တဲ့။ ဒါပေမဲ့ဒီ ၂၀၁၅ခုနှစ် ရောက်တော့ ဦးဖုန်ကြားရှင်က သူ့ကတိကို ဖောက်ဖျက်ပြီး ကိုးကန့်ကို ၀င်တိုက်တာပေါ့။ ဒါကြောင့် သူ့နဲ့ မဆွေးနွေးနိုင်ဘူးလို့ပြောတာ။

အောင်ကျော် – သြော်။

လာကပေါ် – တိုက်ပွဲက ပြင်းထန်တယ်နော်။ ပြောပြပါဦး နောက်ဆုံးအခြေ အနေ။

အောင်ကျော် – ပြီးခဲ့တဲ့ ဧပြီ ၂၃-၂၄ ရက်နေ့တွေတုန်းက အစိုးရတပ်တွေဟာ ကိုးကန့်တပ်တွေ အခိုင်အမာခြေ ကုပ်ယူထားတဲ့ တရုတ်နယ်စပ်နားက ပွိုင့် ၂၂၀၂ တောင်ကုန်းကို သိမ်းဖို့ ကြိုးစားတယ်တဲ့။ အဲဒီတိုက်ပွဲနဲ့ ပတ် သက်ပြီး ကိုးကန့်တပ်ဖွဲ့ဘက်က VOA,RFA နဲ့ ဧရာဝတီသတင်းဌာနတွေကို ပြောတာ အစိုးရတပ်ဘက်က အလွန်အကျအဆုံး များတယ်တဲ့။ ကျဆုံးသူ အယောက် (၈၀) လောက်ကို သင်္ဂြိုလ်ပေးလိုက်ရတယ်တဲ့။ နောက် စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားပြီး ကောင်းကောင်း မွန်မွန်စောင့် ရှောက်ထားပါတယ်တဲ့။

လာကပေါ် – အဲဒီသတင်းက သေချာလို့လား။

အောင်ကျော် – ဒါက ဘက်တစ်ဖက်က ထုတ်ပြန်တဲ့ သတင်းဆိုတော့ ဘယ်အတည်ပြုလို့ရနိုင်မလဲ။ အဲဒါနဲ့ ပတ်သက်ပြီး တရုတ်ဘက်က သတင်းဌာနတွေမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြတာတွေတော့ရှိတယ်။ အဲဒီမှာ ကျဆုံးနေတဲ့ မြန်မာ့တပ်မတော်သားတွေရဲ့ ဓာတ်ပုံတွေ၊ စစ်သုံ့ပန်းတွေရဲ့ ဓာတ်ပုံတွေ ဖော်ပြထားတယ်။ ဒါပေ မဲ့ ဒါလည်း အတည်ပြုလို့တော့ မရဘူး။ အကြောင်းက ဓာတ်ပုံဆိုတာ ဘယ်နေ့က ဘယ်နေရာမှာ ရိုက်ထား တယ်ဆိုတာက ရှိသေးတယ်။ နောက်တစ်ခုက ဓာတ်ပုံထဲမှာ ကျဆုံးနေတဲ့ တပ်မတော်သားပုံတွေ မြင်ရုံနဲ့ လည်း ဘယ်နှယောက် ကျဆုံးတယ်ဆိုတာ ဘယ်လိုလုပ်အတည်ပြုနိုင်မှာလဲ။

