Sunday, October 26, 2014

နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့

Written by - ဒေါက်တာခင်မောင်ညို

  နိုင်ငံတစ်နိုင်ငံကို တည်ထောင်ဖို့အတွက် သုံးဦးသုံးဖလှယ် ပူးပေါင်းဖို့ လိုအပ်ပါတယ်။
သူတို့တစ်တွေကတော့
(၁) အစိုးရ (သြဇာအာဏာရှိသူများ)
(၂) ချမ်းသာသူများ (ငွေရှင်ကြေးရှင်များ)
(၃) ပညာရှင်များ (အသိပညာရှင်၊ အတတ်ပညာရှင်များ) ပါပဲ။
■ အစိုးရဟာ သူလုပ်ချင်တာကို အဓိကထားပြီး လုပ်တယ်။ ဘယ်သူ့စကားမှ နားမထောင်ဘူး။ လူချမ်းသာများကိုလည်း နှိပ်ကွပ်မယ်။ ပညာရှင်များကိုလည်း နှိပ်ကွပ်မယ်ဆိုရင် ဒီအစိုးရဟာ ‘ကွန်မြူနစ်အစိုးရ’ ဖြစ်တတ်ပါတယ်။

■ အစိုးရဟာ လူချမ်းသာတွေကို စီးပွားရေးအခွင့်အလမ်းတွေပေးပြီး ပိုက်ဆံတွေရအောင် လုပ်မယ်ဆိုရင် ဒီအစိုးရဟာ ‘အာဏာရှင်အစိုးရ’ ဖြစ်တယ်။
■ အစိုးရဟာ ချမ်းသာသူများကိုရော ပညာရှင်များကိုရော ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ဒီအစိုးရဟာ ‘ဒီမိုကရေစီအစိုးရ’ ဖြစ်တတ်ပါတယ်။
တစ်ချိန်က တရုတ်ကွန်မြူနစ်အစိုးရဟာ လူချမ်းသာတွေကို ဖမ်းဆီးတယ်။ သူတို့ရဲ့ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းတယ်။ ပညာတတ်တွေကို လယ်ထဲဆင်းခိုင်းတယ်။ ခုတော့ သူတို့သုံးဦးသုံး ဖလှယ်ပေါင်းရမှာကို သဘောပေါက်ပြီး ချမ်းသာသွားပြီပဲ။
တစ်ချိန်က ပိုပေါ့အစိုးရဟာ ကမ္ဘောဒီးယားမှာ အုပ်ချုပ်တယ်။ သူက ချမ်းသာသူတွေဆီက လုယက်တယ်။ ပညာတတ် (မျက်မှန်တပ်ထားသူ)တွေ အားလုံးကို သတ်တယ်။ စုစုပေါင်း သုံးသိန်းကျော်သေဆုံးတယ်။ ခုသူတို့လည်း ဒီမိုကရေစီ ခရီးသွားနေပြီပဲ။
၁၉၆၂ ခုနှစ်က မြန်မာပြည်မှာ အုပ်ချုပ်ခဲ့သော ဦးနေ၀င်းအစိုးရဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တည်ထောင်တယ်ဆိုပြီး ကြေညာတယ်။ ၀န်ထမ်းများအားလုံး ပါတီမ၀င်မနေရ ၀င်ကြရတယ်။ (ခုခေတ်နဲ့ ပြောင်းပြန်ဖြစ်နေသလိုပဲ)။
ချမ်းသာတဲ့သူ စီးပွားရေးသမား (Businessmen) တွေကို ဇူစကာဆိုပြီး ထောင်သွင်းအကျဉ်းချတယ်။ ပညာတတ်တွေကို နှိမ်တယ်။ တက္ကသိုလ် ဆရာတစ်ယောက်ကိုတောင် လက်သီးနဲ့ဆွဲထိုးဖူးတယ်။ ဆရာ မင်းသုဝဏ်လို အင်မတန် လေးစားထိုက်သူကို မကျက်တစ်ကျက်ပေါင်မုန့်လို့ သိက္ခာချတယ်။
