နေပြည်တော်၊ နိုဝင်ဘာ ၁၇
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD
ပါတီက အခြေခံဥပဒေ ပြင်ဆင်ရာတွင် ထည့်သွင်းပြင်ဆင်ပေးရန် အစဉ်တစိုက်
တောင်းဆိုနေသော အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် ၄၃၆ ကို ပြင်ဆင်ခြင်း မပြုဘဲ
မူလအတိုင်း ထားရှိရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက နိုဝင်ဘာ ၁၇
ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း
လွှတ်တော် ကိုယ်စားလှယ်များက ပြောကြား သည်။
အခြေခံဥပဒေပြင်ဆင်ရေး
အစီရင်ခံစာအပေါ် ကိုယ်စားလှယ် ၃၃ ဦး ဆွေးနွေးရာတွင် တပ်မတော်သား
ကိုယ်စားလှယ် ၁၂ ဦးက အထက်ပါ ပုဒ်မအပြင် တပ်မတော် အခန်းကဏ္ဍနှင့်
အုပ်ချုပ်ရေးဆိုင်ရာ
ပုဒ်မအများစုကို မူလအတိုင်းထားရှိပြီး ပြင်ဆင်ရန်
မသင့်ကြောင်း ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြင်ဆင်ရန်၊ ကြံ့ခိုင်ရေးပါတီမှ
အချိန်အခါအလိုက် ပြင်ဆင်နှင့် အင်အားနည်း ပါတီဝင် ကိုယ်စားလှယ်များက
ပြင်ဆင်ခြင်း၊ အစားထိုးခြင်းနှင့် ပယ်ဖျက်ခြင်းများ ပြုလုပ်ရန်
ဆွေးနွေးနေသော်လည်း တပ်မတော်သား ကိုယ်စားလှယ်များက ယင်းပုဒ်မများကို
ပြင်ဆင်ခြင်းမပြုရန် ဆွေးနွေးခဲ့ကြသည်။
ခေတ်နှင့်အညီ တိုးတက်လာသော
အခြေအနေများအရ ပြုပြင်ပြောင်းသင့်တာကို လက်ခံသော်လည်း အခြေခံဥပဒေ ပုဒ်မ ၄၃၆
အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်းကို မူလအတိုင်း ထားရှိသင့်ကြောင်း
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင်က ပြောသည်။
“ဒီမိုကရေစီကို အကြောင်းပြပြီး ပြည်သူတွေကို အသုံးချနေခြင်းတို့ဟာ
ဒီမိုကရေစီစနစ် ကူးပြောင်းစဉ်ကာလ တည်ငြိမ်ချော့မွေ့စေရေးကို
အန္တရာယ်ပြုနေတဲ့ အခြေအနေအဖြစ် ရှုမြင်သုံးသပ်မိပါတယ်၊ ဒါ့အပြင် အချိန်အခါအရ
ခွင့်မပြုသင့်သေးဘဲ အလောတကြီး ပြင်ဆင်ရန် ကြိုးပမ်းမှုများသည်လည်း
ကောင်ကျိုးထက် ဆိုးကျိုးကို ဦးတည်နေသည်ဟု ကျွန်တော်တို့ လေ့လာရမှာ
ဖြစ်ပါတယ်” ၎င်းက ဝေဖန်ပြောဆိုသည်။
ထို့အပြင် ယခုကာလ အခြေအနေအတွင်း
သက်ဝင်လှုရှားမှုများသည် နိုင်ငံတော်အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေ၍
သတိပြုစေလိုပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထင်သာမြင်သာ
ရှိအောင် မဆောင်ရွက်ပေးနိုင်ခြင်း၊ နိုင်ငံရေးအင်အားစုနှင့် ပြည်သူများမှာ
ရင့်ကျက်မှု အားနည်းနေကို မြင်တွေ့နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။
လက်ရှိ အခြေအနေသည် အရေးတကြီး ပြင်ဆင်ရန် မလိုအပ်သေးဘဲ ပြင်ဆင်လိုပါက အခန်း
၁၂၊ ပုဒ်မ ၄၃၆ ကို မူလအတိုင်းထား၍ ပြင်ဆင်ရန် တိုက်တွန်းကြောင်း
ဗိုလ်မှူးကြီး ခင်မောင်ထွန်းနှင့် ဗိုလ်မှူးကြီး ဉာဏ်နိုင်က
ဖြည့်စွက်ပြောသည်
ထို့ပြင် ၅၉ (စ) သည် လူပုဂ္ဂိုလ်
တစ်ဦးတစ်ယောက်အတွက် ရေးဆွဲထားခြင်း မဟုတ်ဘဲ နိုင်ငံတော်သမ္မတ ဖြစ်မည့်သူ၏
သားသမီးများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း
ဗိုလ်မှူးကြီးဌေးနိုင်နှင့် ဗိုလ်မှူးကြီး အောင်သီဟတို့က
ထောက်ပြပြောဆိုသည်။
“သားသမီးတစ်ဦးဟာ နိုင်ငံခြားသား ဖြစ်ပြီးတော့
ဒီနိုင်ငံခြားသားဟာ နိုင်ငံခြားမှာ သာမန်အရပ်သား ဖြစ်သည် သို့မဟုတ်
နိုင်ငံကို ဆန့်ကျင်သော အဖွဲ့အစည်းဝင် ဖြစ်နေမယ်၊ သို့မဟုတ်
နိုင်ငံအကြီးအငယ် တစ်ခုမှာ အရေးပါသည့် လူတစ်ဦး ဖြစ်နေမယ်ဆိုရင်
ကျွန်တော်တို့ နိုင်ငံ စိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း ကျွန်တော်တို့
စဉ်းစားရပါမယ်” ဟု ဗိုလ်မှူးကြီး ဌေးနိုင်က ပြောသည်။
ယင်းသို့
တပ်မတော်သား ကိုယ်စားလှယ်များ၏ ပြောဆိုချက်များ ရှိသော်လည်း ချင်းပြည်နယ်
မဲဆန္ဒနယ်မှ ဦးပေါ်ထန်ထိုင်းက ၅၉ (စ) ကို ပယ်ဖျက်ခြင်း၊ ပုဒ်မ ၄၃၆ ကို
ပြင်ဆင်မည့် ရာခိုင်နှုန်း လျော့ချခြင်းနှင့် လွှတ်တော်အတွင်း
တပ်မတော်သားများကို အစိုးရသက်တမ်း ၂ ကြိမ်သာ ရှိစေလိုကြောင်း
ပြောဆိုဆွေးနွေးခဲ့သည်။
ပုဒ်မ ၄၃၆ ၏ လက်ရှိ မဲအရေအတွက် ရာခိုင်နှုန်း
သတ်မှတ်ချက်သည် မျှတသောကိစ္စ ဖြစ်သောကြောင့် ပြင်ဆင်ရန် မသင့်သည့်အပြင်
ယင်းပုဒ်မ ပါဝင်သော အခန်း (၁၂) ကို မူလအတိုင်း ထားသင့်ကြောင်း
ဗိုလ်မှူးကြီး ခင်စိုးက ထပ်လောင်းပြောကြားသည်။
ရွေးကောက်ခံ
ကိုယ်စားလှယ်များ အနေဖြင့် အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆
တို့ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အချိန်အခါအရ ပြင်ဆင်ရန်
စဉ်းစားသင့်ကြောင်း နိုဝင်ဘာ ၁၃ ရက်မှ စ၍ ဆွေးနွေးတင်ပြချက်များ
ရှိနေသော်လည်း တပ်မတော်အနေဖြင့် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးအထိ ကန့်ကွက်နေခြင်း ဖြစ်သည်။
အခြေခံဥပဒေ ပြင်ဆင်ရေး
အကောင်အထည်ဖော် ဆောင်ရွက်မှု အစီရင်ခံစာကို နိုဝင်ဘာ ၁၃ နှင့် ၁၇ ရက်တွင်
ကိုယ်စားလှယ် ပေါင်း ၄၀ ခန့်က နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီး ထပ်မံဆွေးနွေးရန်
ကိုယ်စားလှယ်ပေါင်း ၁၀၀ ခန့် ကျန်ရှိနေသေးကြောင်း
လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
Credit - The Voice Weekly
No comments:
Post a Comment