Sunday, October 26, 2014

ပြည်ထောင်စု တရားသူကြီးချုပ်အား ပြည်ထောင်စု လွှတ်တော်ကသာ ရွေးချယ်နိုင်ရန် ပြင်ဆင်သင့်ကြောင်း ဦးခင်အောင်မြင့် အကြံပြု

  ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးချုပ်အား ပြည်ထောင်စုလွှတ်တော်ကသာ ရွေးချယ်နိုင်ရန် ပြင်ဆင်သင့်ကြောင်း ဦးခင်အောင်မြင့်က အကြံပြုထားသည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဦးခင်အောင်မြင့်က ပုဒ်မ ၂၉၉(ဂ)အား နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်အပ်သင့်သော ပုဂ္ဂိုလ်၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသဘောတူညီချက် ရယူရမည်ဟူသော ပြဋ္ဌာန်းချက်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး၏ အကြီးအမှူးကို သမ္မတအား
ခန့်အပ်ခွင့်အာဏာပေးရာ ရောက်နေသဖြင့် အုပ်ချုပ်ရေး လက်အောက်တွင် တရားရုံးများ အလိုအလျောက် ရောက်ရှိသကဲ့သို့ ဖြစ်နေကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်ကို ပြည်ထောင်စု လွှတ်တော်ကသာ ရွေးချယ်နိုင်ရန် ပြင်ဆင်သင့်ကြောင်း အကြံပြုထားသည်ဟု သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ဦးရေတူညီစွာ ရွေးချယ်ထားသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အမည်စာရင်းကို လည်းကောင်း၊ ယင်းတို့အနက် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် တာဝန်ပေးအပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း၍ ရွေးချယ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦး၏ အမည်ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီး သဘောတူညီချက် ရယူရမည်ဟု ပြင်ဆင်သင့်ကြောင်း အကြံပြုထားသည်။
ပုဒ်မ ၂၉၉(ဂ)တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပုဒ်မ ၂၉၉၊ ပုဒ်မ ခွဲ(ဂ)(၁)နှင့် လိုက်လျောညီထွေအောင် ပုဒ်မ ခွဲ(ဂ)(၂)ကို ပုဒ်မ ၃ဝ၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က အမည်စာရင်း တင်သွင်းသူများကို ငြင်းပယ်နိုင်သည်ဟု ပြင်ဆင်ရန် အကြံပြုချက်အား ရခိုင်အမျိုးသားပါတီနှင့် တစညပါတီတို့က သဘောတူပြီး အင်န်အယ်လ်ဒီပါတီက ပုဒ်မ ၂၉၉(ဂ)(၂) ကို ပယ်ဖျက်ရန် အကြံပြုထားသည်။
ထို့အပြင် ပုဒ်မ ၂၉၉(ဂ) ပုဒ်မခွဲငယ်(၄)အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပုဒ်မခွဲငယ်(၃)အရ အမည်စာရင်းသစ် ထပ်မံတင်သွင်းသည့်အခါ ပြည်ထောင်စုလွှတ်တော်က ငြင်းပယ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးသည် နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် ပုဂ္ဂိုလ်ဖြစ်လျှင် နိုင်ငံတော်သမ္မတက လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် ပုဂ္ဂိုလ်ဖြစ်လျှင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လည်းကောင်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် ပုဂ္ဂိုလ်ဖြစ်လျှင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက လည်းကောင်း အမည်စာရင်းသစ်ကို ထပ်မံတင်သွင်းခွင့်ရှိသည်ဟု ပြင်ဆင်ရန် အကြံပြုထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Credit - Eleven Media Group

No comments:

Post a Comment