လာမည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ ရွေးချယ်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က တောင်ကိုရီးယား သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောကြားမှုအပေါ် လွှတ်တော် ကိုယ်စား လှယ်များနှင့် နိုင်ငံရေးပါတီများက ကြိုဆိုလိုက်သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်ကိုရီး ယား နိုင်ငံ၊ ဆိုးလ်မြို့သို့လွှတ်တော် ဥက္ကဋ္ဌ Chung Eui-hwa နှင့် တွေ့ဆုံရန် အတွက် ရောက် ရှိစဉ် တောင်ကိုရီးယား သတင်းဌာန Yonhap နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ ရွေးချယ် ရာတွင် ပါဝင်သင့်ကြောင်းနှင့် ယခုကဲ့သို့ ပြောကြားရခြင်းမှာ ပုဂ္ဂိုလ်ရေးကြောင့် မဟုတ်ဘဲ နိုင်ငံတော်၏ အကျိုး စီးပွားအတွက်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
““ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနိုင်ငံရေး စဦးတည်းက ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်။ နှစ်ပေါင်းများစွာ အနစ်နာခံပြီး ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်တယ်။ လူထုခေါင်းဆောင်အဖြစ် နိုင်ငံက အသိအမှတ် ပြုထား သလို နိုင်ငံတကာကလည်း အသိအမှတ်ပြုကြတယ်။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ နိုင်ငံက အရေးကြီးတဲ့ နိုင်ငံရေးအဖြစ် လက်ရှိ အုပ်ချုပ်နေတဲ့အဖွဲ့မှာ တာဝန်ယူတဲ့သူတွေ အနေနဲ့ အသိအမှတ်ပြုဖို့ လိုသလို၊ အခုလာမယ့် ၂၀၁၆ အစိုးရတစ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ ဦးဆောင်အစိုးရဖြစ်ဖို့ အတွက် လိုအပ်တယ်လို့ မြင်ပါတယ်။ ဦးခင်အောင်မြင့် အခုလို ပြောကြားတာဟာ ဒီလိုမျိုး ဖြစ်သင့်တဲ့ နိုင်ငံရေးကို စစ်အစိုးရကနေ အစိုးရသစ်လက်ထက်မှာ ပြောင်းလဲလာတဲ့ ကောင်းတဲ့ လက္ခဏာလို့ မြင်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် လို့ မြင်ပါတယ်”” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF မှ အလုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။
ထို့ပြင် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးအေးသာအောင်ကလည်း ““သမ္မတဆိုတာက တိုက်ရိုက် ၀င်ရွေးချယ်ခံလို့ရတာ မဟုတ်ဘူး။ ၅၉ (စ)ကလည်း မပြင်ရသေးဘူး။ ဒါကို သိသိချည်းနဲ့ ဘာလို့ပြောတာလဲ ဆိုတာတော့ စဉ်းစားမရဘူး။ နိုင်ငံ့အကြီးအကဲ တစ်ယောက်က ဒါကိုမသိလို့ ပြောတာ မဖြစ်နိုင်ဘူးလေ။ အခုက အပြောသက် သက်ကြီး ဖြစ်နေတာပေါ့။ သူက စေတနာနဲ့ ပြောတာကို လက်ခံပါတယ်”” ဟု ဆိုသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်ကိုရီးယား သတင်းဌာန Yonhap နှင့် တွေ့ ဆုံ မေးမြန်း ခန်း ပြုလုပ်ရာတွင် ““ကျွန်တော်တို့တွေဟာ ပြဿနာတစ်ခုကို ကြည့်မယ်ဆိုရင် တစ်ဦးတစ်ယောက် အမြင်ကနေ ချဉ်းကပ်တာထက် တစ်နိုင်ငံလုံးရဲ့ အမျိုးသား အကျိုးစီးပွားကနေ ချဉ်းကပ်ရမှာ ဖြစ်ပါတယ်””ဟု ဖြေကြားခဲ့ သည့်အပြင် ““ကျွန်တော့်ရဲ့အမြင်အရ အားလုံးအနေနဲ့ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ မှာ ပါဝင် သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ပညာလည်းရှိ တယ်။ နောက်ပြီးပြည်တွင်းမှာ နိုင်ငံရေး Image ကလည်း ရှိတယ်။ ကျွန်တော်ကတော့ သူမကို တိုင်းပြည်ရဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်စေလိုတယ်”” ဟုပြော ကြားထားသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတအဖြစ် ၀င်ရောက် ရွေးချယ်ခဲ့မည်ဆိုပါက အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ဖြင့် ငြိစွန်းနေကြောင်း အစိုးရအသိုင်း အ၀ိုင်းဘက်မှ ပြောဆိုမှုများလည်း ရှိသည်။
အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)တွင် ““မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”” ဟု ပြဋ္ဌာန်းထားသည်။
““နိုင်ငံတော် အကျိုးအတွက်ဆိုရင် အန်ကယ့်အနေနဲ့ ဘယ်သူ့ကိုမှ ကန့်ကွက်စရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ၅၉ (စ) ပြင်ဖို့ဆိုတာက ဒီပုဒ်မက အဲဒီအခြေအနေအရ၊ အချိန်အခါအရ ဖြစ်သင့်တယ်ထင်လို့ ထည့်ထားတာပါ။ တိုင်းပြည် အခြေအနေအရ ပြဋ္ဌာန်းထားတာမို့လို့ ဒီအပေါ်မှာ မဝေဖန်လိုပါဘူး””ဟုတိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဧရာဝတီတိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစောအယ်ဂေးကဆိုသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ပြောဆိုမှုအတိုင်း ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် သမ္မတအဖြစ် ရွေးချယ်ခံအတွက် အခြေခံဥပဒေ ပြင်ဆင်ပေးရန် လိုအပ် နေကြောင်းကို ““ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ဘဲ ဘယ်လို ရွေးချယ်ခံရမှာလဲ။ ပြင်မှရမှာလေ။ မပြင်ရင် ဘယ်လိုမှ ရွေးချယ်ခံ ပြိုင်လို့ရမှာမဟုတ်ဘူး။ ဒါကို ၀င်ရောက် ရွေးချယ်ခွင့်ရရင် ကျွန်တော်တို့ တိုင်းရင်းသား အားလုံးက ကြိုဆိုပါတယ်။ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြိုင်ဆိုင်မှုတွေ လိုအပ်တယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၅၉ (စ)ကို မပြင်ဘဲ ရွေးချယ်ခံသင့်တယ်လို့ ပြောတာက လမ်းကြောင်း က ပိတ်နေနေ တယ်။ ရှောင်ပြီး ရွေးချယ်ခံလို့မှ မရတာ”” ဟု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီမှ ပင်လောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းက သုံးသပ်ပြောဆိုသည်။ လာမည့် ၂၀၁၅ ရွေးကောက် ပွဲအပြီး မည်သူသမ္မတ ဖြစ်သည်၊ မဖြစ်သည်မှာ အရေးမကြီးဘဲ အားလုံးအနေဖြင့် ပိုမိုကောင်းမွန်သော နိုင်ငံ ဖြစ်စေရန် အတွက် ရှေ့ဆက် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်းလည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က တောင်ကိုရီးယား သတင်းဌာနနှင့် မေးမြန်းခန်းတွင် ထည့်သွင်းပြောဆို ထားသေးပြီး လာမည့် ရွေးကောက်ပွဲ မှာလည်း ဒီမိုကရေစီပြုပြင် ပြောင်း လဲရေးဖြစ်စဉ်တွင် ဒုတိယအကြိမ် ရွေးကောက်ပွဲ ဖြစ်ပြီး တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် ကာလများတွင်လည်း တည်ငြိမ်ရန် လိုအပ်ကြောင်း”” လည်း ထုတ်ဖော်ပြောဆိုထားသည်။
ဝတ်ရည်နွေးနွေး
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment