Monday, November 17, 2014

ကိုယ်ချင်းစာတရားလက်ကိုင်ထား ဒီမိုကရေစီဘက်တော်သား

အတွေးအမြင်
==========================================
ကိုယ်ချင်းစာတရားလက်ကိုင်ထား ဒီမိုကရေစီဘက်တော်သား
==========================================

(မင်္ဂလာဆရာဒွေး-မနောမယပတ္တမြားတောင်)

ကိုယ်ချင်းစာတရားဟူသောစကားရပ်ပါဝင်သည့် စာတန်းလေး
အားလေ့လာမည်ဆိုပါက စာလုံးအားဖြင့် ငါးလုံးသာပါဝင် ဖွဲ့စည်းထားသည်ကို တွေ့ရှိရမည်ဖြစ်သော်လည်း ထိုစာတန်းပါစာလုံး လေးငါးလုံး၏ အဓိပ္ပာယ်များသည် ကမ္ဘာပေါ်ရှိလူသားအားလုံး၊ လူ၊ နတ်၊ ဗြဟ္မာသတ္တဝါ အားလုံးနှင့်သက်ဆိုင်သည်ဟုဆိုပါလျှင် လွန်အံ့ မည်မထင်ပါ။


အဘယ်ကြောင့်ဆိုသော် အိမ်တစ်အိမ်တွင်ဖြစ်စေ၊ နိုင်ငံတစ် နိုင်ငံတွင်ဖြစ်စေ ထိုအိမ်တစ်အိမ်၊ ထိုနိုင်ငံတစ်နိုင်ငံတွင် နေထိုင်ကြ သည့် ပုဂ္ဂိုလ် အသီးသီးတို့၏ လုပ်ကိုင်ဆောင်ရွက်နေမှုအခန်းကဏ္ဍများ ဖြစ်သည့် လူသားချင်း စာနာထောက်ထားမှုဖြစ်သော ကိုယ်ချင်းစာ တရားရှိမှုသည် ထိုအိမ်တစ်အိမ်၊ ထိုနိုင်ငံတစ်နိုင်ငံတို့၏ တိုးတက် မှု၊ ဆုတ်ယုတ်မှုဖြစ်သည့်ချမ်း သာမှု၊ ဆင်းရဲမှုဖြစ်ပေါ်လာစေ သောအကြောင်းတရား(Mind Set) မြင့်မားမှု၊ နိမ့်ကျမှုပေါ်တွင် ဖြစ်တည်နေကြောင်း ကမ္ဘာ့နိုင်ငံ အသီးသီး၏ သမိုင်းကြောင်းများ အား လေ့လာမည်ဆိုပါက ထင် ရှားစွာတွေ့မြင်နိုင်ပေမည်။ ထို နိုင်ငံများအား လက်ညှိုးထိုး၍မပြ လိုတော့ပါ။

ကိုယ်ချင်းစာတရားဟူသော အဓိပ္ပာယ်ကို လူတိုင်းသိကြသော် လည်း လူတိုင်းရာခိုင်နှုန်းပြည့် လိုက်နာကျင့်သုံးနိုင်ရန်ကား ခဲ ယဉ်းလှသည်ကိုတွေ့ရှိရပေသည်။

ရာခိုင်နှုန်းပြည့် လိုက်နာနိုင်ကြ မည်ဆိုလျှင်ပင် ယနေ့ကမ္ဘာကြီး သည် ငြိမ်းချမ်းသာယာသောကမ္ဘာ ကြီးဖြစ်နေမည်မှာ မြေကြီး လက်ခတ်မလွဲဖြစ်ပေလိမ့်မည်။ နေ့စဉ်ဖတ်ရှုနေရသော နိုင်ငံတကာသတင်းများ၌ ဆီးရီးယား၊ လစ်ဗျားစသည့်နိုင်ငံတို့တွင် လူသားဦးရေသောင်းသိန်းချီလျက် သေဆုံး ခဲ့ရသည့်ဖြစ်စဉ်သာဓကများအား လေ့လာကြည့်မည်ဆိုပါလျှင် မျက် ဝါးထင်ထင်တွေ့မြင်ရပေလိမ့်မည်။

ယနေ့တစ်စခန်းထ ဖတ်ရှုနေရ သော နိုင်ငံတကာ သတင်းများမှအစ္စလာမ္မစ်နိုင်ငံ(အိုင်အက်စ်)သတင်း မှာလည်း စိတ်ဝင်စားဖွယ် သတင်းများတွင် ပါဝင်နေကြောင်း တွေ့ရှိရ ပေသည်။

ပြည်တွင်းသတင်းစာ၏ စာတည်းမှူးထံ ပေးစာများအား နေ့စဉ် ဆိုသလို ဖတ်ရှုနေရသည့်စာများအား လေ့လာမည်ဆိုပါလျှင်လည်း စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များ၊ လျှံထွက်နေသောမိလ္လာများ အား ရှင်းလင်းပေးစေလို၊ ပိတ်ဆို့နေသောရေမြောင်းများနှင့် စည်း ကမ်းမဲ့ဈေးဆိုင်တန်းအား ဖယ်ရှားပေးစေလိုနှင့် တရားမဝင်ခြံခတ် ထားခြင်းအား ရှင်းလင်းပေးစေလိုသည့်သတင်းများမှာလည်း လူသား အားလုံးတို့၏ ကိုယ်ချင်းစာတရားရှိမှုပေါ်တွင် များစွာမူတည်နေ ကြောင်း ယူဆရပေသည်။

ယနေ့လူသားကမ္ဘာတွင် ဖြစ်ပျက်နေကြသည့် ဖြစ်စဉ်ဖြစ်ရပ်များ အား လေ့လာဆန်းစစ်ကြည့်ပါက အဓိကအားဖြင့်အထက်တွင်ရေးသား ဖော်ပြခဲ့သည့် ကိုယ်ချင်းစာတရားဟူသော စာတန်းလေး၏အဓိပ္ပာယ် ဝေါဟာရကို လူတိုင်းလူတိုင်း သိကြမည်ဖြစ်သော်လည်း လိုက်နာနိုင် သည့် အင်အားနည်းပါးမှုကြောင့်ဖြစ်သည်ဟု ယူဆရပေသည်။

ကိုယ် ချင်းစာတရားဟူသော ဝေါဟာရအဓိပ္ပာယ်၏တန်ဖိုးကို လူတိုင်းရာခိုင် နှုန်းပြည့်လိုက်နာနိုင်ရန် ခဲယဉ်းမည်ဖြစ်သော်လည်း လိုက်နာနိုင်မှု ၇၅ ရာခိုင်နှုန်းမျှ လိုက်နာနိုင်မည်ဆိုပါလျှင် ကိုယ်ချင်းစာတရားရှိသူဖြစ် သည်ဟု လက်ခံနိုင်ဖွယ်ရာဖြစ်ပေတော့မည်။

ယနေ့ပကတိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပေါ် လျက်ရှိသည့် ပြဿနာအရပ်ရပ်တို့အား လေ့လာဆန်းစစ်ရသော် အဓိကမှာ ကိုယ် ချင်းစာတရားနည်းပါးခြင်းကြောင့်ပင်လျှင် နိုင်ငံအချို့၌ စစ်ပွဲကြီးများ၊ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေသည်ဟုယူဆရပေသည်။

မိမိတို့ အဓိကအလေးထားဦးစား ပေးဆောင်ရွက်ရမည့်ကဏ္ဍအသီးသီးမှ ကိစ္စအရပ်ရပ်များအား မှန်ကန်တည့်မတ် ဖြောင့်မှန်စွာ ဆောင်ရွက်နိုင်ကြမှသာလျှင် ဦးတည်ရာလမ်းကြောင်းမှန်ကို အမှန်တ ကယ်ပင် ရောက်ရှိနိုင်ကြမည်ဖြစ်ပေ သည်။

ထို့အတူ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းသည်လည်း အထက်တွင် ဖော်ပြခဲ့သည့် ကိုယ်ချင်းစာတရားဟူသော လူသားချင်းစာနာထောက်ထားသည့် စိတ် ဓာတ်များမွေးမြူသည့် (Mind Set) များ အဆင့်မြင့်မား တိုးတက်လာသည်နှင့်အမျှ ဒီမိုကရေစီလမ်းကြောင်းသည်လည်း ပို၍ ပို၍ လျင်မြန်စွာဖြစ်ပေါ်လာပေလိမ့်မည်။

ယနေ့ကမ္ဘာပေါ်ရှိ ခေတ်မီဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ဒီမိုက ရေစီနိုင်ငံကြီးများကို လှမ်းမျှော်ကြည့်မည်ဆိုပါက လူသားချင်းစာနာ ထောက်ထားသည့်ကိုယ်ချင်းစာတရားများမှာ အဆင့်မြင့်မားသည့် လူ သားစိတ်ဓာတ် (Mind Set) များဖွံ့ဖြိုးတိုးတက်နေသည်ဟု ယူဆရ ပေသည်။

အချုပ်အားဖြင့်ဆိုရသော် ယနေ့ဖော်ဆောင်လျက်ရှိသည့် မြန်မာ နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းသည်လည်း ကဏ္ဍအသီးသီး၌ ပါဝင်ကပြ နေကြသည့် နိုင်ငံသူ၊ နိုင်ငံသားအပေါင်းတို့၏ လူသားချင်းစာနာ ထောက်ထားသည့် ကိုယ်ချင်းစာတရားဟူသော စာတန်းလေးငါးလုံး အား အလေးထား ဦးစားပေးဆောင်ရွက်နိုင်ကြမှသာလျှင် မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းသည်လည်း ကောင်းမွန်လှပသော အနာဂတ် သမိုင်းဖြစ်စဉ်များအား မျှော်မှန်းလျက် ဧကန်မုချလျင်မြန်စွာ ရောက် ရှိနိုင်မည်ဖြစ်ပါကြောင်း မေတ္တာတော်အနန္တဖြင့် ရေးသားလိုက်ရပေ သည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

 
 

No comments:

Post a Comment