![]() |
၁၉၂၀ ခုနှစ် အမျိုးသားကျောင်း |
ကျွန်တော့်မွေးနေ့ကို နေ့ထူးနေ့မြတ်လို့ပြောတာ ဝမ်းသာပါတယ်ဗျာ။ မင်္ဂလာပါပဲ”
“အင်း..တိုက်ဆိုင်သွားတာပါ။ ကျွန်တော်က ဒီလက်ဖက်ရည်ဝိုင်းမှာ ရောက်နေတဲ့ အများသဘောပေါက်အောင် ပြောရတာပါ။ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် အမျိုးသားနေ့ဟာ နိုဝင်ဘာ ၁၆ ရက် တနင်္ဂနွေနေ့ ဖြစ်နေတာကို ပြောတာပါ”
ကျွန်တော်တို့ လက်ဖက်ရည်ဝိုင်းသည် ခါတိုင်းထက်ပို၍ စိုပြည်နေသည်။ ကိုဖုန်းတို့၊ ကိုသိန်းမောင်တို့လည်း ရောက်နေသည်။
“ခု ကိုဘသစ်ပြောတဲ့ အမျိုးသားနေ့ဟာ စိတ်ဝင်စားစရာ အင်မတန်ကောင်းပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကို ရှင်းပြပါဦး”
“အမျိုးသားနေ့ဟာ အမျိုးသားစိတ်ဓာတ် နိုးကြားတက်ကြွရေးကို ဦးတည်တာပါ။ မြန်မာမှုကို ချစ်မြတ်နိုးဖို့ ရည်ရွယ်တာလို့ ယူဆတယ်။ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးလာဖို့ မြန်မာစာပေကို အလေးထားဖို့ကို ပြောတာပါ။ အချို့က ခေတ်မီတယ်ထင်ပြီး ဘာသာပြန်ပြီးသား စကားလုံးတွေရှိလျက်နဲ့ အသံထွက်ဖလှယ်ရေးတဲ့ ခင်ဗျားတို့ စာရေးဆရာတွေ ရှိတယ်မဟုတ်လား”
“ရှိပါတယ်။ အရင်ခေတ်က ကင်းဝန်မင်းကြီးတို့လည်း ရေးတာပဲလေ။ စောစောက ခင်ဗျားစောစောကပြောတဲ့ နိုဝင်ဘာ ၁၆ ရက်ဆိုတာမျိုးဟာ အသံဖလှယ်တာပဲ မဟုတ်လား”
“လိုအပ်ရင် ရေးရတာပေါ့။ ဒါပေမဲ့ ဘစ်ဇနက်တို့လို စကားတွေကိုတော့ သတိထားရမှာပေါ့။ ဒါကြောင့် အမျိုးသားအောင်ပွဲနေ့ဆိုတာကို ကျင်းပရတာပေါ့ ဆရာညိုရာ။ ဒီဘက်က ကိုဖုန်းတို့လည်း ဆွေးနွေးပေးပါဦး”
“ဆရာကိုဘသစ်ကို မေးရမယ်။ အမျိုးသားနေ့ကို လွတ်လပ်ရေးနေ့လို ဘာလို့စိတ်မဝင်စားရသလဲ ဆိုတာကို ရှင်းပြပေးပါ ဆရာ”
“အမှန်တော့ အမျိုးသားနေ့ဟာ အင်မတန် စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်တော်ကတော့ မြန်မာပြည်လွတ်လပ်ရေးရတာ အမျိုးသားနေ့ ဖြစ်ပေါ်လာတာနဲ့ သက်ဆိုင်နေတယ်လို့ ဆိုချင်တာပဲ”
“ဟုတ်ကဲ့ဆရာ။ ကျွန်တော်တို့ အဲဒီလောက်တော့ သဘောမပေါက်ဘူး”
