#emg_editorials
ကျွန်တော်တို့အားလုံးဟာ ကိုပါကြီးတွေဖြစ်တယ်
တစ်လကျော်ကြာပျောက်ဆုံးနေသည့် အလွတ်တန်းသတင်းထောက်
ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး အငြင်းပွားဖွယ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း၌ ပျောက်ဆုံးသွားသော
ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးအား အသေဖမ်းဆီးရမိခဲ့သည်ဟု
တပ်မတော်ကထုတ်ပြန်သော သတင်းတစ်ရပ်တွင်ဖော်ပြခဲ့သည်။ သတင်းထုတ်ပြန်မှုတွင်
ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို လက်နက်ကိုင် KKO အဖွဲ့၏
ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအောင်နိုင်အဖြစ် စစ်ဆေးသိရှိသောကြောင့်
တပ်မတော်မှထိန်းသိမ်းခဲ့ကြောင်းပါရှိသည်။
ထို့နောက် တပ်မတော်မှ
ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအား ကျိုက်မရောမြို့တိုက်ပွဲတွင် KKO
အဖွဲ့၏လက်နက်များ သိမ်းဆည်းထားသည့်နေရာကို လိုက်လံပြသခိုင်းရန်
ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာအနီးရောက်စဉ်
ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးမှ အပေါ့သွားရန်အကြောင်းပြ၍
ကင်းစောင့်စစ်သည်ကိုလုံးထွေးပြီး သေနတ်အား
လုယူထွက်ပြေးရန်ကြိုးပမ်းခဲ့သဖြင့် ကင်းစောင့်စစ်သည်က
သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု
ဖော်ပြထားသည်။ ထိုသို့သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင် (ခ)
ကိုပါကြီးအလောင်းကို ရွှေဝါချောင်ကျေးရွာ တောင်ဘက်မီတာ ၈၀၀ ခန့်အကွာတွင်
မြေမြှုပ်သင်္ဂြိုဟ်ထားပြီး သေဆုံးသူ၏ဇနီးဖြစ်သူကိုလည်း
ဖြစ်စဉ်အခြေအနေများအသိပေးကာ ကူညီထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ်ကြောင်း
ဖော်ပြထားသည်။
ယင်းနှင့်ပတ်သက်၍ "ကိုပါကြီးက KKO
ရဲ့ဗိုလ်ကြီးအဆင့်ရှိသူပဲဖြစ်ဖြစ်၊ သတင်းထောက်တစ်ယောက်ပဲဖြစ်ဖြစ်
ဒီနည်းနဲ့ဖမ်းဆီးပြီး ဒီပုံစံနဲ့သေဆုံးသွားတာကတော့
မဖြစ်သင့်ဘူးလို့ယူဆပါတယ်။ အနည်းဆုံးတော့ သူဟာ
ဥပဒေရဲ့သတ်မှတ်ထားတဲ့ဥပဒေတွေနဲ့ရင်ဆိုင်ပြီးတော့
သူ့အနေနဲ့ဖြေရှင်းလျှောက်လဲခွင့်တွေသွားသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့
ခုလိုမျိုးသေဆုံးတယ်။ သေဆုံးသွားတဲ့ဟာကလည်း မြေမြှုပ်သင်္ဂြိုဟ်ပြီးမှ
မိသားစုကသိရတယ်ဆိုတာမျိုးကျ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး
နစ်နာဆုံးရှုံးမှုတွေရှိတယ်" ဟု
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ကိုဇော်သက်ထွေးက
ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ် ဇွန် ၆ ရက်က
အီဂျစ်လူငယ်တစ်ဦးဖြစ်သော ခါလက်မိုဟာမက်ဆာအိသည် အလက်ဇန်ဒရီယာမြို့တွင်
အငြင်းပွားဖွယ်အနေအထားမျိုးဖြင့် ဖမ်းဆီးခံခဲ့ရပြီး အီဂျစ်ရဲတပ်ဖွဲ့၏
နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ သေဆုံးခဲ့ရသည်။
နှိပ်စက်ညှဉ်းပန်းခံထားရသောကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်
ခါလက်ဆာအိ၏အလောင်းကို ရိုက်ကူးထားသည့်ဓာတ်ပုံသည်
အွန်လိုင်းတွင်ပျံ့နှံ့ခဲ့ပြီး အများပြည်သူတို့အားဒေါသထွက်စေခဲ့သည်။
ဓာတ်ပုံများကိုတွေ့ရှိသူများအနက် ဒူဘိုင်းမြို့သို့ရောက်ရှိနေသော
ဂူးဂဲလ်ဈေးကွက်အလုပ်အမှုဆောင် ၀ယ်ဂိုနင်သည် ခါလက်ဆာအိ၏ဓာတ်ပုံကိုအသုံးပြုကာ
"ငါတို့အားလုံးဟာ ခါလက်ဆာအိတွေဖြစ်တယ်" ဟူသည့် Facebook
စာမျက်နှာတစ်ခုကိုတင်ခဲ့သည်။ အဆိုပါစာမျက်နှာက
သိန်းနှင့်ချီသောလူများကိုဆွဲဆောင်နိုင်ခဲ့ပြီး အီဂျစ်နိုင်ငံ၏
အကြီးမားဆုံး အတိုက်အခံ Facebook စာမျက်နှာဖြစ်လာသည်။ ခါလက်ဆာအိသေဆုံးမှုသည်
၂၀၁၁ ခုနှစ် အီဂျစ်တော်လှန်ရေးဖြစ်ပွားစေရန်အတွက်
ကြီးမားသောလှုံ့ဆော်မှုတစ်ရပ်လည်းဖြစ်ခဲ့သည်။
နိုင်ငံသားတစ်ဦးအနေဖြင့် ဥပဒေမဲ့ မတရားသဖြင့် ပြုမူဆက်ဆံခံရခြင်းသည်
နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သောကိစ္စဖြစ်သည်။ အခြားအိမ်တစ်လုံးလုံးတွင်
မီးလောင်နေသည့်ကိစ္စအား မိမိနှင့်မသက်ဆိုင်ဟု သဘောထား၍မရဘဲ ထိုမီးသည်
မိမိအိမ်သို့ပါ ရောက်ရှိလောင်ကျွမ်းလာနိုင်သည်ကို သဘောပေါက်ရမည်ဖြစ်သည်။
အီဂျစ်နိုင်ငံသားများသည် မိမိတို့လည်း ခါလက်ဆာအိကဲ့သို့
ဥပဒေမဲ့နှိပ်စက်ညှဉ်းပန်းခံရနိုင်ကြောင်း သဘောပေါက်ခဲ့ကြသည်။ ထို့ကြောင့်
ကိုပါကြီးနှင့်ပတ်သက်၍ ဥပဒေနှင့်အညီဆောင်ရွက်ပေးရေးသည်
နိုင်ငံသားသားအားလုံးနှင့်သက်ဆိုင်သော ကိစ္စရပ်ဖြစ်ပါကြောင်း The Daily
Eleven သတင်းစာက ရေးသားအပ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment