Sunday, November 30, 2014

ပြည်သူတွေအတွက် လျှပ်စစ်တဲ့လား ( ဆောင်းပါး)

ဆောင်းပါး - ဒေါက်တာ ခင်မောင်ညို

( ၁ )

မြန်မာနိုင်ငံ၏အိမ်များတွင် လျှပ်စစ်မီးအားကြွယ်ဝမှုကို နိုင်ငံတကာပြိုင်ပွဲ ဝင် လျှင် အဆင့်တစ်နားတွင် တည်နေရန် အလားအ လာကောင်းများစွာရှိသည်။

အိမ်အများတွင် ဘတ္ထရီနှင့် အားသွင်းနိုင်သော Inverter မီး သို့မဟုတ် အားသွင်းပြီး သုံးနိုင်သော LED မီးများရှိသည်။ အချို့အိမ်များတွင် မီးစက် (Generators) တွေရှိ၏။


ကျွန်တော်တို့အများစုသည် မီးပျက်တာလောက်တော့ လုံးဝ မဖြုန်ကြ ပါ။ နှစ်ပေါင်းများစွာ အလေ့အကျင့် ရထားသောသူများဖြစ် သည်။ သို့သော် မီးပြန် လာသည့်အခါတွင်တော့ မပျော်ဘဲမနေနိုင်ပါ။

လက်ခုပ်တီးကြသည်။ လက်ခေါက်မှုတ် ကြသည်။ “ဟေး” ဟု အော်ရသည်မှာ လည်း အရသာရှိလှသည်။

( ၂ )

ကျွန်တော် မြန်မာပြည်မှာ နေပါသည်။ ရန်ကုန်မြို့လယ်ခေါင် လမ်း ၃၀ တွင်နေ ၏။ ဒီနေ့လယ် ထမင်းစားနေစဉ်မီးပျက်သွားသည်။ သဘာဝကျ သည်။ မြန်မာပြည်သူပြည်သား အများသည် မီးပျက်သည်ကို သဘာဝဟုယူ ဆကြ သည်။ မြန်မာပြည်တွင်လူနေမှုအတော် မြင့်သော ရန်ကုန်သားတို့ မီးပျက်လျှင် မဖြုန် ရခြင်းမှာ ရန်ကုန်မြို့အိမ်အများမှာ လျှပ်စစ်မီး တစ်မျိုးထက်ပို၍ ရှိသောကြောင့်ဖြစ်သည်။ တစ်ကမ္ဘာလုံးက လူတွေထက် မြန်မာတို့၏ ထူးခြား စွာ ခံစားနိုင်သော ဒီအခွင့်အရေးကို ဘယ်သူနဲ့မှမလဲနိုင်ပါ။ ထိုပျော်ရွှင် မှုမျိုးကို ဖွံ့ ဖြိုးပြီးနိုင်ငံ (Developed Countries) များတွင် မရနိုင်ကြ ပါ။ သနားပါဘိ။

( ၃ )

မီးပျက်တာနှင့်ပတ်သက်၍ ကျေးဇူးတင် စရာနောက်တစ်ခုရှိပါသေးသည်။ ၁၉၇၆ ခုနှစ် မှ ၁၉၈၄ ခုနှစ်အထိ ကျွန်တော်မော်လမြိုင် ကောလိပ်တွင် ဆရာ လုပ်သည်။ မြေနံ့သာအ ဆောင်မှူးပါ။ ထိုအချိန်က မော်လမြိုင် မီးပျက် သည်ကို စာဖွဲ့သူအများကြီးရှိသည်။

“တို့ မော်လမြိုင်မှာ တစ်နှစ်နှစ်ခါပဲ မီးပျက်တယ်”

“ကောင်းလိုက်တာ”

“တစ်ခါပျက်ရင် ခြောက်လပဲ”