လာကပေါ် – ဆိုတော့ ခင်ဗျားက သတင်းသမားပဲ၊ အဲဒီကိစ္စ ဘယ်လိုလုပ်မလဲ။

အောင်ကျော် – တပ်မတော်ဘက်က သတင်းထုတ်ပြန်တာကိုပဲ မျှော်ရတော့တာ ပေါ့ဗျာ။

လာကပေါ် – ဒီတိုက်ပွဲ တပ်မတော်ဘက်က ဘယ်လိုသတင်းထုတ်ပြန်သလဲ။

အောင်ကျော် – တိုက်ပွဲဖြစ်တယ်ဆိုတာ အတည်ပြုတယ်။ အဲဒီတောင်ကုန်းကို တိုက်တယ်ဆိုတာပြောတယ်။ ဒါပေမဲ့ အရင်ရှေ့ပိုင်းတုန်းကလို ဘယ်နှယောက် ကျဆုံးတယ်၊ ဘယ်နှယောက် ထိခိုက်ဒဏ် ရာရတယ်လုံးဝ မပြောတော့ဘူးဗျ။ သတင်းရေးတဲ့ Eleven သတင်းစာကိုတောင် အပြင်းအထန် ကန့်ကွက်လိုက်သေးတယ်။

ဩလာကပေါ် – သြော် လမ်းဆုံးသွားပြီပေါ့။

အောင်ကျော် – ဒါပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေကို သွားကြည့်ရတာပေါ့ဗျာ။ သိတယ် မဟုတ်လား။ တပ်မတော်ဘက်က ရပ်တည်ရေးသားနေတဲ့ ye moe ဆိုတဲ့ အကောင့်မှာလည်း အဲဒီ သတင်းတင်ထားသဗျ။

လာကပေါ် – သြော် သူက ဘာတင်ထားသလဲ။

အောင်ကျော် – သြော် အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က တပ်ရင်းတစ်ရင်းလုံး ကိုးကန့်သတ်ကွင်းထဲ ကျွံဝင် သွားတယ်။ နောက်က စစ်ကူတွေကလည်း ၀င်ကယ်လို့၊ ၀င်ကပ်လို့မရဘူး။ နောက်ပိုင်း အခြေအနေ ခြေမြန် တပ်ရင်း ၁၁၁ တစ်ခုတည်းကပဲ အရာရှိ ၅ယောက်၊ စစ်သည် ၃၀ကျော် ပျောက်ဆုံးနေတယ်။ အခြား တပ်ရင်း တွေလည်း ထိခိုက်တယ်ဆိုပြီး ရေးထားတယ်ဗျ။

လာကပေါ် – သူ့ကိုရော စိတ်ချရလို့လားဗျ။ နောက်ပိုင်း အဲဒီတိုက်ပွဲသတင်း ပြဿနာတက်တော့ သူဟာ ကိုးကန့် တပ်ဖွဲ့တွေ အလုပ်ရှုပ်အောင် သတင်းမှားတွေလည်း တင်တယ်ဆိုပြီး လျှောက်ရေးထားတာ ဖတ်ရလို့။

အောင်ကျော် – သူ့ကိုလည်း မယုံပါဘူးဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ သတင်းသမားတွေကတော့ ဘက်စုံထောင့်စုံ ကနေ သတင်းရအောင်ယူပြီးရင် အတည်ပြုလို့ရတာတွေကို မှတ်သားလုပ်ရတာပေါ့ဗျာ။

လာကပေါ် – ဆိုတော့ အဲဒီတိုက်ပွဲနဲ့ပတ်သက်လို့ ဘာတွေအတည်ပြု လို့ရသလဲ။

အောင်ကျော် – ကျွန်တော် အတည်ပြုလို့ရတာက တိုက်ပွဲအသေအချာဖြစ်တယ်။ တိုက်ပွဲပြင်းထန်တယ်။ တပ်မတော်ဘက်က အကျအဆုံးများတယ်။ ဒါကြောင့် သတင်းမထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်တယ်။

လာကပေါ် – အင်းကိုးကန့်စစ်ပွဲကတော့နော် … စိတ်မောစရာပဲ။

အောင်ကျော် – စိတ်မမောနဲ့။ ပြီးခဲ့တဲ့ အင်ဒိုနီးရှားမှာကျင်းပတဲ့ အာရှအာဖရိက အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် အဲဒီအကြောင်း ဆွေးနွေးသတဲ့။ နောက်အခု တရုတ်ပြည် ရောက်နေတဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတတွေ့တော့လည်း အဲဒီကိစ္စဆွေးနွေးသတဲ့။

