ဆရာကြီး ဦးအောင်သင်း ကွယ်လွန်သွားပြီးဆိုတဲ့ သတင်းကို ကြားလိုက်ရတော့
စိတ်မကောင်း ဖြစ်မိတယ်။ ဆရာ့စာတွေကို ကျောင်းသားဘဝကတည်းက စိတ်ဝင်စားပါတယ်။
စာပေလောကမှာ ပြောင်မြောက်တဲ့ ဝေဖန်ရေးဆရာတစ်ဦး ဖြစ်လို့လည်း ဆရာ့လို
သိချင်၊ ရေးချင်စိတ်တွေ ဖြစ်ခဲ့မိတယ်။
ကျွန်တော် ကျောင်းဆရာဖြစ်တော့
မဂ္ဂဇင်းတစ်စောင်မှာ “ကန့်ကူလက်လှည့်” ဆိုတဲ့ ဆောင်းပါးလေးတစ်ပုဒ်
ဖတ်လိုက်ရတယ်။ အဲဒီဆောင်းပါးကို ဆရာဦးအောင်သင်း ရေးတာ။ ဖတ်မိပြီး
ကြိုက်လွန်းလို့ မိတ္တူတွေကူးပြီး မိတ်ဆွေ ကျောင်းဆရာတွေကို
လိုက်ဝေပေးမိတယ်။
ကန့်ကူလက်လှည့် ဆောင်းပါးထဲက ဆရာ့သူငယ်ချင်းဆရာ
ကိုဉာဏ်စိန်ရဲ့ စာသင်ပုံ သင်နည်းကို အရမ်းအားကျခဲ့ရတယ်။ ဆရာအတတ်သင်တန်း
သွားတက်တော့လည်း ဆရာကိုဉာဏ်စိန်ရဲ့ ဆီးသီး method နဲ့ ဝလုံးသင်ပုံကို
ပြောမိပေမယ့် တစ်ယောက်မှ မဖတ်ဖူးကြဘူးဆိုလို့ ကိုယ့်ဆီမှာရှိတဲ့ စာတွေကို
မိတ္တူကူးပြီး ပြန်မျှဝေခဲ့ရတယ်။
ဆရာကိုဉာဏ်စိန် ဆီးသီး method ကို
ဘယ်လိုတတ်ခဲ့တယ်တော့ မပြောတတ်ပါဘူး။ ဆရာ ဦးအောင်သင်းလို သူငယ်ချင်းက
ဖော်ထုတ်ပေးခြင်း မရှိဘူး ဆိုရင်လည်း ကိုဉာဏ်စိန် အကြောင်းကို
ဒီလောက်သိလာစရာ အကြောင်းမရှိဘူး။ ကိုဉာဏ်စိန်ထက် သင်ကြားမှု
တီထွင်အားကောင်းတဲ့ ဆရာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့
ဆရာဦးအောင်သင်းလို ပြောပေးမယ့်သူ မရှိတာကြောင့် လူမသိကြဘူး။
တစ်လောက Facebook ပေါ်မှာ ချောင်းဦးမြို့နယ်၊ ဆူးလေကုန်းကျေးရွာက
ဆရာဦးသန်းလှိုင်ရဲ့ ငိုနေတဲ့ ပုံတွေ တက်လာတယ်။ Facebook ကောင်းမှုနဲ့
ဆရာဦးသန်းလှိုင်အကြောင်း လူသိများပြီး “လူမှုထူးချွန်ဆရာဆု” ရသွားတယ် ဆိုတာ
သိလိုက်ရလို့ မုဒိတာ ပွားမိပါတယ်။
Facebook ပေါ်မှာ ချက်ချင်းသိပြီး၊
ချက်ချင်း ဆုပေးလိုက်ရတဲ့ ပညာရေးဌာနက လုပ်ဆောင်ချက်ကိုတော့ သိပ်ပြီး
ဘဝင်မကျမိဘူး။ ကျောင်းဆရာလောကမှာ ဦးသန်းလှိုင်ထက် ဘဝနာပြီး
ရင်းလိုက်ရတဲ့သူတွေ အများကြီး ရှိပါတယ်။ ဦးသန်းလှိုင်က မျက်ရည်လောက်ပဲ
ရင်းရတယ်။ အသက်နဲ့ ရင်းသွားရတဲ့ ကျောင်းဆရာတွေ အများကြီး ရှိတယ်။ ကျွန်တော်
ရိုးမတောထဲ ကျောင်းဆရာ သွားလုပ်တော့ ငှက်ဖျားဖြစ်ပြီး တောထဲမှာ ဖြစ်သလို
မြုပ်ခဲ့ရတဲ့ ကျောင်းဆရာ၊ ဆရာမတွေ အများကြီး ရှိခဲ့တယ်။ ဒီလိုပဲ
တစ်နိုင်ငံလုံးမှာ ထူးချွန်ဆုပေးထိုက်တဲ့ ဆရာပေါင်း များစွာရှိနေမှာ
သေချာတယ်။
ဒါပေမဲ့ ပညာရေးဌာနမှာက ကျောင်းဆရာလောကကို
စိတ်ဝင်စားစွာနဲ့ ကိုယ်ချင်းစာပြီး ကူညီကယ်မနေသူတွေက အရှားသား။ စေတနာ၊
ဝါသနာ၊ အနစ်နာတွေခံပြီး ရိုးကုတ်စွာ လုပ်နေတဲ့ သူတွေလည်း အများသား။
သူတို့ကို သွားလေ့လာကြည့်၊ ဘယ်သူမှ လူမှုထူးချွန်ဆု ဆိုတာကြီးကို
ရစေလိုတာကြောင့် လုပ်နေကြတာ မဟုတ်ဘူး။
ကျွန်တော် ရိုးမတောထဲမှာ
ကျောင်းဆရာ လုပ်နေတော့ ကျွန်တော့် ရွာနဲ့ လမ်းလျှောက်ရင် သုံးနာရီလောက်
ဝေးတဲ့ရွာကို ဆရာမလေးတစ်ယောက် မူလတန်းကျောင်းအုပ် အဖြစ် ရောက်လာတယ်။
ကလေးငယ်ငယ်လေးကို ခွဲထားလို့ မရတာကြောင့် တစ်ပါတည်း ခေါ်လာတယ်။
သူ့မိခင်ကြီးကလည်း မြေးကို စိတ်မချလို့ လိုက်လာတယ်။ တစ်လအကြာမှာ
ငှက်ဖျားမိပြီး မိခင်ဆုံးတယ်။ နောက်သုံးလအကြာမှာ အအေးဒဏ်ကြောင့်
ကလေးဆုံးတယ်။ ကျွန်မလည်း ဒီမှာပဲ အသေခံတော့မယ်ဆိုပြီး ကျွန်တော်
အငြိမ်းစားယူတဲ့အထိ မပြောင်းသေးပဲ ပေတေပြီး တောထဲမှာ နေသွားခဲ့တဲ့
ဆရာမလေးကို ကျွန်တော်က ဆရာ ဦးအောင်သင်းလို မဖော်ထုတ်ပေးနိုင်ခဲ့ဘူး။
ကျွန်တော် ဖော်ထုတ်မယ် ဆိုရင်လည်း အဲဒီဆရာမလေးက ကြိုက်မှာ မဟုတ်ဘူး။
သူပြောတဲ့ စကားတစ်ခွန်းကို ခုထိ မှတ်မိနေသေးတယ်။
“အစကတော့
ဝါသနာပါလို့ ကျောင်းဆရာ ဝင်လုပ်တာ မဟုတ်ဘူး။ ကျောင်းဆရာလုပ်ပြီး ဒီနယ်ကို
ရောက်လာတယ်။ အမေနဲ့ သမီးလေး ဆုံးသွားတယ်။ ဒီတော့ ဖြစ်ချင်ရာဖြစ်စမ်း
ဆိုပြီးတော့ ပေပေတေတေ အပြောင်းအရွှေ့ မတင်ဘဲ နေလိုက်တယ်။ ဒီတော့မှ ဒီရွာ
အကြောင်းကို သိလာတယ်။ ဒီမှာ ငှက်ဖျားနဲ့ သေတယ်ဆိုတာ အဆန်းမှ မဟုတ်တာ။
ကျွန်မလည်း စိတ်ဓာတ်ကျပြီး ငါလည်း သေချင်သေပါစေဆိုပြီး နေခဲ့ရာက ရွာကိုရော
ကလေးတွေကိုပါ သံယောဇဉ် ဖြစ်သွားတယ်။ ကိုယ့်သမီးလေး သေတဲ့ နေရာကနေ
မခွဲချင်တာလည်း ပါတာပေါ့” လို့ သူက ပြောတယ်။
ကျွန်တော်တစ်ခါက ဆရာ
ကိုသာဒင်အကြောင်း ရေးဖူးတယ်။ သူလည်း ရိုးမတောကြီးထဲမှာ ကျောင်းတစ်ကျောင်း
ဖြစ်မြောက်အောင် ကိုယ်တိုင်တောထဲကို သစ်ဝါး ဝင်ခုတ်ပြီး ကြိုးပမ်းရာက
ငှက်ဖျားဖြစ်ပြီး သေသွားခဲ့ရတယ်။ သူသေတော့ တစ်ကျောင်းလုံးငို၊ တစ်ရွာလုံး
ငိုကြတာပဲ။ ဒါပေမဲ့ တောထဲ တောင်ထဲကလူတွေ အင်တာနက်တွေ Facebook တွေ
မသိပါဘူး။ ဓာတ်ပုံရိုက်ဖို့ ကင်မရာတောင် ရှိကြတာ မဟုတ်ဘူး။
အဲဒီလို
ဆရာတွေ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ အများကြီး။ ဒါတွေကို
ဖော်ထုတ်ပေးဖို့ဆိုတာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေ၊ ကျောင်းအုပ်တွေမှာ
တာဝန်ရှိတယ်။ မှတ်တမ်းနဲ့ ပြုစုပြီးတော့ သဘောထားကြီးစွာ
ထောက်ခံတင်ပြဖို့လည်း လိုတာပေါ့။ အောက်ခြေကနေ စစ်ဆေးတာတွေကို ပုံမှန်လုပ်၊
လက်ထောက် မြို့နယ်ပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေ၊
ခရိုင်ပညာရေးမှူးတွေ၊ လက်ထောက်တိုင်း စစ်ဆေးရေးတွေ၊ တိုင်းပညာရေးမှူးတွေ
အလုပ်တွေ အများကြီးလုပ်ဖို့ လိုတယ်။ ဂုဏ်ပြုသင့်တဲ့ သူတွေကို
ဂုဏ်ပြုချင်တဲ့စိတ်၊ ချီးမြှင့်ထိုက်သူတွေကို ချီးမြှင့်ချင်တဲ့
စိတ်တွေလည်း အများကြီးရှိဖို့ လိုတယ်။
ကျောင်းစစ်ဆေးရေးသွားတဲ့
တာဝန်ရှိသူတွေက ပေးတာယူ ကျွေးတာစားပြီး ခေါင်းလေးညိတ် ပြန်လာ၊
ကိုယ့်တာဝန်ကို ကိုယ် မလေးစားဘူး ဆိုရင်တော့ နောက်နှစ်လည်း Facebook ပေါ်ကနေ
ငိုပြတာလေးတွေကို ကြည့်ပြီး ပညာရေး ဝန်ကြီးဌာနက ဆုပေးဦးမယ် ထင်ပါတယ်။
ပညာရေးဌာနက တာဝန်ကျေ ဝတ္တရားကျေ လုပ်နေတဲ့ သူတွေနဲ့ဆိုရင်တော့
ကျွန်တော်ထင်ပါတယ် နောက်နှစ်တွေမှာလည်း ရာသီချိန် ကိုက်ပြီးတော့
လော့ဘီလုပ်သူတွေ၊ ငိုပြသူတွေ ဆိုရှယ်ကွန်ရက်ပေါ်မှာ ဒီ့ထက် ပေါလာနိုင်စရာ
အကြောင်း ရှိပါတယ်။
အငြိမ်းစားကျောင်းဆရာတစ်ဦး
-------------------------------
မှတ်ချက်။ ။ ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice ၏ အာဘော် မဟုတ်ပါ။
Credit - The Voice Weekly
No comments:
Post a Comment