အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီဝင်တွေကို မဲဆွယ်စည်းရုံးရေးဆိုင်ရာ သင်တန်းပို့ချခဲ့တဲ့
အမေရိကန်နိုင်ငံ အခြေစိုက် International Republican Institute (IRI) ကို
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတိပေးအကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
သင်တန်းပို့ချမှုတွေကို ရွှေးကောက်ပွဲကော်မရှင်ထံတင်ပြဖို့ သတ်မှတ်ထားပေမယ့် IRI ရဲ့သင်တန်းပို့ချမှုကို အကြောင်းကြားတာမရှိတဲ့အပြင်
NLD ဒီပါတီတစ်ခုတည်းကိုသာ သင်တန်းပေးခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့
ငြိစွန်းနေတယ်ဆိုတာကို အကြောင်းကြားစာ ပေးပို့တာဖြစ်တယ်လို့ ပြည်ထောင်စု
ရွှေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးလှမောင်ချိုက ပြောပါတယ်။
"ကျနော်တို့ဆီမှာ ညွှန်ကြားထားတာတွေရှိတာပေါ့နော်၊
သက်ဆိုင်ရာပါတီရုံးခန်းမှာ ပါတီပွဲ သင်တန်းပို့ချလို့ရှိရင်
ကျနော်တို့ဆီကို ကြိုတင်အသိပေးရမှာ ပါတယ်ခင်ဗျ၊ ပါတီပွဲဆွေးနွေးပွဲလုပ်လို့ရှိရင် သူတို့က နိုင်ငံရေးသင်တန်းပေးတာပေါ့နော်၊
မဲဆွယ်စည်းရုံးခြင်းလား မသိဘူး သူကပေးလိုက်တယ်၊ ကျနော်တို့နဲ့ သူတို့နဲ့
ဘာမှလက်မှတ်ရေးထိုးထားတာ မရှိသေးဘူး၊ သူတို့က တစ်ပါတီပဲလုပ်တာ
ကျနော်တို့ဆိုလိုတာက လုပ်ချင်ရင်အများကြီးပေါ့၊ အခြေခံဥပဒေအရရော နောက်တခါ
နိုင်ငံရေးပါတီ ဥပဒေအမှုတွေအရရော ကျနော်တို့က နိုင်ငံခြားအထောင်အပံ့
ကျနော်တို့ဆီက ယူလို့မရဘူး၊ ယူလိုက်လို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ်
ငွေကြေးသော်လည်းကောင်း၊ ပစ္စည်းသော်လည်းကောင်း အထောက်အပံ့
တစ်ခုခုယူတယ်ဆိုလို့ရှိရင် ကျနော်တို့ ပါတီဖျက်သိမ်းနေပြီးတော့မှ
အရေးယူလို့ရတယ်၊ အဲ့ဒါကိုမှ သူတို့က နားမလည်ပဲ သူတို့ကလုပ်တယ်၊
လုပ်တယ်ဆိုလိုတာက ကျနော်ဆိုလိုတာက ဥပမာ ကျန်တဲ့ပါတီပါလားဆိုတော့
ကျန်တဲ့ပါတီလည်းမပါဘူး"
IRI အနေနဲ့ သင်တန်းပို့ချမယ်ဆိုရင်
ပြည်ထောင၊်စု ရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်ပြီး
နိုင်ငံရေးပါတီအားလုံးကို သင်တန်းပေးနိုင်တယ်လို့ ဦးလှမောင်ချိုက
ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် NLD ရုံးခန်းမှာ International
Republican Institute (IRI) က မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ သင်တန်းပေးခဲ့တာ ဖြစ်တယ်လို့ ဖျာပုံမြို့နယ် NLD ပါတီ ဒုတိယ ဥက္ကဌ ဦးသစ်တင်က ပြောပါတယ်။
IRI အဖွဲ့ဟာ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက်
နိုင်ငံရေးသင်တန်းတွေ ပို့ချကူညီနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး
မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်ချက်တွေ ရန်ဖံရန်ခါ ထုတ်ဝေလေ့ရှိပါတယ်။
Credit - RFA Burmese
No comments:
Post a Comment