ရန်ကုန်၊ ဧပြီ ၃၀
လက်ပံတန်းမြို့တွင် ဖြိုခွင်းခံရသည့် ကျောင်းသားသပိတ်မှ ဖမ်းဆီးခံထားရသော ကျောင်းသားများထံမှ ပစ္စည်းများကို သိမ်းယူခဲ့ပြီး ယင်းပစ္စည်းများကို သက်သေအဖြစ် လက်ပံတန်း တရားရုံးသို့ တင်ပြရာတွင် မူလ သိမ်းယူထားသော အရေအတွက်နှင့် ကွာဟလျက်ရှိသည့်အတွက် အဆိုပါ ပစ္စည်းပျောက်ဆုံးမှု ကို ကျောင်းသား များဘက်မှ ပြန်လည် တရားစွဲဆိုနိုင်ရန် စီစဉ်သွားမည်ဟု ဖမ်းဆီးခံကျောင်းသား ကိုနန္ဒာစစ်အောင်၏ ဖခင် ကျောင်းသားများ အရေး ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးဌေးက ဧပြီလ ၃၀ တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။
လက်ပံတန်းမြို့တွင် မတ်လ ၁၀ ရက်နေ့က ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှုအပြီး ဖမ်းဆီးထား သည့် ကျောင်းသားများ၏ အတူပါ ပစ္စည်းများကို အကြမ်းဖက်ဖြိုခွင်းသည့် ရဲတပ်ဖွဲ့ဝင်များက
သိမ်းယူထားခဲ့ပြီး ထိုသို့ သိမ်းယူထားသော ပစ္စည်းများကို လက်ပံတန်းမြို့နယ် တရားရုံးတွင် တရားလိုပြ သက်သေအဖြစ် စာရင်း တင်သွင်းခဲ့ရာ မူလသိမ်းယူထားသည့် ပစ္စည်းအရေအတွက်နှင့် ကွာဟလျက် ရှိသည့်အတွက် ယခုကဲ့သို့ လက်ပံတန်း ရဲစခန်းမှ တာဝန်ရှိသူများကို ပြန်လည် တရားစွဲဆိုရန် စီစဉ်ခြင်းဖြစ်သည်။
““ကျောင်းသားတွေ တင်ပြထားတာ ရှိပါတယ်။ ပျောက်ဆုံးနေတဲ့ ပစ္စည်းစာရင်းကိုတော့ အတိအကျ ပြုစု ရဦးမှာပါ။ လက်ရှိစာရင်းကိုလည်း စနစ်တကျ ပြန်လုပ်နေပါတယ်။ ကျောင်းသားတွေမှာ ပါတဲ့ပစ္စည်း ပျောက်ဆုံး တာတွေ ရှိပါတယ်။ အကျဉ်းဦးစီးဌာနက သိမ်းတာတွေလည်း ရှိပါတယ်။ အဲဒါတွေကို ဥပဒေအရ ဆောင်ရွက် ပေး ဖို့ ကျောင်းသားတွေက လက်ပံတန်းရုံးချိန်း ကတည်းက မှာထားပါတယ်။ ရှေ့နေကွန်ရက် အဖွဲ့နဲ့လည်း တရားစွဲနိုင်ဖို့ ဆွေးနွေးနေပါတယ်””ဟု ကိုနန္ဒာစစ်အောင်၏ဖခင် တရားလွှတ်တော်ရှေ့နေ ဦးဌေးက ဧပြီ ၃၀ တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဖမ်းဆီးခံထားရသော ကျောင်းသားများထံမှ သိမ်းယူထားသော ပစ္စည်းများကို လက်ပံတန်း တရားရုံးတွင် တင်ပြရာ လက်ကိုင်ဖုန်းနှင့် ဆင်းကတ်များသာ အများဆုံး တင်ပြခဲ့ပြီး စာရွက်စာတမ်း အချို့နှင့်အတူ ပူးတွဲ တင်ပြခဲ့သည်။
ယနေ့ရုံးထုတ်ချိန်တွင် အကြမ်းဖက် ဖြိုခွဲဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ပြုခဲ့သော်လည်း လွတ်လပ်စွာ တွေ့ဆုံရခြင်း မဟုတ်ဘဲ ခြံစည်းရိုးခြား၍သာ တွေ့ဆုံခွင့်ပြုခဲ့သည်။ ထို့ပြင် ကျောင်းသားများ အားရုံးထုတ်ရန် ထောင်မှ ထုတ်လာစဉ်ကလည်း ကျောင်းသားများအား ခန္ဓာကိုယ်အနှံ့ ရှာဖွေစစ်ဆေးမှု များ ပြုလုပ်ခဲ့သဖြင့် မိသားစုဝင်များက ဝေဖန်လျက်ရှိသည်။
