ဆန်သာမက စပါးပါ ဝယ်ယူရန် တရုတ်နိုင်ငံက ကမ်းလှမ်းလာသဖြင့် တင်ပို့ရောင်းချ
နိုင်ရေး ပြည်တွင်းကုန်သည် အချို့က စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်ထံသို့ ခွင့်ပြုရန် စာတင်
တောင်းဆိုထားကြောင်း သတင်း ရရှိသည်။
‘‘၀န်ကြီးကဒါကို ခွင့်ပြုသင့်၊မသင့် အသင်းအဖွဲ့တွေကနေ အကြံလှမ်းတောင်းတယ်။ ကျွန်တော် ကတော့ သဘောမတူဘူးလို့ပြော လိုက်တယ်’’ဟု မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
လတ်တလော တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ဆန်တန်ချိန် ငါးသိန်းမှ ခုနစ်သိန်း ကြားဝယ်ယူနေပြီး ကုန်ကြမ်းဖြစ်သော စပါးကိုပါ ဝယ်ယူရန်ကမ်းလှမ်းလာသည်။ မြန်မာနိုင်ငံသည် လယ်ယာလုပ်ငန်းတစ်ခုလုံးပေါ် မှီခိုနေရသဖြင့် ကုန်ကြမ်းအတိုင်း စပါး တင်ပို့ပါက ဆန်စက်လုပ်ငန်းရှင်များ၊ မွေးမြူရေးအစား အစာလုပ်ငန်းများ စသောသက် ဆိုင်ရာ လုပ်ငန်းများအတွက် ဖွဲနု၊ ဆန်ကွဲ၊ စပါးခွံစသော ကုန် ကြမ်းမရရှိသော ဆိုးကျိုးသက် ရောက်မှုများရှိနိုင်သည်ဟု မြန်မာ နိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
‘‘ပြည်ပ ဆန်ရောင်းချမှုနဲ့ ပတ်သက်ပြီး မူဝါဒတစ်ခုကို စီး/ကူးက ရေးဆွဲဖို့လိုတယ်’’ ဟု ၎င်းက ပြောကြားသည်။
တရုတ်နိုင်ငံမှ စပါးဝယ်လိုရခြင်းမှာ ‘‘ပြည်တွင်းမှာ တရုတ်ကလာပြီး လယ်စိုက်တယ်။ ထွက် တဲ့စပါးတွေကို ဒီအတိုင်းပြန်သယ်ချင်နေကြတယ်’’ဟု မူဆယ်မှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။
တရုတ်လုပ်ငန်းရှင် အချို့က အမည်လွှဲဖြင့် မြန်မာနိုင်ငံတွင် စပါးစိုက်ပြီး ထွက်လာသော စပါးများ ပြန်သယ်လိုခြင်း ဖြစ်သည်။
စပါးမှာ ဆန်ထက်ရေရှည်ထားခံပြီး ပျက်စီးလေလွင့်မှုနည်း ခြင်းကြောင့်ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။
လက်ရှိအချိန်တွင် တရုတ် နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ ရောင်းချနိုင်ရန် အသင်းအဖွဲ့များ၊ ကုန်သည်များသာမက နှစ်နိုင်ငံ အစိုးရချင်းပါညှိနှိုင်းဆောင်ရွက် နေသည်။ မြန်မာနိုင်ငံမှ တရုတ် နိုင်ငံကို ယခုနှစ် ဇန်နဝါရီမှစ၍ တရားဝင်ဆန်ဝယ်ယူရန် သဘော တူညီထားသည်။
လက်ရှိတွင် မြန်မာဆန်ကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ် ရေးဖြင့် တင်ပို့ရာ၌ ခုနစ်လ ကျော်အတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ခြောက်သိန်းကျော်တင် ပို့ထားသည်။ ယင်းကဲ့သို့ တင်ပို့မှုသည် မြန်မာနိုင်ငံဘက်က တရားဝင်သွားသော်လည်း တရုတ်နိုင်ငံ မှ မှောင်ခိုစနစ်ဖြင့်သာ ဝယ်ယူသည်။
Credit - 7DAY DAILY

No comments:
Post a Comment