Sunday, May 3, 2015

အသက်ငင်နေသော စာကြည့်တိုက်များနှင့် တိုင်းပြည်၏ အနာဂတ်

မိမိတို့နိုင်ငံတွင် စာကြည့်တိုက်များ ခေတ်နှင့်အမီ မပြောနှင့်၊ မြို့တိုင်းပင်လျှင် တစုံတရာ စနစ်ကျသော စာကြည့်တိုက်များ ရှိတတ်သည် မဟုတ်ပါ။ ရှိလျှင်လည်း ကြာရှည်မခံပါ။ ယေဘုယျအားဖြင့် ပြောရလျှင် ရှိသည့် စာကြည့်တိုက်များပင်လျှင် ပျက်စီးလုဆဲဆဲ အသက်ငင်နေကြသည်ဟူ၍ပင် ဖြစ်သည်။

မိမိတို့သည် စာအုပ်များထဲမှတဆင့် ကမ္ဘာအရပ်ရပ်ကို ခြေဆန့်လို့ ရပါသည်။ စာအုပ်များထဲမှ တဆင့် အသိဉာဏ်တံခါးများကို တစ်ချပ်ပြီးတစ်ချပ် လှပ်သွားလို့ ရပါသည်။ မည်သည့် ဘာသာရပ်ကိုမဆို စာအုပ်များထဲမှတဆင့် လေ့လာသင်ယူလို့ ရပါသည်။ သည်မျှလောက် အရေးပါ အရာရောက်လှသည့် စာအုပ်များကို စာကြည့်တိုက်များတွင်သာ တစုတစည်းတည်း တွေ့နိုင်မည်ဖြစ်သည်။ စာအုပ်များသည်
မိမိတို့ဘဝအတွင်း လိုအပ်လှ၊ အရေးပါလှသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဆိုလျှင် ယင်းစာအုပ်များကို တစုတဝေးတည်းတွေ့နိုင်သည့် စာကြည့်တိုက်များမှာ လူ့အဖွဲ့အစည်းအတွက် မည်မျှ အရေးပါလှသည်ကို အထူးပြောဖို့ပင် လိုမည်မထင်ပါ။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် စာကြည့်တိုက်များ စနစ်ကျလှသည်။ ဥရောပနိုင်ငံတစ်ခုမှ စာကြည့်တိုက်တစ်ခုဆိုလျှင် မည်သူမဆို စာကြည့်တိုက်အတွင်း အခမဲ့ ထိုင်ပြီး တစ်နိုင်ငံလုံးမှာ ရှိသည့် စာကြည့်တိုက် ဟူဟူသမျှ၏ စာအုပ်များကို ကွန်ပျူတာ အင်တာနက် ကွန်ရက်မှတစ်ဆင့် ဆွဲထုတ်ဖတ်နိုင်အောင် စီစဉ်ထားသည်။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် စုဆောင်းထားရှိပြီး စာအုပ်အများစုမှာ အီးဘွတ်ခေါ် အွန်လိုင်းပေါ်မှာပင် တစ်မျက်နှာချင်းစီ လှန်ပြီး ဆုံးအောင် ဖတ်လို့ရသည်။ စာအုပ်ကိုပင် ကိုင်ဖတ်ရန်၊ အိမ်သို့ ငှားသွားရန် မလိုအပ်တော့လောက်အောင်အထိ စီစဉ်ထားရှိပြီး ဖြစ်သည်။

သည်သို့သော အခြေအနေတွင် မနေ့တနေ့က တွေ့လိုက်ရသည့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြိုကျပျက်စီးနေသော တဲကုတ်လေးတစ်ခု ရှေ့မှ စာကြည့်တိုက်ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည့်အခါ မိမိတို့အဖို့ ယင်းဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဉ်ကာ ကြေကွဲကြရသည်။ မိမိတို့ လူ့အဖွဲ့အစည်း မိမိတို့လူမျိုး နောင်ရေးအတွက် ပူပန်ရသည်။ မိမိတို့သည် ကမ္ဘာသစ်ကြီးထဲ မည်သို့သော ဗဟုသုတအခံဖြင့် ဝင်ရောက်ကြမည်နည်း။ မိမိတို့သည် မျက်စိတစ်မှိတ်အတွင်း တိုးတက်ချင်တိုင်း တိုးတက်နေသော ကမ္ဘာကြီးအတွင်း မည်သည့် ပညာသုတယာဉ်ကို စီးပြီး မှီအောင် လိုက်ကြမည်နည်း။ ရင်လေးဖို့ ကောင်းပါသည်။

