Sunday, May 3, 2015

စေတနာမှန်မှ ငြိမ်းချမ်းရေးရမည် – ထက်မြက်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ အခြေခံအကြောင်းရင်းကို ကြည့်လျှင် စစ်ပွဲရပ်ရုံဖြင့် ငြိမ်းချမ်းရေး မရနိုင်ဟု သိနိုင်ပေသည် … နိုင်ငံရေးကိုအခြေခံကာ ဆွေးနွေးမှသာလျှင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပေမည် … ထို့ပြင် စစ်ပွဲများကိုကြည့်လျှင်လည်း အပြတ် အသတ်ချေမှုန်းသုတ်သင်၍ အနိုင်ရသည်ထက် အပစ်အခတ် ရပ်စဲကာ နိုင်ငံရေးအရဆွေးနွေးမှ ငြိမ်းချမ်းရေးရနိုင်သည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အပြောလွယ်သလောက် အလွန်ခက်ခဲလှသော လုပ်ငန်းဖြစ်လေသည်။ စစ်ဖြစ် သည်နှင့် စစ်ပွဲကို အနိုင်တိုက်နိုင်သူက အောင်နိုင်သူဖြစ်ကာ အနိုင်တိုက်ရာတွင် အနိုင်ဘက်မှ စွန့်လွှတ်သွား သူများက သူရဲကောင်းများဖြစ်လာသည်။ စစ်ရှုံးသူများတွင် သူရဲကောင်းဟူ၍ မရှိခဲ့ပေ။ အမှန်မှာမူ မိမိယုံ ကြည်မှုအတွက် အသက်စွန့်သွားသူများကို သူရဲကောင်းဟု သတ်မှတ်သင့်ပါသည်။
ရှုံးသူများဘက်မှ သူတို့၏ အကျိုးစီးပွားအား ကာကွယ်သူများကို သူရဲကောင်းဟု သတ်မှတ်သည်မှာ အဆန်း မဟုတ်တော့ပေ။ သူပုန်များ ဘက်မှ သူတို့ အကျိုးအတွက် စွန့်စားသူများဟု သတ်မှတ်ကြသလို အစိုးရ ဘက်မှလည်း သူတို့ဘက်မှ သူများ ကို သူရဲကောင်း ဆုတံဆိပ်များ ပေးအပ်ကြလေသည်။ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားသည်မှာလည်း ဆိုးသော အလုပ်မဟုတ်ပေ။ ဖြစ်နေသော စစ်ပွဲကို ငြိမ်းချမ်းရေး တည်ဆောက်ဖို့ နှစ်ပေါင်း ၆၀ကျော်၊ ၇၀ နီးပါး ကြိုးပမ်းခဲ့သော်လည်း ယနေ့ထက်တိုင် ငြိမ်းချမ်းရေးမရရှိသည့် စစ်ပွဲမှာ အစ္စရေး- ပါလက်စတိုင်းစစ်ပွဲ ဖြစ်ပါ သည်။…

