ရန်ကုန်၊ နိုဝင်ဘာ၂၉
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က အရေးကြီးအဆို တင်သွင်း၍
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို
လက်မခံဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း
ကရင်အမျိုးသား အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က
အမေရိကန်ပြည်ထောင်စု အခြေစိုက် RFA ရုပ်သံသို့ ပြောကြားသည်။
နိုဝင်ဘာ ၂၉ ရက်နေ့က နေပြည်တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)
တို့ (၇) ကြိမ်မြောက် ပုံမှန်တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးက
ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အကုန်လုံး ပါဝင်
ပတ်သက်တဲ့သူတွေ အားလုံး တွေ့ဆုံမှသာ ဒီပြဿနာ ဖြေရှင်းနိုင်မယ်လို့
သူအလေးအနက်ထားပြီး ပြောပါတယ်” ဟု ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းခဲ့သော ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုမှာ
လက်တွေ့မကျခြင်း၊ မူဝါဒချင်း မတိုက်ဆိုင်ခြင်းတို့ကြောင့် လတ်တလောတွင်
မဖြစ်နိုင်သေးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်သူ
ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်ကလည်း ပြောကြားထားသည်။
အစိုးရအဖွဲ့၏ ချဉ်းကပ်ပုံမှာ မဏ္ဏိုင်များ၊ အဖွဲ့အစည်းများအပေါ် အခြေခံပြီး
ပြည်ထောင်စုလွှတ်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ချဉ်းကပ်ပုံမှာ
လူပုဂ္ဂိုလ်အပေါ် အခြေခံသော ချဉ်းကပ်ပုံ ဖြစ်သောကြောင့် မူဝါဒချင်း
ကွာခြားခြင်းကြောင့် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုမှာ လတ်တလော အခြေအနေတွင်
မဖြစ်နိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ
ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အတွက် အကောင်အထည် ဖော်ဆောင်နေခြင်း
အပေါ်တွင် ပြည်သူများ စိတ်ပူရန် မလိုကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့က
မီဒီယာများကို ဖြေကြားခဲ့သည်။
“ပြည်သူတွေ စိတ်မပူပါနဲ့လို့၊ အောင်မြင်ခြင်းတရား ဆိုတာ ဆန္ဒကနေ စတာပဲလို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်
တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးတို့ တွေ့ဆုံကြရန် တိုက်တွန်းခဲ့ခြင်း
ဖြစ်သည်။
Credit - The Voice Weekly
No comments:
Post a Comment