တကယ်တော့ ကျွန်တော်တို့မော်လမြိုင် တက္ကသိုလ်တွင် မီးမပျက်ပါ ။ ကျောင်း ကို အ တော်ဦးစားပေးသည်။ သို့သော် တစ်ခါတစ် ခါတော့လည်း (သူ လည်းလေ လောကီသား ပေမို့) မီးပျက်ပါသည်။ ထိုအခါ လမ်းဘေး ပတ်လည် ခြုံနွယ်ထဲတွင် ထောင်ပေါင်းများ စွာသော ပိုးစုန်းကြူးကိုမြင်နေရသည်။ သား နဲ့ သမီးတို့က ပိုးစုန်းကြူးတွေ လိုက်ဖမ်းကြ သည်။ ပျော်လိုက်တာ။ နောက်တော့ ကြယ် တွေလတွေပေါ့။

မီးပျက်သည့်အခါ တောင်ဝိုင်းတောင်ပေါ် မှ ကျော်ထွက်လာသော လမင်း၏ ထွန်းလင်း တောက်ပမှုအရသာကို ခံရပါသည်။ ဘာနဲ့မှ မတူသောအရသာပါ။ လမသာတဲ့ညတွေမှာ ရောဟု မေးနိုင်ပါသည်။ ကတ္တီပါနက်ချယ်သ ထား သည့် ကောင်းကင်တွင် မရေမတွက်နိုင် သော ကြယ်ပွင့်လေးများ ကို တွေ့ရ သည်။

“အဖေ၊ ဘယ်ဟာကြယ်၊ ဘယ်ဟာဂြိုဟ် လဲ”

သားသမီးတွေက မေးကြသည်။

“ကြယ်ပွင့်တွေဟာ မှိတ်တုတ်မှိတ်တုတ် နဲ့၊ ဆက်တိုက်လင်းနေတာက ဂြိုဟ်တွေ”

“ကြယ်နဲ့ ဂြိုဟ် ဘယ်ဟာကကြီးလဲ”

“မြင်နေရတာက ဂြိုဟ်ကကြီးသလိုပဲ။ သူက နီးတာကိုး။ ကြယ်တွေဟာ အင်မတန် ဝေးတယ်။ သူတို့ဟာ စကြာဝဠာတွေကွ”

“စကြာသဠာ အနန္တရှိတယ်”

သူတို့စိတ်ကူးနိုင်အောင် ကျွန်တော်ပြော ပြခဲ့ပါသည်။ မီးမရှိသောကျေးဇူးကို သိခဲ့ပါ သည်။

( ၄ )

နောက်တော့ ကျွန်တော် ရန်ကုန်သို့ပြောင်း ရွှေ့ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်နောက် ပိုင်းတွင် မီးအလွန်ပျက်သည်။ မီးပျက်သည့်အခါ တီဗီ လည်းကြည့်လို့မရ၊ စာဖတ် ၍လည်းမရသော ကြောင့် လမ်းသာတွင်တွင် လျှောက်ဖြစ်နေ သည်။ သို့သော် မီးပျက်သည့်ဒဏ်ကို လမ်း တွင်လည်းခံရသည်။ မီးစက်သံ ဆူညံနေ သည်။ လမ်းပေါ်တွင် ဒီဇယ်နံ့၊ ဓာတ်ဆီနံ့များ ဖုံးနေ သည်။ မီးစက်က ထွက် လာသော ကာဗွန်ကြပ် ခိုးမှုန်များ၊ CO2 ဓာတ်ငွေ့များ ၊တစ်ပိုင်းတစ် စလောင် ထားသော ကာဗွန်မိုနော့ဆိုဒ်ဓာတ် ငွေ့များဖြင့် နပမ်းလုံးနေရသည်။

တစ်ရက် လမ်းလျှောက်ရင်း မျက်လုံးထဲ မှာ လင်းလက်ကာ အရောင်တွေမြင် လာသည်။

ဘာဖြစ်တာလဲ။

မျက်လုံးထဲ အရောင်များမြင်နေရသည် မှာ ဧကန္တ ငါတရားပေါက်တာများလား။ ထို အချိန်က ကျွန်တော် အတော်တရားထိုင်ဖြစ် သည်။ ထို့ကြောင့် မျက်လုံးထဲ အလင်းတွေ ဝင်လာသည့်အခါ ငါတော့ တရားပေါက်သွား ပြီလားဟု တွေးနေမိ သည်။ ထိုအကြောင်းကို မိတ်ဆွေဆရာဝန်တစ်ယောက်ကို ပြောပြသည့် အခါ သူက သေသေချာချာစစ်မေးသည်။ ပြီး တော့ မှတ်ချက်ချသည်။

“ဒါဆိုရင် Retinal Detachment ဖြစ်မယ်ထင်တယ်။ မျက်စိဆရာဝန်ဆီသွားပြ” ဟု ညွှန်လိုက်သည်။

မျက်စိဆရာဝန်ဆီရောက်တော့ ကျွန်တော်ပြောပြတာ သူပြုံးပြီးနားထောင်သည်။

“ဒီလိုဖြစ်တာ အတော်ကြာမှ သိကြတယ်။ ခု ခင်ဗျားဟာ ချက်ချင်းသိတာ လျှပ်စစ်မီး ကို ကျေးဇူးတင်ရမယ်”

“ဘာဖြစ်လို့လဲ”

“မီးမလာမှ ဒီလိုဖြစ်တာကို လွယ်လွယ်သိရတယ်”

ကျွန်တော့်ကိုသူ လေဆာပစ်၍ မျက်စိ အာရုံခံလွှာကို ပြန်ချုပ်ပေးလိုက်သည်။ တစ် ပတ်လောက် မျက်လုံးအောင့်နေပါသည်။ နောက်တော့ အတော်ကောင်း လာသည်။

“လုံးဝ ပြန်ကောင်းသွားမှာပါ} မျက်စိ ဆရာဝန်က ကျေနပ်သံဖြင့် ပြောလေ သည်”

( ၅ )

တကယ်တော့ ကမ္ဘာကြီး၏ တိုးတက်မှု မှာ လျှပ်စစ်ကြောင့်ဟုဆိုပါက မမှားနိုင်ပေ ။ အက်ဒီဆင်၏ မီးသီးကြောင့် ညသည်နေ့ဖြစ် ခဲ့သည်။ မီးရှိလျှင် လုံခြုံသည်။ အလုပ်တွေ လုပ်လို့ရသည်။ မြို့တွေတည်သည်။ စက်ရုံ တွေဆောက်သည်။ လူအများသည် မြို့တွင် စုရုံးလာကြသည်။ ထိုသို့ စုရုံးလာစေရန် တွန်း အားပေးသည်မှာ လျှပ်စစ်ဓာတ်ပင်ဖြစ်သည်။

ရေအေးစက်၊ ရေပူစက်၊ လေပူစက်၊ စ သော လျှပ်စစ်မျိုးစုံ လူသုံးကုန်များသည် တစ် ချိန်က ဇိမ်ခံပစ္စည်းများဖြစ်ခဲ့သည်။ သို့သော် ယနေ့အမေရိကန်တွင် ရေခဲသတ္တော၊မိုကရိုဝေ့ မီးဖိုတို့မှာ အခြေခံလူသုံးပစ္စည်းဖြစ်နေလေ သည်။ ဆက်လက်ပြီး တက္ကနိုလိုဂျီ၏ အသီး အပွင့်များကို ခံစားလာကြရသည်။ ၎င်းသည် ကား အီလက်ထရွန်းနစ်ဖြစ်သည်။

“အီလက်ထရွန်းနစ်” သည် အီလက်ထရစ်(လျှပ်စစ်)ထက် ပိုပြီး လူတွေနှင့်ရင်းနှီးလာသည်ကိုတွေ့ရသည်။ လူတို့သည် ထိုင်ရ မထ အဝေးထိန်းခလုတ် Remote များဖြင့် တီဗီကို အဆင်ပြေစွာပိတ်နိုင်ဖွင့်နိုင်လာကြ သည်။ ခြံတံခါးကိုပင် Remote ဖြင့် ဖွင့်နိုင်ပိတ်နိုင်လာသည်။ အာကာသက ဂြိုဟ်တုကို Remote ဖြင့် ချုပ်ထိန်းနိုင်သည်။ ကွန်ပျူတာအင်တာနက် အီးမေးလ် စသော သုံးစွဲသူနှင့် မိတ်ဖက် User Friendly ဖြစ်သည့် အီလက်ထရွန်းနစ်ပစ္စည်းများစွာ ပေါ်ထွန်းလာသည်။