စစ်တိုက်နေရာမှ ကမ္ဘာက၀ိုင်း၍ စစ်ပွဲရပ်သွားအောင် ကြိုးစားသော်လည်း သူတို့ဒေသသည် ငြိမ်းချမ်း သာယာ သော ဒေသမဟုတ်ခဲ့ပေ။ ၁၉၄၇ ခုနှစ် ပါလက်စတိုင်းတို့နေသော ဒေသကို အင်္ဂလိပ်၊ ပြင်သစ်တို့၏ အကူအညီ ဖြင့် ဂျူးလူမျိုးတို့က နိုင်ငံထူထောင်ကာ လွတ်လပ်ရေး ကြေညာခဲ့သည်။ ထိုဒေသတွင် အခြေ တည် နေခဲ့သော ပါလက်စတိုင်း လူမျိုးများအား အီဂျစ်၊ ဂျော်ဒန်၊ ဂါဇာဒေသ၊ အနောက်ဘက်ကမ်း စသည်တို့ ကို နှင်ထုတ်ပစ်ခဲ့ သည်။ အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် နေစရာမရှိ၊ စားစရာမရှိ သည့်ဘ၀ကို ဂျူးလူမျိုးများနှင့် အနောက် နိုင်ငံများက ဖန်တီးပစ်ခဲ့၏။ ဂျူးတို့၏ ဇီယွန်ဝါဒသည် ပါလက်စတိုင်း ဆန့်ကျင်ရေး၊ အာရပ်ဆန့်ကျင်ရေး ၀ါဒ တစ်ခုလို အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အားပေးကူညီမှုကြောင့် ဗိုလ်တစ် ဗိုလ် ဖြစ်လာခဲ့သည်။ ငြိမ်းချမ်းရေး တည်ဆောက်မှု ခက်ခဲပုံကို အစ္စရေး-ပါ လက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ကိုကြည့်လျှင် သိနိုင်လေသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ အခြေခံအကြောင်းရင်းကို ကြည့်လျှင် စစ်ပွဲရပ်ရုံဖြင့် ငြိမ်းချမ်းရေး မရနိုင်ဟု သိနိုင်ပေသည်။ နိုင်ငံရေးကို အခြေခံကာ ဆွေးနွေးမှသာလျှင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပေမည်။ ထို့ပြင် စစ်ပွဲများကိုကြည့်လျှင်လည်း အပြတ်အသတ်ချေမှုန်း သုတ်သင်၍ အနိုင်ရသည်ထက် အပစ်အခတ်ရပ်စဲကာ နိုင်ငံ ရးအရဆွေးနွေးမှ ငြိမ်းချမ်းရေး ရနိုင်သည်ကိုလည်း တွေ့ရလေသည်။ တောင်-မြောက် ကိုရီးယားစစ်ပွဲဆို လျှင်လည်း တောင်ဘက်မှ အမေရိကန်နှင့် သူ၏ မဟာမိတ်များက ၀င်ရောက်တိုက်ခိုက်သလို မြောက်ဘက်မှ ဆိုဗီယက်နှင့် တရုတ်တို့က ပါဝင်တိုက်ခိုက်ခဲ့သည်။ တောင်-မြောက်ကိုရီးယား စစ်ပွဲဖြစ်ရုံမက ဆိုရှယ်လစ်ကမ္ဘာ နှင့် အရင်းရှင်ကမ္ဘာတို့ တိုက်ပွဲလို ဖြစ်ခဲ့လေသည်။ နောက်ဆုံး ဂျီနီဗာတွင် တွေ့ဆုံကာ အပစ်အခတ် ရပ်စဲခဲ့ သော်လည်း ငြိမ်းချမ်းရေးစာချုပ်က ယခုအထိ မချုပ်ဆိုနိုင်ခဲ့ပေ။ ငြိမ်းချမ်းရေးရရှိဖို့ ခက်ခဲသည်မှာ ကိုရီးယား စစ်ပွဲက သာဓက ပြနေပါတော့သည်။