“ဗြိတိသျှနယ်ချဲ့တွေဟာ မြန်မာပြည်ကို ၁၈၂၆ ခုနှစ်မှာ တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်မှာ တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်မှာ တစ်ကြိမ် စစ်ပွဲသုံးကြိမ်ပြုပြီး သိမ်းပိုက်လိုက်ကြတယ်။ အဲဒီလို သိမ်းပိုက်ပြီးတဲ့နောက်မှာ သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားကို လည်ပတ်နိုင်ဖို့အတွက် ပညာတတ်တွေလိုတယ်။ မြန်မာပြည်မှာ တက္ကသိုလ်မရှိဘူး။ ရန်ကုန်ကောလိပ်ဆိုတာပဲ ရှိတယ်။ ကာလက္ကတားတက္ကသိုလ်လက်အောက်မှာ ထားတယ်။ ကျွန်ပညာရေးကိုပဲ ပေးတယ်။ ၁၉၂ဝ မှာ မြန်မာနိုင်ငံရေးသမားတွေ ကြိုးပမ်းတိုက်တွန်းမှုကြောင့် မြန်မာပြည်မှာ တက္ကသိုလ်တစ်ခုဖွင့်ဖို့ စီစဉ်တယ်။ ဒါပေမဲ့ ဒီပညာရေးကို ကန့်သတ်ဖို့လိုတယ်လို့ သူတို့ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ပညာတတ်တွေကို ကျွန်ပညာရေးစနစ်ကိုသာ ပေးမှသာ သူတို့ရဲ့ ကိုလိုနီနယ်ချဲ့စနစ်ဟာ အောင်မြင်ပါမယ်လို့ ယူဆတယ်”
“အဲဒါ ဘယ်နှခုနှစ်လောက်မှာလဲ ဆရာ”
“၁၉၂ဝ ခုနှစ်မှာပါ။ တက္ကသိုလ်ကို ၁၉၂ဝ ခုနှစ်မှာ ဖွင့်မယ်။ ဒီအတွက် ရန်ကုန်တက္ကသိုလ် ယူနီဗာစတီအက် (University Act) ကို ရေးဆွဲထုတ်ပြန်တယ်။ အဲဒီဥပဒေကြမ်းကို ဇွန်လမှာ ပြည်သူတွေကို ကြေညာတယ်။ ဒါကို ကျောင်းသားတွေက မကြိုက်ဘူး။ သတင်းစာတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂျီစီဘီအေအသင်းကလည်း ကန့်ကွက်တယ်”
“အဲဒီ ရန်ကုန်တက္ကသိုလ် ယူနီဗာစတီအက် (University Act) ဆိုတာ အတော်ဆိုးလား ဆရာ”
“ဆိုးပါတယ်။ မကြိုက်ရတဲ့ အချက်တွေထဲက ပထမအချက်ကတော့ မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာ ရှိရမယ်၊ အဲဒီတက္ကသိုလ်လက်အောက်မှာ ကောလိပ်ကျောင်းတစ်ကျောင်းသာ ရှိရမယ်တဲ့”
“ဒါကတော့ ဆိုးတယ်နော် ဆရာ၊ ခုမြန်မာပြည်မှာ တက္ကသိုလ် ၁၆၉ ကျောင်းတောင် ရှိနေတယ်မဟုတ်လား ဆရာ။ တစ်ခုက စမယ်။ နောက်ဆက်လုပ်မယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ နောက်ကောဆရာ”
“ကောလိပ်ကျောင်းနှစ်ကျောင်းလုံးက ကျောင်းသားတွေဟာ အစည်းအဝေးပြုလုပ်တိုင်ပင်ပြီး ပါဝင်သပိတ်မှောက်ကြဖို့ ဆုံးဖြတ်တယ်” “ကောလိပ်ကျောင်းနှစ်ကျောင်းလုံးဆိုတော့ ဘယ်ကျောင်းတွေလဲ ဆရာ”
“ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်တို့ပါပဲ။ နောက်ပိုင်း ဟိုက်စကူးလို့ခေါ်တဲ့ အထက်တန်းကျောင်းတွေက . . . . .
“ဒုတိယကတော့ တက္ကသိုလ်မှာ ပညာသင်ယူသူများဟာ ကျောင်းအိပ်ကျောင်းစား နေရမယ်တဲ့။ တတိယကတော့ တက္ကသိုလ်ဝင်တန်း မရှိဘူး။ ဟိုက်စကူးဖိုင်နယ်ကို အင်္ဂလိပ်စာထူးချွန်မှ တက္ကသိုလ်တက်ခွင့်ပြုမယ်လို့ ဆိုထားတယ်။ ဒီလိုတက်တဲ့အခါမှာ တစ်နှစ်ပြင်ဆင်ခွင့်အတန်း နေရမယ်။ ပြင်ဆင်ခွင့်တန်းမှာ စာမေးပွဲကျရင် တက္ကသိုလ်တက်ခွင့် မပြုတော့ဆိုပြီး ကန့်သတ်ထားသေးတယ်။ ဂုဏ်ထူးတန်းတွေမှာလည်း တစ်ကြိမ်ကျလျှင် နောက်ထပ်ကြိုးစားခွင့် မရှိတော့ဆိုတာမျိုး ပါတယ်”
“ဒီအတွက် ကန့်ကွက်မှုတွေကို ကျောင်းသားတွေက ထ,လုပ်တာလား ဆရာ”
“ကျောင်းသားတွေသာ မကပါဘူး။ သတင်းစာများနဲ့ ဂျီစီဘီအေ အစည်းအဝေးများကပါ ဝိုင်းဝန်းကန့်ကွက်တယ်။ ဘယ်လိုကန့်ကွက်ကန့်ကွက် မြန်မာပြည်ဘုရင်ခံ ဆာရက်ဂျီနယ်ဒေါက်ကလပ်ဟာ မြန်မာတွေ ပညာရေးနားမလည်ပါဘူးကွာဆိုပြီး ၁၉၂ဝ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ ရန်ကုန်တက္ကသိုလ် ယူနီဗာစတီအက် (University Act) ကို အတည်ပြုပြဋ္ဌာန်းလိုက်တယ်”
“ဒါနဲ့ သပိတ်မှောက်တာပေါ့ဆရာ ဟုတ်လား”
“ကောလိပ်ကျောင်းနှစ်ကျောင်းလုံးက ကျောင်းသားတွေဟာ အစည်းအဝေးပြုလုပ်တိုင်ပင်ပြီး ပါဝင်သပိတ်မှောက်ကြဖို့ ဆုံးဖြတ်တယ်”
“ကောလိပ်ကျောင်းနှစ်ကျောင်းလုံးဆိုတော့ ဘယ်ကျောင်းတွေလဲ ဆရာ”
“ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်တို့ပါပဲ။ နောက်ပိုင်း ဟိုက်စကူးလို့ခေါ်တဲ့ အထက်တန်းကျောင်းတွေက ကျောင်းသားတွေပါ ပါဝင်လာတယ်။ ဒီတော့ စောစောကစကားကို ပြန်ကောက်ရရင် ဒီဇင်ဘာ ၄ ရက်မှာ ကျေင်းသားတွေဟာ ဗဟန်းရွှေကျင်ကျောင်းတိုက် ဆရာတော် ဦးအရိယကျောင်းတိုက်မှာ အစည်းအဝေးကြီးပြုလုပ်ပြီး ၇ ရက်မှာ သပိတ်မှောက်ဖို့ ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီဇင်ဘာ ၅ ရက် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်မှာ သပိတ်မှောက်ကြတယ်။ သပိတ်က ဆုံးဖြတ်ချက်ကို ကျောင်းသားခေါင်းဆောင် ကိုဘဦးကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ကြေညာချက်ထုတ်တယ်။ တစ်စောင်ကို ဘုရင်ခံထံ ပို့တယ်”
“အတော်လည်း ပြင်းထန်ကြပါလား။ ဘုရင်ခံက တောင်းဆိုတာတွေကို လိုက်လျောရဲ့လား”
“မလိုက်လျောဘူး။ ကျောင်းသားတွေကလည်း သူတို့တောင်းတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို မပေးသမျှ ကျောင်းပြန်မတက်ဘူးလို့ ဆုံးဖြတ်ကြတယ်”
“မိဘပြည်သူတွေ စိတ်မကောင်းဖြစ်တယ်လို့ ကြားဖူးပါတယ်”
“ဟုတ်ပါတယ်၊ မိဘတွေက သူတို့သားသမီးတွေကို ဘွဲ့ရပညာတတ်တွေ ဖြစ်စေချင်တယ်။ ဒါပေမဲ့ ကျောင်းသားတွေက မိဘဆရာတွေကို ကန်တော့ပြီး တောင်းပန်တယ်။ ဒါနိုင်ငံအတွက်ပါ လုပ်ပါရစေ ဆိုတာမျိုးပေါ့။ အဲဒီအချိန်က ကျောင်းသားလှုပ်ရှားမှုဟာ အတော်ထိရောက်တယ်လို့ ဆိုနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၂၁ ခုနှစ် ဇန်နဝါရီက မြန်မာပြည်ဘုရင်ခံက အိန္ဒိယဘုရင်ခံချုပ်ဆီကို ပေးပို့တဲ့ အစီရင်ခံစာထဲမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကို ထိထိရောက်ရောက် မနှိမ်နင်းလျှင် မြန်မာပြည်ဟာ အင်္ဂလိပ်တို့လက်အောက်မှ လွတ်မြောက်သွားရန် အကြောင်းရှိသည်လို့ ပါတယ်”