အထူးသဖြင့် လက်ကိုင်ဖုန်းများ Smart Phone များသည် ခေတ်ကိုပြောင်းလဲပစ်လိုက် သည်။ ဒီအတွက် ကမ္ဘာ့ရွာကြီးဖြစ်လာကာ ခေတ်မီတိုးတက်လာသည်ဟု ဆိုနိုင်သည်။ သို့သော် မီးတွေပျက်နေရင်တော့ အလုပ်မ ဖြစ်ပါ။ အခြေခံအဆောက်အဦ (Infrastructure) မကောင်းသ၍တော့ နိုင်ငံကြီးလည်း တိုးတက်လာမည် မဟုတ်ပါ။

( ၆ )

ဘယ်သူပြောပြော ယနေ့ ကျွန်တော်တို့ အတွက် လျှပ်စစ်မီးမလုံလောက်တာ သေချာ သည်။ ရေအားလျှပ်စစ်ကို လောပိတကရယူ စဉ် ဘာပြဿနာမှမရှိပါ။ သို့သော် ကျွန်တော် တို့ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး သဘော ထားကွဲလွဲကြသည်။ စင်စစ်ပြောင်းလဲမှုဆောင်ရွက်ကာစမှာ တရုတ်လက်ထဲကို မြစ်ဆုံစီမံ ကိန်းရောက်သွားသည်ကို ပြည်သူက လက် မခံလိုပါ။

ပြီးတော့ ဒီနေရာက ဧရာတဝီ။ အမိဧရာ ၀တီဟု တင်စားသည့်မြစ်၏အစဖြစ်သည်။ နောက်တစ်ခုက ကျောက်မီးသွေးလျှပ်စစ် ဓာတ်အားပေးစက်ရုံများ။ ဒါကိုလည်း လက် မခံပါ။

Clean Coal Technology ရှိသည်ဟု ပြောပါသည်။ သို့သော် အမေရိကန်တွင် စက် ရုံတွေပိတ်နေသည်။ ထိုင်းကစက်ရုံလည်း ပိတ် သည်။ တရုတ်အစိုးရက ဒီနှစ်အကုန် ကျောက် မီးသွေးသုံးဓာတ်အားပေးစက်ရုံ ၅၀၀၀ ပိတ် ပစ်မည်ဟုဆိုထားသည်။ သူတို့အစိုးရက မ သန့်စင်၍ပိတ်သည်။ ဒီစက်ရုံတွေ ကျွန်တော် တို့ဆီလာဆောက်ကြမတဲ့။ Clean Coal Technology အတွက် ကျောက်မီးသွေးကောင်း တွေလိုသည်။ (နိုင်ငံခြားမှ တင်သွင်းရမည်) စက်ရုံအတွက် ပညာရှင်ကောင်းတွေလိုသည်။ ထိန်းသိမ်းမှုလည်း လိုသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုများသည်။ ဒီလို အခက်အခဲမျိုး တွေကို ဘာကြောင့်ရင်ဆိုင်မလဲ။

ကျွန်တော်တို့ သဘာဝဓာတ်ငွေ့များသည် သန့်စင်ပါသည်။ ဘာလို့ ရောင်းပစ်နေရတာ လဲ။ တစ်ချိန်က ရတဲ့ပိုက်ဆံကို ယခင်က တစ်ဒေါ်လာ ခြောက်ကျပ်ခွဲနဲ့ လဲပစ်ခဲ့သည်။ ယခုကော၊ စာရင်းစစ်ကာ ပြည်သူကို ပွင့် လင်းမြင်သာစွာ ပြရဲ့လား။ သံသယဖြစ်ကြ ပါသည်။ ယနေ့ ယုံကြည်မှုကို တည်ဆောက် ရမည့်အချိန်လည်းဖြစ်နေသည်။ အခြေခံဥပဒေ ခုမပြင်သေးဟုဆိုသည်။ လက်ခံတော့ လက် ခံလိုက်ရတာပေါ့။ ဒါပေမဲ့ ပြည်သူတွေအတွက် ဘာတွေလုပ်ပေးနေတာလဲ။ ဆင်ခြင်တတ်ဖို့ လိုပါသည်။ အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြဖို့ ပြည်သူတွေ မျှော်လင့်နေကြပါသည်။

Credit -  The Ladies News Journal

 
 

No comments:

Post a Comment