နောက်ထပ်ငြိမ်းချမ်းရေး စာချုပ်ချုပ် ဆိုနိုင်သော စစ်ပွဲမှာ ဗီယက်နမ်စစ်ပွဲဖြစ်သည်။ ထိုစစ်ပွဲမှာ ဒုတိယကမ္ဘာ စစ်ပြီးသည့် နောက်လူအများဆုံးသေသော စစ်ပွဲဖြစ်၏။ ဗီယက်နမ်ပြည်သူ ၂သန်းကျော် သေဆုံးခဲ့သလို အမေရိကန် စစ်သား ၇၀,၀၀၀ ကျော်လည်း ကျဆုံးခဲ့သည်။ နျူကလီးယား လက်နက်မှလွဲ၍ ကျန်ခေတ် အမီဆုံး လက်နက်များကို သုံးခဲ့လေသည်။ မြောက်ဗီယက်နမ်မှ လေပွမ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်ဂျာတို့တွေ့ဆုံကာ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ကြ၏။ မြို့တော်ဆိုင်ဂုံကို ဗီယက်ကောင်းတို့က သိမ်း ပိုက်ကာ အမေရိကန်ရုပ်သေး အစိုးရကို ဖယ်ရှားနိုင်ခဲ့သည် ဆိုသော်လည်း တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ခဲ့လေသည်။ ဗီယက်နမ် နိုင်ငံ၏ ကံကြမ္မာကို ဗီယက်နမ်ပြည်သူများသာ ဖန်တီးနိုင်စွမ်း ရှိရ မည်ဟူသော နိုင်ငံရးသဘောတူညီချက်ဖြင့် စာချုပ်ချုပ်ဆိုခဲ့၏။ ဗီယက်နမ်နိုင်ငံအဖို့ အင်အားတောင့်တင်းေ သာ နိုင်ငံ ၂ နိုင်ငံ၏ ကျူးကျော်မှုကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ပြင်သစ်နယ်ချဲ့များကို ကမ္ဘာ့စစ်ပွဲသမိုင်း၌ အကြီး ကျယ်ဆုံး တိုက်ပွဲတစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် ဒိန်ဘင်ဖူးခံတပ် စစ်ပွဲကဲ့သို့ စစ်ပွဲကြီးကို ဗီယက်နမ် မျိုးချစ်များက အနိုင်တိုက်နိုင်ခဲ့ပြီး ပြင်သစ်တို့နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ နိုင်ငံရေး သဘောတူညီချက်ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံများ၌ မြန်မာနိုင်ငံလည်း ပါဝင်လေသည်။ အာရှတိုက်နိုင်ငံ များတွင် ယခုအထိ ပြည်တွင်းစစ်ဖြစ်ပွားနေသော နိုင်ငံများရှိပါသည်။ အိနိ္ဒယ၊ ဖိလစ်ပိုင်တို့တွင် လည်းရှိသည်။ ထိုင်းနိုင်ငံတွင် ထိုင်းတောင်ပိုင်း မွတ်ဆလင် ခွဲထွက်ရေးသမားများနှင့် ထိုင်းအစိုးရတို့၏ တိုက်ပွဲများလည်း ရှိလေသည်။ မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မှာမူ အရှည်ကြာဆုံး ဖြစ်ပါသည်။ လက်တင် အမေရိက နိုင်ငံများတွင် လည်း ယခုထက် တိုင်မပြေငြိမ်းနိုင်သော ပြည်တွင်းစစ်များ ဆင်နွှဲနေကြလေသည်။ ထို့ပြင် အာဖဂန် နစ္စတန်၊ အီရတ်တို့မှ စစ်ပွဲများမှာလည်း နည်းလမ်းပေါင်းစုံနှင့် တာရှည် နေကြလေသည်။ ၁၉၄၈ ခုနှစ် ကတည်းက နယ်ချဲ့သမား၏ အမွေဆိုးကို ဆက်ခံကျင့်သုံးသော ဗမာလူမျိုးကြီးဝါဒ၏ ဖိနှိပ်ချုပ်ချယ်ခြင်းကြောင့် တိုင်းရင်း သားလူမျိုးများ၏ ပုန်ကန်မှုများမှာ နိုင်ငံနှင့်အ၀န်းဖြစ် ပေါ်လာခဲ့သလို ကွန်မြူနစ်ဆန့်ကျင်ရေးအလံကို ကိုင်စွဲ ခဲ့သော ဖဆပလအစိုးရ၏ ဖိနှိပ်မှုကြောင့်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ၊ ပြည်သူ့ ရဲဘော်ပါတီ စသည်တို့သည် မြေပေါ်တွင် မရပ်တည်နိုင်တော့ဘဲ ဒီမိုကရေစီ အခွင့်အရေးအားလုံး ပိတ်ပင်ခံရ ကာ လက်နက်စွဲကိုင်၍ ဖဆပလ အစိုးရကို စတင်တော်လှန်ခဲ့ကြခြင်း ဖြစ်ပါသည်။