“ဒါဆို အဲဒီသပိတ်ကို အစိုးရက ကြောက်တာပေါ့နော်”
“ကြောက်တာပေါ့။ အဲဒီကနေ မြန်မာတွေရဲ့ ဝံသာနုစိတ်ဓာတ်တို့ခေါ်တဲ့ မျိုးချစ်စိတ်ဓာတ်တွေ နိုးကြားခဲ့တယ်။ ကျွန်ဖြစ်ရတာကို နာရကောင်းမှန်း သိလာတယ်လို့ ဆိုရမယ်။ ဒို့တောင်းဆိုတာမရရင် ဒို့ကျောင်းမတက်တော့ဘူး။ ဒါဆိုရင် ပညာမရနိုင်ဘူးပေါ့။ ပညာမရတဲ့အခါ လူ့အောက်သူ့အောက်ကျမယ်၊ တိုင်းပြည်လည်း အောက်ကျနောက်ကျ ရှိမယ်ဆိုပြီး ဒို့ကိုယ်တိုင်ပဲ အမျိုးသားကျောင်းထောင်မယ်ဆိုပြီး အမျိုးသားပညာရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်။ ပြီးတော့ ဗဟန်းရွှေကျင်တိုက်မှာ အမျိုးသားကျောင်းကို စတင်ဖွင့်လှစ်လိုက်တယ်”
“ဟုတ်ကဲ့ဆရာ။ မြန်မာပြည်မှာ ဒီကျောင်းက စတာပေါ့နော်”
“ဟုတ်ပါတယ်၊ မြန်မာပြည်တစ်ပြည်လုံး အမျိုးသားကျောင်းပေါင်းများစွာ ပေါ်လာတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့၊ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်တို့ဟာ ဒီလို အမျိုးသားကျောင်းတွေကနေ မွေးထုတ်ပေးခဲ့တာပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့က အမျိုးသားကျောင်းတွေမှာ ဆရာလုပ်တယ်။ ဦးဖိုးကျားလည်း ဆရာပဲ၊ နောက်ပိုင်း အမျိုးသားပညာဝန် ဦးဖိုးကျားဆိုပြီး နာမည်ကြီးတယ်”
“ဒီတော့ဆရာ အမျိုးသားနေ့ကို အဲဒီတန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်လို့ တစ်ခါတည်း သတ်မှတ်လိုက်တာလား”
“မသတ်မှတ်သေးဘူး။ ၁၉၂၁ ခုနှစ် မန္တလေးမြို့မှာကျင်းပတဲ့ ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံမှာ အမျိုးသားနေ့ကိုသတ်မှတ်ဖို့ ဆွေးနွေးခဲ့ကြတယ်။ အမျိုးသားစိတ်ဓာတ်ကိုလှုံ့ဆော်ဖို့ နေ့တစ်နေ့ကို သတ်မှတ်ဖို့ တိုင်ပင်တာပါ။ အချို့က သီပေါမင်းကို အင်္ဂလိပ်တွေခေါ်သွားတဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် ပါတော်မူနေ့ကို အဆိုပြုတယ်။ အချို့က ဦးဥတ္တမ အဖမ်းခံရတဲ့နေ့ကို အဆိုပြုတယ်။ ဒါပေမဲ့ အင်္ဂလိပ်ကို ထိထိရောက်ရောက် လက်တုံ့ပြန်တော်လှန်တဲ့နေ့ကတော့ ကျောင်းသားတွေ သပိတ်မှောက်တဲ့နေ့ပါပဲလို့ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ကြတယ်”
“ကောင်းလိုက်တာ ဆရာရယ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်ပေါ့နော်။ ဒီရက်ကို အမျိုးသားနေ့ဆိုပြီး သတ်မှတ်ပြီး နှစ်စဉ်ကျင်းပတာ အမျိုးဂုဏ်ဇာတိဂုဏ်အတွက်ပေါ့ ဟုတ်လားဆရာ”
“ဟုတ်ပါတယ်၊ သူ့ကျွန်ဖြစ်တဲ့အခါ အခွင့်အရေးတွေ အများကြီးဆုံးရှုံးတယ်။ ဒါကို လူငယ်တွေသိဖို့ပါ။ အမျိုးသားနေ့ဆိုတာ ဗြိတိသျှတွေကို ‘မင်းတို့ရဲ့ကိုယ်ခန္ဓာကို ဖိနှိပ်နိုင်တယ်။ ဒါပေမဲ့ စိတ်ဓာတ်ကို ဖိနှိပ်လို့မရဘူး’ ဆိုတာကို ပြလိုက်တာပါပဲ။ တကယ်လည်း မြန်မာပြည်ဘုရင်ခံ ဆာဒေါက်ကလပ် တွေးထင်ထားသလို ဖြစ်လာခဲ့တယ်။ ဒီအမျိုးသားစိတ်ဓာတ်ကနေ လွတ်လပ်ရေးရခဲ့တာပါပဲ”
Credit - Eleven Media Group
No comments:
Post a Comment