တက္ကသိုလ်ပညာရေးစနစ်ကို ဖျက်ဆီးပစ်လိုက်တယ်။ အလွတ်ကျက်ပညာရေးကို တည်ထောင်လိုက်ပြီး ကျူရှင်ယဉ်ကျေးမှုကို မြန်မာ့လူနေ အသိုင်းအ၀ိုင်းထဲကို ရောက်အောင်ပို့ဆောင်ခဲ့တယ်။
ကွန်မြူနစ်စနစ်မှာ လူတွေကို သိက္ခာမဲ့အောင် (Dehumanized) လုပ်တာတွေ အများကြီးပါပဲ။ သားက အဖေကိုသတ်တယ်။ ကျောင်းသားက ဆရာကိုသတ်တယ်။ မြန်မာပြည်က တောတွင်းကွန်မြူနစ်တွေ ဒီလိုဖြစ်ခဲ့တာပါပဲ။
အာဏာရှင်စနစ်မှာတော့ အာဏာရှိသူတွေဟာ ငွေရှင်ကြေးရှင်တွေနဲ့ အပေးအယူလုပ်တယ်။ သူတို့ဟာ ပညာရှင်တွေကို အောက်ခြေကိုရောက်သွားအောင် လုပ်လိုက်ကြတယ်။ ဒီလမ်းကိုဖောက်မယ်။ မဖြစ်နိုင်တဲ့ အချိန်အတိုင်းအတာအတွင်း ပြီးအောင်ဖောက်ရမယ်လို့ သူကအမိန့်ပေးတယ်။ ဒီတံတားကို ဆောက်မယ်၊ ဒီလိုပါပဲ မဖြစ်နိုင်တဲ့ အချိန်အတိုင်းအတာအတွင်း ပြီးအောင်ဆောက်ရမယ်တဲ့။ အင်ဂျင်နီယာက မပြီးနိုင်ဘူးပြောရင် အဲဒီလူကို ထုတ်လိုက်တယ်။ နောက်တစ်ယောက်လာ။ သူက မပြီးပြီးအောင် ဆောက်ရတယ်။ ကံရာဇာကြီး-ကံရာဇာငယ်တို့ ခေတ်ကလိုပေါ့။ မဏ္ဍပ်အရည်အသွေးကို မကြည့်ဘူး။ ပြီးဖို့သာ အဓိကဖြစ်တယ်။ တံတားတွေ ပြိုတယ်။ လမ်းတွေပျက်တယ်။ အချို့သတင်းစာထဲမှာပါတယ်။ “ပြည်သူတွေက လမ်းကို သုံးနှစ်လောက်မပျက်အောင်ဆောက်ဖို့ တောင်းဆို”တယ်တဲ့။
ရှက်စရာကောင်းလိုက်တာ။
ဒါပေမဲ့ လမ်းအလုပ်သမားတွေက ပြောပါတယ်။ ကျွန်တော်တို့ လမ်းတွေဟာ ပျက်အစဉ် ပြင်ခဏပါ။ ပြင်ရင်ခဏပဲ ကောင်းတယ်တဲ့။ ကျွန်တော်တို့ဟာ တစ်နပ်စားဉာဏ်နဲ့ အလုပ်လုပ်တာ မဟုတ်ပါဘူး။ တစ်သက်လုံးစားရအောင် လုပ်တာပါတဲ့။ ဟုတ်ပါတယ်။ သူတို့အမြဲ အလုပ်ရှိနေတယ်။
ဒါကတော့ လုပ်ရလွယ်တယ်။ ဒါပေမဲ့ ဖုန်းတွေလို၊ ကားတွေလိုကျတော့ ပိုက်ဆံတွေရအောင် ဘယ်လိုလုပ်လဲ၊ လက်ကိုင်ဖုန်းဆင်းကတ်တွေကို ပထမ ၀န်ထမ်းတွေကို ရောင်းပေးလိုက်တယ်။
ဝန်ထမ်းတွေက သိပ်မှမလိုတာပဲ၊ ဒီတော့လည်း ရောင်းစားတာပေါ့။ ဒါကို ချမ်းသာသူတွေက ၀ယ်ကြတယ်။ စီးပွားရေးသမား (Businessmen) တွေက ဈေးတက်အောင် လှောင်ထားလိုက် ရောင်းလိုက်လုပ်တယ်။
အာဏာရှင်အစိုးရက စီးပွားရေးသမားတွေနဲ့ပေါင်းပြီး ဆင်းမ်ကတ်တွေကို ဈေးတက်အောင်လုပ်ခိုင်းတယ်။ မူလက ၁၅၀၀ ကျပ်လောက်ပဲတန်တဲ့ ဆင်းမ်ကတ်ကို ၁၅ သိန်းနဲ့ရောင်းတယ်။ စီးပွားရေးသမားတွေက ဈေးဆွဲတင်ပေးတယ်။ ပေါက်ဈေး ၄၅ သိန်းအထိ မြင့်တက်လာတယ်။ ကျလိုက်တက်လိုက်ဖြစ်အောင် လုပ်လို့တတ်တယ်။ အာဏာရှိတဲ့ မိသားစုဝင်တွေဟာ သိန်းထောင်ပေါင်းများစွာ အလွယ်တကူ ရသွားတယ်။
မော်တော်ကားပါမစ်လည်း ဒီလိုပါပဲ။ ကားသွင်းခွင့်တွေ ပိတ်လိုက်တော့ ပါမစ်ဈေးတွေ တက်လာတာပေါ့။ ဘယ်လောက်တောင်တက်လဲ၊ ကားတွေဟာ ကမ္ဘာမှာ ဈေးအကြီးဆုံး ဖြစ်သွားတယ်။ ပါမစ်တစ်စောင် သိန်း ၇၀၀ ကျော်ကနေ ၁၀၀၀ လောက်ထိရတယ်။ ပါမစ်ဆိုတာ စာရွက်ပဲလေ။ ဒီစာရွက်တွေကို ချမ်းသာသူတွေနဲ့ပေါင်းပြီး သိမ်းထားတယ်။ တဖြည်းဖြည်း ထုတ်ရောင်းတယ်။ ကိုယ့်ဘာသာကိုယ် ပြန်ဝယ်ပြီး ဈေးကစားတာပဲ။ လက်မှတ်ထိုးတဲ့သူ ဘယ်လောက်ချမ်းသာသွားလဲ။ (လာဘ်လည်းမစားဘူး။ ခိုးလည်းမခိုးဘူး။ မတရားလုပ်တာလည်း မဟုတ်ပါဘူး။)
သူချမ်းသာသွားတော့ ငွေနဲ့ပေါက်ပြီး ခိုင်းလို့ရတာတွေ အများကြီးပေါ့။ သူက အဖျက်လုပ်ငန်းတွေ လုပ်မလား၊ အပြုလုပ်ငန်းတွေ လုပ်မလား။ ကြိုက်သလို လုပ်လို့ရတယ်။ ဒီလိုလုပ်နိုင်တဲ့ လူတစ်စုကို အာဏာရှင်စနစ်က ဖန်တီးပေးလိုက်တယ်။
အဲဒီမှာ အစိုးရနဲ့ ပေါင်းစားကာ ပိုပြီးချမ်းသာသွားတဲ့ ငွေရှင်ကြေးရှင်တွေကို ခရိုနီတွေလို့ ခေါ်တာပဲပေါ့။ ဦးနေ၀င်းလက်ထက်က လူတွေလက်ထဲ ငွေတွေမကျန်အောင် ငွေတွေကို တရားမ၀င် အကြိမ်ကြိမ်ကြေညာခဲ့တယ်။
လူတွေလည်းမွဲ၊ တိုင်းပြည်လည်း မွဲသွားတာပဲ။ မြန်မာပြည်ဟာ သူ့လက်ထက်မှာ အဆင်းရဲဆုံးနိုင်ငံ (LDC) စာရင်းဝင်သွားတယ်။ မြန်မာနိုင်ငံဟာ ဒီနေ့အထိ အဆင်းရဲဆုံးနိုင်ငံ (LDC) ပါပဲ။
ကျွန်တော်တို့နိုင်ငံဟာ အဏရှင်အစိုးရနဲ့ အဲဒီအစိုးရနဲ့ ပတ်သက်တဲ့သူတွေရဲ့ လက်ထဲမှာ ငွေကြေးအမြောက်အမြား ရောက်သွားပြီးတဲ့နောက်မှာမှ ဒီမိုကရေစီခရီးကိုသွားဖို့ ဖြစ်လာတာပါ။
အားလုံးက မပြောင်းလဲဘူး။ မရွေ့ဘူး။ အကျင့်ပျက်ခြစားမှုတွေ ရှိနေသေးတယ်။ ဆင်းရဲတွင်းထဲက မထွက်နိုင်ဘူး။ အခြေအနေမကောင်းဘူး... စတဲ့ အနုတ်လက္ခဏာဆောင်တဲ့ သဘောတွေကိုသာ ပြောနေကြတာကို ကြားကြမှာပါပဲ။ တကယ်လည်း သင်ဘာတွေ မျှော်လင့်ထားပါသလဲ။ Mind-Set ဖြစ်နေတဲ့ စစ်အရာရှိမှ ကူးပြောင်းလာတဲ့ စစ်သည်(အငြိမ်းစား)အများစုဟာ အစိုးရအဖွဲ့ထဲတွင် ရှိနေတယ်။ ထို့အပြင် လွှတ်တော်ထဲတွင် တာဝန်ထမ်းဆောင်ဆဲ စစ်သည် ၂၅ ရာခိုင်နှုန်းလည်း ရှိနေပါသေးတယ်။
သူတို့အားလုံးအထက်မှာ ‘ကာလုံ’ ဆိုတဲ့ အဖွဲ့လည်း ရှိနေသေးတယ်။ ကျွန်တော်အပြစ်တင်ပြောဆိုနေတာ မဟုတ်ပါဘူး။ ဖြစ်စဉ်ကို သဘောပေါက်စေဖို့ ပြောတာပါပဲ။ ခုအခြေအနေမှာ အစိုးရနဲ့ ငွေကြေးချမ်းသာသူတွေဟာ ပူးတွဲလုပ်ကိုင်စရာတွေ အများကြီးရှိတယ်။
ကားတွေသွင်း၊ ဘဏ်တွေဖွင့်။ ဖုန်းတွေသွင်း၊ ကုမ္ပဏီတွေဖွင့် စသဖြင့် သူတို့အနေနဲ့ ငွေကြေးခ၀ါချချင်သလို ချခွင့်ရနေကြတယ်။ (နိုင်ငံခြားဘဏ်တွေမှာ မြန်မာပြည်ကပိုင်ငွေ ဒေါ်လာ ၁၁ ဘီလျံလောက် ရှိနေတယ်လို့ သတင်းစာတွေကလည်း ဆိုတယ်။) လောလောဆယ် သူတို့မှာ အာဏာနည်းလာတယ်။ (ဒီမိုကရေစီမှာ ပြည်သူကပေးမှ အာဏာရတာကိုး။) ဒါကို မီဒီယာတွေက ထောက်ပြတော့ သူတို့က မီဒီယာတွေကို ငြိုးကြတာပေါ့။ ဒါပေမဲ့ ငွေကြေးဟာ အာဏာ (Money is power) ပဲဆိုတော့ သူတို့လုပ်နိုင်တာလေးတွေလည်း ရှိတယ်။ ဒီအခါမှာ သူတို့ ဆုံးဖြတ်ရပါမယ်။ တိုင်းပြည်ကောင်းစားရေးအတွက် ဆောင်ရွက်မှာလား၊ ဒါမှမဟုတ် ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုတာမျိုး လုပ်မလား။
တိုင်းပြည်ကောင်းစားရေးအတွက် လုပ်မယ်ဆိုရင်တော့ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ အစိုးရကို ပြည်သူတွေ ယုံကြည်လာတဲ့အထိ အနစ်နာခံသွားရမယ်။ ခရိုနီတွေလည်း တိုင်းပြည်တည်ဆောက်ရာမှာ ပါဝင်ကူညီလာကြရမယ်။ သို့တည်းမဟုတ် ငွေကြေးရနိုင်တဲ့ နည်းလမ်းတွေကိုပဲ ယခင်နည်းအတိုင်း ရှာကြံပြီး လုပ်လို့ရတဲ့အထိ လုပ်သွားဖို့ ရည်ရွယ်ထားသလား။ (မရရင် အာဏာသိမ်းဖို့များ ရည်ရွယ်ထားသလား)။ ဒုတိယနည်းနဲ့ ခရီးသွားရင်တော့ ဒီမိုကရေစီပန်းတိုင်ကို တော်တော်နဲ့ရောက်မှာ မဟုတ်ပါဘူး။ တိုင်းပြည်လည်း ဆင်းရဲမွဲတေနေဦးမှာပါပဲ။
အာဏာရယူထားသူများ၊ လုပ်ပိုင်ခွင့်ရှိသူများနှင့် ငွေရှင်ကြေးရှင်တို့ခင်ဗျား....
တိုင်းပြည်အတွက် ဘယ်လိုသမိုင်းကို ရေးမှာလဲ။ ကျွန်တော်တို့ ပြည်သူများ မျှော်လင့်စောင့်စားနေကြပါတယ်။

Credit - Eleven Media Group



No comments:

Post a Comment