Sunday, November 16, 2014

ခေါင်းစဉ်နဲ့ လုပ်ရပ်

Written by: ညီအောင်ညီ 

ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ လူသားတစ်ယောက်အနေနဲ့ဖြစ်စေ၊ လူအဖွဲ့အစည်းတစ်ရပ်အနေနဲ့ဖြစ်စေ တစ်ခုခုလုပ်ကြတော့မယ်ဆိုရင် ဦးတည်ချက်နဲ့ ခေါင်းစဉ်ဆိုတာ ရှိကြစမြဲပါပဲ။ လူမှုကိစ္စတော်တော်များများမှာ သူ့နေရာ သူ့ကဏ္ဍနဲ့ အလုပ်လုပ်ကြတဲ့အခါမှာ ခေါင်းစဉ်ဆိုတာ ရှိကြစမြဲပါပဲ။

ခေါင်းစဉ်တပ်ပြီး အလုပ်လုပ်တတ်ကြတဲ့ ကျွန်တော်တို့တွေဟာ ကိုယ်တတ်ထားတဲ့ခေါင်းစဉ်နဲ့အညီ မှန်ကန်စွာလုပ်နေကြတာလား။ ဒါမှမဟုတ် လွဲမှားစွာလုပ်နေကြတာလားဆိုတာကို သေသေချာချာ
သုံးသပ်ရမှာပါ။ ပြန်လည်သုံးသပ်ဖို့ မေ့နေတတ်ကြတဲ့ ကျွန်တော်တို့ရဲ့ အကျင့်ဆိုးတွေကြောင့် တချို့တချို့သော ကျွန်တော်တို့ တပ်ထားတဲ့ ခေါင်းစဉ်တွေဟာ တဖြည်းဖြည်းနဲ့ မှုန်ဝါးနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ “ကထိန်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်” တွေနဲ့ပတ်သက်ပြီး သတင်းစာတွေ၊ စာစောင်တွေမှာ စာရေးဆရာတွေရဲ့ အမြင်တွေ၊ အများပြည်သူရဲ့ပြောစကားတွေ ကိုဖတ်ခဲ့ရသလို လူမှုကွန်ရက်တွေမှာလည်း ဝေဖန်မှုမျိုးစုံကို တွေ့ခဲ့ရပါတယ်။ အဓိကအကြောင်းအရာက ခေါင်းစဉ်ကို မကြည့်ဘဲနဲ့ တလွဲလုပ်ရပ်တွေကို လုပ်နေကြတဲ့ လူတချို့ရဲ့ လုပ်ရပ်တွေကို ဝေဖန်ကြခြင်းပါပဲ။

“အမှားကြာ အမှန်ဖြစ်” ဆိုတဲ့စကားလိုပါပဲ။ သေချာဝေဖန်စမ်းစစ်တဲ့ ဥာဏ်မရှိဘဲနဲ့ ခေါင်းစဉ်ကောင်းကို ရှေ့တန်းတင်ပြီး အမြီးအမောက်မတည့်တဲ့ တလွဲလုပ်ရပ်တွေကြောင့် ဘာသာတရားကို အထင်သေးလာကြသလို ရှိပြီးသားယဉ်ကျေးမှုတွေလည်း တဖြည်းဖြည်းတိမ်ကောလာတာကို တွေ့နေရပါတယ်။ ရှေ့ဆက်ပြီး အမြီးအမောက်မတည့်တဲ့လုပ်ရပ်တွေကို မပြုပြင်ကြဘူးဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ ကျဆင်းတော့မှာ အမှန်ပါပဲ။

ကျွန်တော်တို့အားလုံး ခေါင်းစဉ်လည်းမှန်အောင် တပ်ကြရမှာပါ။ ခေါင်းစဉ်နဲ့လုပ်ရပ် ညီအောင်လည်း ကြိုးစားကြရမှာပါ . . . . .

ကျွန်တော်တို့ မြန်မာပြည်မှာ ပွဲလမ်းသဘင်တွေ သူ့ကာလ သူ့ရာသီနဲ့ အတူရှိကြတဲ့အတွက် ပျော်စရာတွေ မရှားပါဘူး။ လွတ်လွတ်လပ်လပ်ပျော်လို့ရတဲ့ အပျော်တွေ အများကြီးပါပဲ။ ကျွန်တော်တို့ငယ်ငယ်တုန်း က အခုလို ကထိန်ရာသီမျိုး၊ ရှင်လောင်းလှည့်တဲ့အခါမျိုးတွေဟာ ဒီနေ့ခေတ်လို မူးမူးရူးရူးတွေ မရှိပါဘူး။ မြန်မာအိုးစည်၊ မြန်မာ့ရိုးရာအကတွေနဲ့ ပျော်ပျော်ရွှင်ရွှင်၊ ယဉ်ယဉ်ကျေးကျေး လှည့်လည်ကြတာကို တွေ့ရတဲ့အတွက် မြင်သူတိုင်းက ပီတိဖြစ်ကြပါတယ်။ ပြုံးရွှင်ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ မူးမူးရူးရူးနဲ့ အော်ကြဟစ်ကြ ဘာသာရေးနဲ့မဆိုင်တဲ့ သီချင်းတွေဖွင့်ကြ၊ ဆိုကြ၊ ကကြနဲ့ မြင်ရသူအပေါင်းကို နှာခေါင်းရှုံ့စေကြပါတယ်။ နောက်တစ်ခုက ဘာသာရေးအတွက်လုပ်တာဆိုပြီး အတိုင်းအတာမရှိ၊ အချိန်အကန့်အသတ်မရှိ ဖွင့်ချင်တာဖွင့်၊ ဆိုချင်တာဆိုနေကြတဲ့ လူအချို့ရဲ့ လုပ်ရပ်တွေပါပဲ။ အဲဒီအရာတွေက တကယ်ကို နှိုင်းနှိုင်းချိန်ချိန်နဲ့ ပြုပြင်သင့်၊ အတိုင်းအတာနဲ့ ရှိသင့်တာတွေပါ။

ကထိန်ကိုအကြောင်းပြုပြီး ‘ကိုကြီးကျော်လုပ်တဲ့သူကလုပ်’၊ ‘ကျွဲရုပ်လုပ်တဲ့သူကလုပ်’၊ ဘာကောင်လို့ပြောရမှန်းမသိတဲ့ အဝတ်အစားတွေ ဝတ်တဲ့သူကဝတ်၊ ရောင်တော်ပြန်နဲ့ ရောလွှတ်တဲ့သူကလွှတ်၊ အခြေခံကျကျ ပြန်စဉ်းစားကြည့်တော့ မဆိုင်တာတွေ လုပ်နေကြတာက များနေကြပါတယ်။ ‘ကထိန်ဆိုတာ ဘာကိုခေါ်တာလဲ။ ဘာအတွက် ကထိန်ခင်းတာလဲ။ ဘာတွေလှူ ကြရတာလဲဆိုတဲ့’ အထိ မတွေးကြတော့တာဟာ အလွဲတွေ လုပ်မိခြင်းအကြောင်းပါပဲ။ ‘ပျော်ဖို့၊ မူးဖို့၊ ကဖို့’ အဓိကဆိုသလို အဖြစ်မျိုးတွေကို စိတ်မကောင်းစွာ တွေ့နေရပါတယ်။

စာရေးသူတွေးမိတာကတော့ ကထိန်ရာသီမှာ လူတချို့ရဲ့ အပြုအမူတွေဟာ သင်္ကြန်ကာလမှာ မူးကြရူးကြတဲ့ပုံစံနဲ့ တူနေသလိုပါပဲ။ လူတချို့ဟာ ဘာသာရေးကို အကြောင်းပြုပြီး အသံချဲ့စက်ကို နားမခံသာအောင် အသုံးပြုနေကြပါတယ်။ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ သက်ကြီးရွယ်အိုတွေအတွက် အဲဒီအသံတွေဟာ အနှောင့်အယှက် ဖြစ်ကြပေမယ့် ဘာသာရေးဆိုတဲ့ အသိစိတ်နဲ့ သည်းခံကြရပါတယ်။ အတိုင်းအတာ အကန့်အသတ်လေးနဲ့ လုပ်ကြမယ်ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေကြမှာပါ။

ကျွန်တော်တို့ကိုးကွယ်တဲ့ မြတ်ဗုဒ္ဓဟာ ဆိတ်ငြိမ်မှု၊ တိတ်ဆိတ်မှုကို မြတ်နိုးတဲ့သူ။ ဆိတ်ငြိမ်မှု၊ တိတ်ဆိတ်မှုနဲ့ နေလာခဲ့တဲ့သူပါ။ ဆူညံမှုအသံတွေကို ‘ဆူးငြောင့်’ တစ်ခု၊ အန္တရာယ်တစ်ခုလို့ ဟောကြားထားတာပါ။ မူးရစ်ရမ်းကား ပျော်ပါးမှုတွေကို ရှောင်ကြဉ်ထားခိုင်းတဲ့ မြတ်ဗုဒ္ဓပါ။ ဗုဒ္ဓမကြိုက်တဲ့ အပြုအမူတွေနဲ့ ဘုရားကျောင်းကန်ကို သွားကြတဲ့သူတွေ အနေနဲ့ မြတ်ဗုဒ္ဓရဲ့ကျင့်စဉ်၊ အဆုံးအမတွေကို ပြန်ပြီးလေ့လာစေချင်ပါတယ်။ သုံးသပ်စေချင်ပါတယ်။ ခေါင်းစဉ်တခြား၊ လုပ်နေတာတခြား မဖြစ်စေချင်ပါဘူး။

အပျော်ကြိုက်တတ်ကြတာဟာ လောကီလူသားတွေရဲ့ သဘာဝဖြစ်ပေမယ့် ဘာသာတရားနဲ့ ယဉ်ကျေးမှုကို ထိခိုက်စေမယ့် အပြုအမူမျိုးကိုတော့ ရှောင်ကြရမှာပါ။ မြန်မာလူမျိုးတွေရဲ့ ရိုးရာဓလေ့တွေနဲ့ လ,အလိုက်ရှိနေတဲ့ ပွဲတော်တွေဟာ ခေါင်းစဉ်ကောင်းတွေပါ။ အဲဒီခေါင်းစဉ်ကောင်းလေးတွေရဲ့ အေးငြိမ်းမှု၊ ပျော်ရွှင်မှု၊ မူရင်းအကြောင်းရင်း၊ မူရင်းရည်ရွယ်ချက်တွေ မပျောက်ပျက်စေအောင် ကြိုးစားကြရမှာပါ။ ပျော်ရရင် ပြီးရောဆိုပြီး ကိုယ်လုပ်ချင်တာတွေချည်း လျှောက်နေလို့ မဖြစ်ပါဘူး။ ကိုယ်လုပ်ချင်တာတွေ ဇွတ်လုပ်လိုက်တဲ့အခါမှာတော့ အလွဲတွေ ဖြစ်လာတော့တာပါပဲ။ ဒါတွေက လတ်တလောဖြစ်နေတဲ့ အလွဲလေးတွေပါ။ အဲဒီအလွဲတွေကို အမြဲအသုံးပြုသွားရင် နောင်လာနောက်သားတွေ အတုယူမှားသွားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အားနည်းချက်က ဆင်ခြင်သုံးသပ်မှု အားနည်းခြင်းပါပဲ။ ခေါင်းစဉ်တွေက ကောင်းပေမယ့် လုပ်ရပ်တွေကလွဲနေရင် သက်ရောက်မှုမရှိသလို ခေါင်းစဉ်ဆိုးတွေအောက်မှာ အားထုတ်မှုကောင်းနေရင်လည်း လူ့အသိုင်းအဝိုင်းအတွက် အကျိုးမရှိနိုင်ပါဘူး။

လူမှုရေးရာမှာပဲဖြစ်ဖြစ်၊ ဓမ္မရေးရာမှာပဲဖြစ်ဖြစ် တပ်ထားတဲ့ခေါင်းစဉ်လေးတွေကိုတော့ ပြန်ကြည့်စေချင်တယ်။ ကိုယ့်လုပ်ရပ်တွေက ခေါင်းစဉ်နဲ့ရော ညီရဲ့လားဆိုတာကိုလည်း စဉ်းစားစေချင်တယ်။ ခေါင်းစဉ်နဲ့ မညီတဲ့လုပ်ရပ်တွေကို ပြုပြင်စေချင်ပါတယ်။ နောက်တစ်ခုက ကိုယ်တပ်ထားတဲ့ခေါင်းစဉ်က တကယ်စစ်မှန်ရဲ့လား ဆိုတာပါပဲ။ ကျွန်တော်တို့အားလုံး ခေါင်းစဉ်လည်းမှန်အောင် တပ်ကြရမှာပါ။ ခေါင်းစဉ်နဲ့လုပ်ရပ် ညီအောင်လည်း ကြိုးစားကြရမှာပါ။

Credit -  Eleven Media Group

No comments:

Post a Comment