““ကျောင်းသားတွေ ထောင်ကထွက်တော့ သူတို့က ရှာတဲ့အခါ ကျောင်းသားတွေရဲ့ ဘောင်းဘီတွေ၊ အတွင်းခံတွေကို နှိုက်ပြီးရှာတယ်။ ရှာဖွေတဲ့အခါ လူ့အခွင့်အရေး ချိုးဖောက်ပြီးရှာတယ်။ အဲဒါက လူ့ဂုဏ် သိက္ခာကို ညှိုးနွမ်းအောင် လုပ်တာနဲ့တူတယ်။ စည်းကမ်းအရ ရှာတာတော့ရှာပေါ့။ လူ့သိက္ခာကို ထိခိုက် အောင်တော့ မလုပ်သင့်ဘူး””ဟု ကိုသီဟ၀င်းတင်၏မိခင် ဒေါ်နီနီထွေးက ဧပြီ ၃၀ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
လက်ပံတန်း ကျောင်းသားသပိတ်မှ ဖမ်းဆီးခံထားရ သည့် ကျောင်းသား၊ ကျောင်းသူ များနှင့် ၀န်းရံသူများ၏ ဧပြီ ၃၀ ရက်တွင် သာယာဝတီမြို့နယ် တရားရုံးတွင် ၄ ကြိမ်မြောက် ရုံးထုတ်ချိန်၌ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုမင်းသွေးသစ်က ““ပညာရေးဥပဒေကို ပြဋ္ဌာန်းတဲ့ဥစ္စာ မှာ ကျောင်းသားတွေကို လိမ်သွား တယ်လို့ မြင်တယ်။ ဒါကြောင့် နိုင်ငံတော်အဆင့် လိမ်လည်မှုလို့ ဒါကြောင့် သုံးနှုန်းတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျောင်းသားတွေကို၊ ကျောင်းသားတွေ တောင်း ဆိုတဲ့ အချက်တွေကို အခြေခံပြီးတော့ လွှတ်တော် မှာ ဆွေးနွေး မယ်၊ အကောင်အထည် ဖော်ပေးမယ်လို့ ပြောပြီးတော့ ကျွန်တော် တို့ တောင်းဆိုတဲ့ အချက်တွေ မဟုတ်ဘဲနဲ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီက အမြီးနုတ်၊ ခေါင်းနုတ် လုပ်လိုက်၊ သူတို့ လိုချင်တာတွေ ထည့်လိုက်။
နောက်ပြီးတော့ အမျိုးသား လွှတ်တော်က ပြည်သူ့ လွှတ်တော်ရောက်လိုက်၊ ပြည်သူ့လွှတ်တော်က အမျိုးသား လွှတ်တော် ရောက်လိုက်နဲ့ဆိုတော့ အခု သူတို့နောက်ဆုံး ချမှတ်လိုက်တဲ့ ပညာရေးဥပဒေက ကျွန်တော်တို့ လိုလားတဲ့၊ တောင်းဆိုချက်မှာ အဓိက အရေးကြီးတဲ့ အချက်တွေ အကုန်ပြုတ်နေတယ်။ ဒါဟာ ဘာကိုပြသလဲ ဆိုရင် ပြည်သူကိုလိမ်တယ်၊ ကျောင်းသားကို လိမ်တယ်။ အဲဒါမျိုးကို ကျွန်တော်တို့ လက်မခံဘူး။ ကျောင်းသားေ တွ၊ ပြည်သူတွေကို လွှတ်တော်ကအစ လိမ်တာမျိုးက ဒီနိုင်ငံမျိုးက ဘယ်လိုနိုင်ငံမျိုးလဲဆိုတော့ ဒီမိုကရေစီလို့ ပြောနေပြီးတော့ နောက်ကွယ်မှာ စစ်တပ် အုပ်ချုပ်ရေးပုံစံအတိုင်း သွားနေတယ်၊ ကြိုးနီစနစ် ရှိနေသေးဆဲ၊ ရှင်သန်နေဆဲပဲဆိုတာ ပြောချင်တယ်””ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက်ဖြိုခွင်းမှု၌ ဖမ်းဆီး ထိန်းသိမ်းခံရသော ကျောင်းသားများကို မတ်လ ၁၁ ရက်တွင် လက်ပံတန်း တရားရုံး၌ စတင်စစ်ဆေးခဲ့ပြီး ၃ ကြိမ်မြောက် ရုံးချိန်းကို သာယာဝတီ မြို့နယ် တရားရုံးသို့ ပြောင်းလဲ စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ပြီး သာယာဝတီမြို့နယ် တရားရုံး၌ ပထမအကြိမ် စစ်ဆေးခဲ့သည်။ ဒုတိယအကြိမ်မြောက် ရုံးချိန်းကို မေ ၁၂ ရက်သို့ ချိန်းဆိုထားသည်။
သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment