မုံရွာ၊ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီးမှာ သုံးရက်အတွင်း
လိုင်စင်မဲ့ ဆိုင်ကယ်ပေါင်း သုံးရာနီးပါး ဖမ်းဆီးဒဏ်ရိုက်ခဲ့ပြီး ဒဏ်ငွေ
ကျပ်သိန်းသုံးရာနီးပါး ရရှိတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲမှူး ဝင်းမြင့်က ပြောပါတယ်။
လိုင်စင်မဲ့ ဆိုင်ကယ်တွေကို
စစ်ဆေးတွေ့ရှိရင် ဆိုင်ကယ်တန်းဖိုးရဲ့ ထက်ဝက်ခန့်ကို အခွန်ပေးဆောင်ရတဲ့အထိ
အရေးယူမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့က
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မုံရွာ၊ ကလေး၊ တမူးနဲ့ ရွှေဘိုမြို့တွေမှာ
စတင် ဖမ်းဆီးခဲ့ပြီး လိုင်စင်မဲ့ ဆိုင်ကယ် ၂၈၄ စီးအနက် ၁၉၇ စီး
အခွန်ဆောင်ထားပြီးချိန်မှာ ဒဏ်ကြေး ငွေကျပ်သိန်း ၂၈၀ ကျော် ရရှိနေပြီလို့
ရဲမှူး ဝင်းမြင့်က ဆိုပါတယ်။
မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး ချင်းစိန်ကတော့ “ပထမအဆင့်အနေနဲ့ လမ်းမတွေပေါ်မှာ
စီးနင်းနေတဲ့ ဆိုင်ကယ်တွေနဲ့ ဆိုင်တွေမှာ ရောင်းချနေတဲ့ ဆိုင်ကယ်တွေကို
စစ်ဆေးနေတာပါ။ ဒုတိယအဆင့်အနေနဲ့ တရားမဝင်လမ်းကြောင်းက ဝင်လာတဲ့
ဆိုင်ကယ်တွေကို စစ်ဆေးမယ်”လို့ ရှင်းပြပါတယ်။
လိုင်စင်မဲ့ဆိုင်ကယ်
အများဆုံး ဖမ်းဆီးရမိခဲ့တဲ့ မြို့ကတော့ ရွှေဘိုမြို့ဖြစ်ပြီး ဆိုင်ကယ်
၁၃၁စီး၊ တမူးမြို့က ၉၆ စီး၊ မုံရွာမြို့က အစီး ၅၀ နဲ့ ကလေးမြို့က ၇ စီး
ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment