Tuesday, November 18, 2014

တစ်နိုင်ငံလုံးနှင့်သက်ဆိုင်ပြီး ကိုယ့်နိုင်ငံ၏ နိုင်ငံရေးကိုသိပါမှ နိုင်ငံ့ကံကြမ္မာအားဖန်တီးနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လွှတ်တော်တွင်ဆွေးနွေးလျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်ပြီး ကိုယ့်နိုင်ငံ၏ နိုင်ငံရေးကိုသိပါမှ နိုင်ငံ့ကံကြမ္မာအားဖန်တီးနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ပြည်ထောင်စုလွှတ်တော်တွင်ဆွေးနွေးလျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်ပြီး ကိုယ့်နိုင်ငံ၏ နိုင်ငံရေးကိုသိပါမှ မြန်မာနိုင်ငံ၏ကံကြမ္မာကိုဖန်တီးနိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် နိုဝင်ဘာ ၁၇ ရက်ကပြုလုပ်သည့် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၇
ရက်မြောက်နေ့တွင် နံနက်ပိုင်းလွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် လွှတ်တော်သို့လာရောက်လေ့လာသည့် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ NLD အဖွဲ့ဝင်များနှင့်တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေကြားခဲ့ရတယ်ဆိုတော့ ဒါဟာ နိုင်ငံအတွက် သိပ်ပြီးတော့အဓိကကျတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်။ နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်းတစ်ဦးချင်းနဲ့ဆိုင်တယ်။ အဲဒါကြောင့် အဲဒါကိုသိဖို့လိုတယ်။ ဘယ်သူတွေက ဘာကိုပြင်ချင်တယ် ဘာကိုမပြင်ချင်တယ်ဆိုတာကို တတ်နိုင်သမျှအာရုံပြုပြီး နားထောင်ကြပါ။ ကိုယ့်နိုင်ငံရဲ့နိုင်ငံရေးကို ကိုယ်သိမှ ဒီနိုင်ငံရဲ့ကံကြမ္မာကိုဖန်တီးနိုင်မှာ။ အကြောင်းမသိဘဲနဲ့ ဘယ်လိုလုပ်ကိုယ်ကပြုပြင်နိုင်မှာလဲ။ အဲဒီတော့ အဲဒီဟာကို သေချာလေ့လာကြပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ရှိအချိန်တွင် အရေးကြီးသောကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲစနစ်တို့ဖြစ်ပြီး ပြည်သူများအား အာရုံလွှဲသည့်ကိစ္စများဖြစ်လာနိုင်သည့်အတွက် သတိထားရန်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်၍ အချိုးကျကိုယ်စားပြုရွေးချယ်ရေး (PR) စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိသည့်အတွက် ကျင့်သုံးမည်မဟုတ်ကြောင်းနှင့် မဲများသူအနိုင်ယူစနစ် FPTP ကိုသာ ဆက်လက်ကျင့်သုံးရန် ပြည်သူ့လွှတ်တော်ကအတည်ပြုထားသည်။
လွှတ်တော်သို့လာရောက်လေ့လာသော နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်မှ NLD အဖွဲ့ဝင်များနှင့်တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က "နေပြည်တော်မှာရှိနေတယ်ဆိုတော့ ဘာပဲပြောပြော လွှတ်တော်မှာဘာတွေဖြစ်နေတယ်ဆိုတာ တခြားတစ်တိုင်းပြည်လုံးနဲ့စာရင် ပိုပြီးလေ့လာနိုင်တဲ့အနေအထားရှိတယ်။ အခုဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးနေတယ်။ ပြုပြင်ပြောင်းလဲခြင်းကို အဓိကထားပြီးဆွေးနွေးနေတယ်ဆိုတာတော့ သိကြမှာပေါ့။ ဒါအားလုံးအတွက်အရေးကြီးတယ်ဆိုတာကို သတိပြုစေချင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့သက်ဆိုင်တယ်။ လွှတ်တော်ထဲပဲသက်ဆိုင်တာမဟုတ်ဘူး။ အမျိုးသမီးတွေကလည်း စိတ်ဝင်စားရမယ်နော်။ ဘာကြောင့်လဲဆိုတော့ မီးဖိုထဲထိရောက်လာတာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ။ အဲဒီတော့ အမျိုးသမီးတွေက ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့စိတ်ဓာတ် မထားပါနဲ့။ မရှင်းတာရှိရင် ကိုယ်စားလှယ်ကိုမေးပြီးရှင်းခိုင်းပါ။ အချိန်မရွေးနားမလည်တာရှိရင် ရှင်းလင်းဖို့ပြောပါ။ ပြောပြီးတော့ တတ်နိုင်သမျှ နိုင်ငံရေးကိုလိုက်စားကြပါ" ဟု ပြောကြားသည်။
"ပြည်သူလူထုတွေက နိုင်ငံရေးတက်ကြွမှုရှိမှ တကယ်တော့ ဒီနိုင်ငံမှာ တကယ့်ဒီမိုကရေစီ ဒီမိုကရေစီဆိုတာ ပြည်သူ့အုပ်ချုပ်ရေးပေါ့။ ပြည်သူအုပ်ချုပ်ရေးဆိုတာ ပြည်သူကအရည်အချင်းရှိမှ ပီပီပြင်ပြင်လုပ်နိုင်မှာ။ ဒါကြောင့်မို့ ကိုယ့်အရည်အချင်းကိုကိုယ်မြှင့်တင်ဖို့လိုတယ်။ ကိုယ်စားလှယ်တွေရဲ့အရည်အချင်းတွေကိုလည်း မြှင့်တင်ဖို့လိုတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်၌ စတင်ဆွေးနွေးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၁၄၆ ဦးဆွေးနွေးရန် အမည်စာရင်းပေးသွင်းထားကြောင်း သတင်းရရှိသည်။

Credit - Eleven Media Group

No comments:

Post a Comment