စာကြည့်တိုက်များ ရှိပြန်တော့ စာအုပ်မရှိ။ စာအုပ်ရှိပြန်တော့ နှစ်ပေါင်းခြောက်ဆယ်ကျော် ကာလအတွင်း အစိုးရ အဆက်ဆက်၏ ဆောင်ရွက်အောင်မြင်မှု များကိုသာ မီးမောင်းထိုး အမွှန်းတင်သည့် စာအုပ်များက အများစုဖြစ်ခြင်း၊ ပြည်သူတို့၏ ဘဝကို ထင်ဟပ်သော၊ ကမ္ဘာ့ဗဟုသုတများကို ဖေါ်ပြသော စာအုပ်များကို ထားခွင့် မရှိခြင်း အစရှိသော အဟန့်အတား အခက်အခဲများကြောင့် တစ်ခါတစ်ခါ ခေါင်းပြူလာသည့် စာကြည့်တိုက်များသည်လည်း ရောက်သည့်နေရာတွင် ရပ်တန့်သွားရသည်။ နောက်ဆုတ်သွားကြရသည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကမူ မိမိတို့နိုင်ငံတွင် ကျေးလက်ရွေ့လျား စာကြည့်တိုက်များကို အစိုးရကိုယ်တိုင်က ဦးဆောင်ကာ ဖွင့်လှစ်ထူထောင်သည့် သတင်းများကို သတင်းမီဒီယာနယ်ပယ်တွင် ကြားခဲ့ရဖူးသည်။ ယင်း ရွှေ့ပြောင်းစာကြည့်တိုက်များ ထူထောင်စဉ်ကလည်း အထက်ပါအတိုင်း အစိုးရကောင်းကြောင်းစာအုပ်များသာ ပါပြီး ပြည်သူတို့သိသင့်သိထိုက်သည့်စာအုပ်များ မပါခြင်းကြောင့် ယင်းစာကြည့်တိုက်များမှာ တစ်ဘက်စောင်းနင်းဝါဒဖြန့်ချိသည့် စာကြည့်တိုက်များသာ ဖြစ်သဖြင့် စေတနာမပါ၊ လူမှုရေးအခံစိတ် ကင်းမဲ့မှုကြောင့် ယခုတော့ အားလုံး ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်သည်။

စာကြည့်တိုက်များ မရှိသည့် တိုင်းပြည်သည် ပြတင်းပေါက်များ ပိတ်ထားခြင်းခံရသည့် တိုင်းပြည်ပင် ဖြစ်သည်။ တံခါးများ ပိတ်ထားသည့် အခန်းအတွင်း နေထိုင်ကြရသည့် တိုင်းပြည် တစ်ပြည်သည် သမိုင်းအခက်အခဲများကို မှန်ကန်စွာ ဦးဆောင်ကျော်လွှားနိုင်မည့် ခေါင်းဆောင် များကို မွေးမထုတ်နိုင်ပါ။ စာကြည့်တိုက်များ မရှိသော၊ ရှိသည့် စာကြည့်တိုက်များ မူမမှန်သော၊ ပြိုကျပျက်စီးနေသည့် စာကြည့်တိုက်များ ပိုင်ဆိုင်ထားသော တိုင်းပြည်တစ်ပြည်သည် အနာဂတ်မရှိသော တိုင်းပြည်တစ်ပြည်သာ ဖြစ်သည်ဟု တင်စားပြောရတော့မည်သာ ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။


Credit - Mizzima News

No comments:

Post a Comment