၁၉၅၈ ခုနှစ်၌ အစိုးရကလက်နက်နှင့် ဒီမိုကရေစီလဲရေး ကမ်းလှမ်းချက်ဖြင့် ပြည်သူ့ ရဲဘော်တို့ ကို မြေပေါ်လာ အောင် လက်နက်ချစေခဲ့သည်။ မြေပေါ်ရောက်လာသော ပြည်သူ့ရဲဘော်များမှာလည်း ဆက်လက် ဖိနှိပ်ခံရ၏။ သူတို့မှာ အတိုက်အခံများ ဖြစ်လာသည်။ အစိုးရ အဆက်ဆက်သည် သူတို့၏အာဏာနှင့်အကျိုးကို မထိခိုက် စေသော ဒီမိုကရေစီဆိုသော ကန့်သတ်မှုရှိသည့် လွတ်လပ်ခွင့်ကိုကား ပေးထား၏။ သို့သော် စားပွဲဝိုင်းတွင် ဆွေးနွေးခွင့်၊ တန်းတူညီတူ ညှိနှိုင်းခွင့်ကားမပေးခဲ့ပေ။ ဖဆပလအစိုးရလက်ထက်၊ ပထစအစိုးရ လက် ထက်၊ အိမ်စောင့်အစိုးရ လက်ထက်တို့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မရှိခဲ့သော်လည်း ၁၉၆၃ ခုနှစ်တွင် အာဏာ သိမ်းဗိုလ်နေ၀င်း အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ သို့သော် ထိုငြိမ်း ချမ်းရေး ဆွေးနွေးပွဲမှာလည်း ပျက်သွားခဲ့ရပါသည်။ ၁၉၅၈ ခုနှစ်ကတည်းက ဖဆပလ အစိုးရ နှင့် ဆွေးနွေးရန် ဗမာပြည်ကွန်မြူနစ် ပါတီမှ ဗိုလ်ရဲထွဋ်သည် ရန်ကုန်သို့ ရောက်ရှိခဲ့ပါသည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ၁၉၆၃ ခုနှစ်တွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ သမိုင်းတွင် အကြီးကျယ်ဆုံး တစ်ခုဟု ခေါ်ရမည့် ၆၃ခုနှစ် ငြိမ်းချမ်းရေးဆွေး နွေးပွဲကြီး ကို ဗကပ၊ အလံနီ၊ ကရင်တော်လှန်ရေး ကောင်စီစသည့် အင်အားတောင့်တင်းသော လက်နက်ကိုင် တော်လှန် ရေးအဖွဲ့များနှင့် ရန်ကုန်မြို့တွင် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လမှစ၍ ဆွေးနွေးပွဲများ စတင်ပြု လုပ်ခဲ့လေသည်။

ဗမာ ပြည်ကွန်မြူနစ်ပါတီ ဘက်မှ ဗိုလ်ဇေယျ၊ ရဲဘော်အောင်ကြီး၊ သခင်ပုနှင့် သခင်ဗသိန်းတင် တို့သည် တရုတ်ပြည်မှတစ်ဆင့် ရောက်ရှိလာသည်။ စက်တင်ဘာ ၂ ရက်တွင် ရဲဘော်ဌေး ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီ ကိုယ်စားလှယ်အဖွဲ့လည်း ပဲခူးရိုးမမှ ရောက်ရှိလာသည်။ မဒညတ အနေဖြင့် သခင်ဇင် အပါ အ၀င် ပေါ်လစ်ဗြူရိုအဖွဲ့လည်း ရောက် ရှိကာ ဆွေးနွေးကြသည်။ အလံနီကွန်မြူနစ်ပါတီမှ သခင်စိုး၊ ဒေါ်ငွေစံ၊ ရဲနီကျော်ဝင်းတို့လည်း လာရောက်ခဲ့သည်။ တော်လှန်ရေးကောင်စီဘက်မှ ပထမဗိုလ်မှူးကြီးေ စာမြင့် ခေါင်း ဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးပြီးနောက် ဗိုလ်မှူးကြီးလှဟန်ကို တာဝန်ပြောင်း ကာ ဆွေး နွေးစေလေသည်။ ပြည်သူလူ ထုကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကို တောင်းဆိုကာ ၆ ခရိုင်ဆန္ဒပြပွဲကြီးကို ပြုလုပ်ခဲ့သည်။ စစ်ကြောင်း ၂ ကြောင်းဖြင့် ခြေလျင် ချီတက်ကာ ရန်ကုန်မြို့တွင် စုဝေးခဲ့သည်။ ပထမ စစ်ကြောင်းမှာ ရန်ကုန်- မင်းလှစစ်ကြောင်း ဖြစ်ကာ မိုင် ၁၀၀ ကွာ၏။ ဒုတိယ စစ်ကြောင်းမှာ ပဲခူးမှနေ ရန်ကုန်ဖြစ်သည်။ ပြည်သူလူထု ၁သိန်းကျော် ထို ၆ခရိုင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့လေသည်။

