Monday, November 17, 2014

ကိုပါကြီးသေဆုံးမှု လူ့အခွင့်အရေးကော်မရှင် ထပ်မံစစ်ဆေး

မော်လမြိုင်၊ နိုဝင်ဘာ ၁၆

ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက် ပြီး လိုအပ်သည့် သက်သေထွက်ချက်များ ရရှိရန် နိုဝင်ဘာ ၁၄ ရက်နေ့က သက်ဆိုင်သူများကို ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထပ်မံစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ပြောကြားသည်။
လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်ပြီး ပထမအကြိမ်အဖြစ် သက်ဆိုင်ရာ တပ်ရင်းများမှ တပ်မတော်သားများ၊ ကျိုက်မရော မြို့နယ်ရဲတပ်ဖွဲ့၊ အမှုဖြစ်ပျက်ခဲ့သည့် မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာသားများနှင့် မွန်ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် စသည်တို့ကို စုံစမ်းစစ်ဆေးထားပြီး ဖြစ်သော်လည်း လိုအပ်သည့် သက်သေထွက်ဆိုချက်များ ထပ်မံရရှိရန်အတွက်
မွန်နှင့် ကရင်ပြည်နယ်ရှိ သတင်းထောက်များ၊ တပ်မတော်သားများနှင့် မွန်အမျိုးသားပါတီ အစရှိသည့် သူမျာကို ထပ်မံ စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“ကျော်ကြားနေတဲ့ ဒီအမှုကိစ္စကြီး အဖြစ်မှန် ပေါ်ပေါက်ပြီးတော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ တရားဥပဒေအရ ဖြစ်ဖို့။ ကိုပါကြီး သေဆုံးထားတဲ့ ကိစ္စနဲ့ လိုအပ်တဲ့ သက်သေထွက်ချက်တွေ ရရှိအောင် သူနဲ့သက်ဆိုင်တဲ့ သူ့ကိုသိတဲ့ လူတွေအားလုံးကို သက်သေခံချက်တွေ ယူတာ” ဟု ထပ်မံစစ်ဆေးရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ဒေါက်တာဉာဏ်ဇော်က ပြောကြားသည်။
စစ်ဆေးပြီး ရရှိသည့် သက်သေခံ ပစ္စည်းများနှင့် အချက်အလက်များကို စုစည်းပြီး ကော်မရှင်အဖွဲ့ဝင် အားလုံး ပါဝင်မည့် အစည်းအဝေးတွင် တင်ပြမည် ဖြစ်ကာ မှတ်ချက်များပေးပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့များသို့ ပေးပို့သွားမည်ဟု ဆိုသည်။
ယင်းအပြင် သမ္မတကိုလည်း အစီရင်ခံမည်ဖြစ်ပြီး လိုအပ်ခဲ့လျှင် ပြည်သူများကိုလည်း ထုတ်ပြန်သွားမည်ဟု ၎င်းက ပြောသည်။
ကိုပါကြီး အကြောင်းကို အဓိက သိထားသူတစ်ဦး အနေနှင့် မေးမြန်းခြင်းခံရသူ အလွတ်သတင်းထောက် ကိုအောင်ပက လူ့အခွင့်အရေးကော်မရှင် အနေနှင့် လိုအပ်ပါက စစ်ဆေးမှု ထပ်မံလုပ်ဆောင်သွားမည်ဟု ပြောခဲ့ကြောင်း ပြောကြားသည်။
“ကိုပါကြီးအကြောင်း သိချင်လို့ မေးတာတဲ့၊ အတင်းအကျပ်တော့ မမေးပါဘူး။ သိတာကိုဖြေ၊ မသိတာကို မဖြေနဲ့။ ဘယ်လိုမျိုးခင်တာလဲ ဘယ်တော့ သိတာလဲ။ နောက်ပြီးတော့ KKO အကြောင်း မေးတယ်။ ကျွန်တော့်ကိုလည်း နောက်ထပ်တစ်ခါ မလုံလောက်ဘူးဆိုရင် ထပ်စစ်မယ်လို့တော့ ပြောတယ်။ ဒီအမှုအပေါ် ဒီအဖွဲ့က တရားမျှတမှုကို ဆောင်ရွက်ပေးမယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု ကိုအောင်ပက ပြောကြားသည်။
ကိုပါကြီးအမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ထက်ဝက်ခန့် ပြုလုပ်ပြီး ဖြစ်ကြောင်း အကယ်၍ စုံစမ်းစစ်ဆေးမှုများ လိုအပ်ပါက သက်သေများကို စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်သွားမည်ဟု ဒေါက်တာဉာဏ်ဇော်က ပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကိုပါကြီးသည် အလွတ်တန်း သတင်းထောက် ဟုတ်၊ မဟုတ် ဆိုသည်ကို အဓိကထား မေးမြန်းစုံစမ်းခဲ့သည်ဟု အခြားစစ်ဆေးခံရသူ တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (မွန်ပြည်နယ်) ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောကြားသည်။
“ကျွန်တော့်ကိုတော့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကိုပါကြီးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုသိလဲ။ ဒီဇာတ်လမ်းက ဘယ်လိုစလဲဆိုတာ မေးတယ်။ နောက်ပိုင်း ကျွန်တော့်ကို အဓိက မေးတာက ကျွန်တော်က သတင်းစာဆရာအသင်း ဥက္ကဋ္ဌဆိုတော့ မွန်ပြည်နယ်မှာ ကိုပါကြီး သတင်းထောက် အသင်းမှာပါလား မပါလား မေးတယ်” ဟု ၎င်းကဆိုသည်။
စစ်ဆေးမှုများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်ပြီး အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်နှင့် အဖွဲ့ဝင် ဦးဇော်ဝင်းတို့က စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

(Dawei Watch)

Credit - The Voice Weekly

No comments:

Post a Comment