လာကပေါ် – အဓိက တရုတ်သမ္မတ ဘာပြောသလဲ။

အောင်ကျော် – သူပြောတာ နယ်စပ်ကို တည်ငြိမ်အောင် လုပ်စေချင်တယ်။ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းစေချင်တယ် ဆိုတာပဲ။

လာကပေါ် – လက်ရှိ တပ်မတော်က ကိုးကန့်တပ်တွေကို တိုက်ခိုက်နေတာကို သူတို့က မကြိုက်တဲ့ သဘော လား။

အောင်ကျော် – တည့်တည့်ပြောရင်တော့ ဟုတ်တယ်။ ဒါပေမဲ့ ဒါမျိုးက မပြောကောင်းဘူးလေ။ ကိုးကန့်တပ်ကို တိုက်ပါ။ မတိုက်ပါနဲ့ပြောရင် ဒါနိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်ရာ ရောက်သွားမယ် မဟုတ် လား။ ဒါပေမဲ့ ဧပြီ ၂၈ရက်နေ့ကပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာဟောင်လေက မြန်မာ အစိုးရက တိုက်ပွဲတိုက်တာ ထိန်းထိန်းသိမ်းသိမ်းလုပ်ပါ။ တရုတ်နိုင်ငံပိုင်နက်ထဲ အမြောက်ကျည်ကျသေး တယ်။ ကံအားလျော်စွာ အဆောက်အအုံပဲ ထိခိုက်တယ်။ လူတော့ မသေဘူး။ နောင်ဒါမျိုး ထပ်မဖြစ်အောင် လုပ်ပါဆိုပြီး ပြောတယ်ဗျ။

လာကပေါ် – တပ်မတော်ဘက်ကတော့ အကျပ်အတည်းပဲနော်။

အောင်ကျော် – ဒါက ခုမှမဟုတ်ပါဘူးဗျာ။ ပြည်တွင်းစစ် စဖြစ်ကတည်းက ကြုံခဲ့ရသေးတာပဲ။ ထိုင်းနယ်စပ် ဘက်မှာလည်း အလားတူပါပဲ။ အရင်ခေတ်ကဆို ထိုင်းအစိုးရဟာ နယ်စပ်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်ဖွဲ့တွေ လက်နက်တွေနဲ့ ရွှေ့ပြောင်းတာ ခွင့်ပြုတယ်။ သူတို့နယ်မြေထဲဝင်ထွက်တာ၊ စားနပ် ရိက္ခာဝယ်တာ ခွင့်ပြုတယ်။ လက်နက်မှောင်ခိုလည်း ရောင်းပေးတယ်။ အမယ် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံ ထဲသွားလည်ရင် ကေအန်ယူက နယ်စပ်ဖြတ်ကျော် လက်မှတ်လုပ်ပေးရင် အဲဒါကိုလည်း အသိအမှတ်ပြု သဗျား။

လာကပေါ် – သြော် အဲဒါဆိုတော့ တပ်မတော်ဘက်က တိုက်ရခိုက်ရခက်မှာပေါ့။

အောင်ကျော် – ဒါပေါ့။ ဒါကရွေးချယ်လို့ မရဘူးလေ။ အားလုံးဟာ နိုင်ငံရေး ပြဿနာချည်းပဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ဖြစ်နေတာလည်း နိုင်ငံရေးပြဿနာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖြစ်နေတာလည်း နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ပြဿနာ။ အဲကိုယ့်တိုင်းပြည်ကောင်းအောင် ဉာဏ် အမြော်အမြင်ရှိရှိနဲ့ ကြိုးစားရမယ်။ တိုင်းပြည်တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက် အောင်လုပ်နိုင်ရင် အဲဒီပေါ်လစီ အောင်မြင်တာပဲပေါ့ဗျာ။ တပ်မတော်နဲ့ အစိုးရ ပြဿနာပေါင်းစုံကို အဲဒီလိုဉာဏ်အမြော်အမြင် ရှိရှိနဲ့ ဖြေရှင်းနိုင်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့ဗျား။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
 
 

No comments:

Post a Comment