သို့သော် ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးတွေ့ဆုံပွဲကား မအောင်မြင်ခဲ့ပေ။ ဇူလိုင်လကစပြီး ဆွေးနွေးခဲ့သော ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှာ နိုဝင်ဘာလ တွင် ပျက်ပြားသွားလေတော့သည်။ ထိုအချိန်က အစိုးရအာဘော်ရှေ့သို့ ဂျာနယ် မျက်နှာဖုံး တွင် “သူတို့ပြည်သူကို ကျောခိုင်းသွားလေပြီ” ဟုဖော်ပြထားပြီး ရဲဘော်ဌေးဦးဆောင်သော ဗမာပြည် ကွန်မြူနစ်ပါတီ အဖွဲ့ဝင်များ ချောင်းကိုဖြတ်ပြီး တောထဲဝင်သွားပုံကို နောက်မှနေ ရိုက်ထားသောပုံမှာ စစ် အစိုးရ ၀ါဒဖြန့်ချိရေးတွင် အောင်မြင်သော ပုံတစ်ပုံဖြစ်ခဲ့သည်။ ဗိုလ်သန်းရွှေခေတ်အထိ စစ်အစိုးရအဆက် ဆက်တွင် ထိုဓာတ်ပုံကိုပြ၍ လုပ်ကိုင်စားသောက်ခဲ့ကြပါသည်။ စင်စစ် အားဖြင့် တော်လှန်ရေးအင်အားစု လက် နက်ကိုင်အဖွဲ့များက ကျောခိုင်းသွားခြင်းမ ဟုတ်ဘဲဗိုလ်နေ၀င်းစစ်အစိုးရကသာ ပြည်သူ၏ဆန္ဒကို မျက်ကွယ်ပြု ၍ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက် အောင် ၁၉၆၃ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တော်လှန်ရေးကောင်စီက အောက်ပါအချက်များကို တောင်း ဆိုခဲ့ခြင်းကြောင့် ဖြစ်လေသည်။ ထိုအချက်များမှာ- (၁) လက်နက်ကိုင်တပ်ဖွဲ့များအားလုံး အစိုးရက သတ်မှတ် ပေးထားသော သတ်မှတ်နယ်မြေမှာသာ လှုပ်ရှားရမည်။

(၂) အစိုးရစစ်တပ်၏ ခွင့်ပြုချက်မရဘဲ သတ်မှတ်ထားသော နယ်မြေမှ အပြင်သို့ ထွက်ခွင့်မရှိ။

(၃) လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားလုပ်ကိုင်နေသော နိုင်ငံရေးလုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်း အပါအ၀င် လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပစ်ရမည်။

(၄) လက်နက်ကိုင်တပ်ဖွဲ့များ၏ ဘဏ္ဍာငွေရှာဖွေရေးနှင့် စီးပွားရေးလုပ်ငန်း အားလုံးကို ရပ်တန့်ပစ်ရမည်

ဆိုသော အချက်များအားလုံးကို ဗိုလ်နေ၀င်းစစ်ကောင်စီ က တောင်းဆိုခဲ့သဖြင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးပွဲမှာ တန်းတူညီတူ တွေ့ဆုံဆွေးနွေးပွဲ မဟုတ်တော့ဘဲ အဖွဲ့အားလုံးကို လက်နက်ချ ခိုင်းခြင်း ဖြစ်သဖြင့် ၁၉၆၃ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားရခြင်းဖြစ်ပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment