အာဆီယံ အစည်းအဝေးများ၏ အထွတ်အခေါင် ဖြစ်သော အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတို့ ကျင်းပပြီးစီးသွားရာ အစကောင်းလေပြီ။
အမေရိကန်သမ္မတ အိုဘားမား၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ရုရှားဝန်ကြီးချုပ် မက်ဗီဒက်ဗ်စသော ကမ္ဘာ့ခေါင်းဆောင်များကို မြန်မာသမ္မတ ဦးသိန်းစိန်က အိမ်ရှင်အဖြစ် ဧည့်ခံနေသော မြင်ကွင်းများ၊ မြန်မာသမ္မတကတော်နှင့် အိုဘားမားတို့ ရင်းရင်းနှီးနှီး ဘေးချင်းကပ်ဓာတ်ပုံများက မြန်မာတို့ ကမ္ဘာ့မျက်နှာစာသို့ ပြန်လည်ဝင်ဆံ့ခဲ့ပြီကို ပြသည်။
မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ နေရာကို အောင်အောင်မြင်မြင်မှ တာဝန်ယူနိုင်ပါ့မလားဟု ပူပန်ခဲ့ကြသည်။ ထောင်ဂဏန်းချီသော အစည်းအဝေးများကို အောင်အောင်မြင်မြင် ကျင်းပနိုင်ပါ့မလားဟု Logistics ရှုထောင့်မှ ပူသူတို့က ပူကြသည်။ ပူမည်ဆိုလည်း ပူစရာ၊ မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ်သည် လျော့တိလျော့ရဲ အခြေအနေတွင် ရှိသည်။ အတွေ့အကြုံလည်း အားနည်းသည်။ သို့သော် ထိပ်သီးအစည်းအဝေးများ အပါအဝင် အစည်းအဝေးများသည် ရှောရှောရှူရှူ ကျင်းပပြီးစီးသွားသည်။ World Economic Forum နှင့် အရှေ့တောင်အာရှ အားကစားပွဲတို့၏ အတွေ့အကြုံကလည်း အာဆီယံ အစည်းအဝေးများကို အကူအညီပေးသည်။ အထူးသဖြင့် World Economic Forum သည် နိုင်ငံတကာအဆင့် အစည်းအဝေးကြီးများ၊ ညီလာခံကြီးများ အောင်မြင်စွာ ကျင်းပပုံ ကျင်းပနည်းကို မြန်မာနိုင်ငံတွင် အိမ်တိုင်ရာရောက် လာရောက်ပို့ချသွားသော ပွဲကြီးဖြစ်သည်။
နောက်တစ်ခု စိတ်ပူကြသည်မှာ တောင်တရုတ်ပင်လယ်ကိစ္စ။ တရုတ်သည် ခေါင်းဆောင်သစ် လက်ထက်တွင် လက်ရုံးဆန့်တန်းကာ ယခင်နှင့်မတူ ဒေသတွင်း နယ်မြေအငြင်းပွားမှုများကို တင်းတင်းမာမာ တုံ့ပြန်ချိန်တွင် မြန်မာသည် တရုတ်နှင့် ရင်းနှီးသောနိုင်ငံ ဖြစ်နေသည့်အတွက် တရုတ်က ခြယ်လှယ်လေမလားဟု စိုးရိမ်ကြသည်။ ထိုကိစ္စတွင်လည်း မြန်မာကိုင်တွယ်ပုံ ကောင်းသည်ဟု ဆိုရမည်။ ကမ္ဘောဒီးယားတုန်းကလို အသံမထွက်လိုက်။
အာဆီယံဥက္ကဋ္ဌ တာဝန်ကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ခြင်းအတွက် မြန်မာနိုင်ငံသားများ အနေနှင့် ဂုဏ်ယူစရာ။ အာဆီယံသည် အစိုးရတစ်ခုတည်းနှင့်သာ ဆိုင်သည်မဟုတ်၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်ပါ ပါဝင်ပတ်သက်နေသည်။ အာဆီယံ၏ အဓိက မဏ္ဍိုင်ကြီးသုံးရပ် ကိုယ်တိုင်က နိုင်ငံရေးနှင့်လုံခြုံရေး၊
အာဆီယံ အစည်းအဝေးများကို ကျင်းပလိုက်နိုင်ခြင်းသည် မြန်မာ့နိုင်ငံတကာ ဆက်ဆံရေးတွင် မှတ်တိုင်ကြီးတစ်ရပ် ဖြစ်သည်။ အထူးသဖြင့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲသည် ရုရှား၊ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယစသော နိုင်ငံကြီးများ ပါဝင်နေရာ မြန်မာ့မြေပေါ်တွင် ပြုလုပ်ခဲ့သမျှတွင် အကြီးဆုံးနှင့် အရေးပါဆုံးသော နိုင်ငံတကာ အစည်းအဝေးကြီး ဖြစ်သလို မြန်မာ့သမိုင်းတွင် နိုင်ငံတကာ မီးမောင်းအောက် အရောက်ဆုံး ကာလလည်း ဖြစ်သည်။
အာဆီယံ အစည်းအဝေးများသည် မြန်မာ့နိုင်ငံတကာ ဆက်ဆံရေးအတွက်သာမက မြန်မာ့ပြုပြင်ပြောင်းလဲရေး
ကမ္ဘာ့ဇာတ်ခုံပေါ်သို့ မြန်မာ ပြန်လည်တက်ရောက် ကပြခွင့်ကို အခွင့်ကောင်းယူနိုင်လျှင် မြန်မာနိုင်ငံသည် နိုင်ငံတကာအလယ်တွင် Player ဇာတ်လိုက် ဖြစ်လာနိုင်သည်။ စင်စစ် တရုတ်၏ ထွက်ပေါက်တွင် ရပ်တည်နေသော တည်နေရာ၊ အရွယ်အစားနှင့် လူဦးရေတို့ကြောင့် မြန်မာနိုင်ငံသာ လုပ်တတ်ကိုင်တတ်၊ ကြိုးစားတတ်လျှင် ဒေသတွင်း Player သာမက ဒေသအပြင်ဘက်တွင်ပါ လောက်လောက်လားလား ရှိသော Player ဖြစ်လာနိုင်သည်။
၁၉၅၀၊ ၁၉၆၀ လောက်တွင် မြန်မာတို့သည် နိုင်ငံငယ်သော်လည်း ဒေသတွင်းတွင် ပွဲလယ်တင့်ကြသည်။ ဘက်မလိုက်လှုပ်ရှားမှုကို အစပျိုးပေးခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ကို စတင်ဖော်ဆောင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပြီး ဘက်မလိုက်လှုပ်ရှားမှုကို တည်ထောင်သူ နိုင်ငံဖြစ်ကာ တရုတ်၊ အိန္ဒိယတို့နှင့် အရွယ်ချင်းကွာသော်လည်း မြန်မာခေါင်းဆောင်တို့သည် တန်းတူရည်တူ ဦးဆောင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ ဦးနု၊ ဦးကျော်ငြိမ်းတို့သည် အခြားနိုင်ငံတကာ ခေါင်းဆောင်များနှင့် ပခုံးချင်းယှဉ်နိုင်သော ခေါင်းဆောင်များ ဖြစ်ပြီး ဦးသန့်သည် နှစ်ကြိမ်ဆက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာသည်။
မြန်မာတို့သည် နိုင်ငံတကာအလယ်တွင် ထိုသို့ ပွဲလယ်တင့်ခဲ့ရာမှ ၁၉၆၂ နောက်ပိုင်းတွင် ကိုယ့်ဘာသာကိုယ် တံခါးပိတ်လိုက်ကြသည်။ ၁၉၈၈ နောက်ပိုင်းတွင် တံခါးပြန်ဟရန် ကြိုးစားသော်လည်း အမေရိကသို့ မလာရ၊ ဥရောပသို့ မလာရ၊ မြန်မာနိုင်ငံနှင့် စီးပွားရေးမလုပ်ရ၊ ပြည်တွင်းရှိ မြန်မာတို့ကို ပညာသင်ဆုမပေးရ စသည်ဖြင့် အခြားသူတို့က ကိုယ့်ကို အပိတ်ခံလိုက်ရသည်။ ကိုယ့်ဘာသာကိုယ်ပိတ်၊ အခြားသူက အပိတ်ခံရဖြင့် မြန်မာနိုင်ငံသည် ရာစုနှစ်ထက်ယက်ခန့် ပြင်ပကမ္ဘာနှင့် အလှမ်းဝေးခဲ့ရသည်။ ယခုအခါတွင်မူ ကိုယ်ကလည်း ဖွင့်လိုက်ပြီ၊ အခြားသူတို့ကလည်း လက်ကမ်းနေကြသည့်အတွက် ယနေ့သည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်း အကောင်းဆုံးအချိန်ပင် ဖြစ်သည်။
၂၀၁၄ အာဆီယံဥက္ကဋ္ဌ နေရာကို မြန်မာနိုင်ငံသည် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယင်းသည် လမ်းခရီးအစသာ ရှိသေးသည်။ မြန်မာသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင်းသို့ ဆိုင်းနှင့် ဗုံနှင့် ပြန်လည်ဝင်ရောက်ခဲ့ပြီ ဖြစ်ရာ ရှေ့တွင် ကြိုးစားစရာများစွာက စောင့်မျှော်နေသည်။ နိုင်ငံတကာက လေးစားရသည့် နိုင်ငံဖြစ်ရန် ကိုယ်တိုင်က ပေးထားသော ကတိများ စာချုပ်များကို လိုက်နာရန် လိုသည်။ နိုင်ငံတကာ အစည်းအဝေးများ၊ ညီလာခံများတွင် အိမ်ရှင် မဟုတ်ဘဲလည်း ဦးဆောင်နိုင်ရန် လူသားအရင်းအမြစ်တို့ကို မြှင့်တင်ပေးရန်လိုသည်။ နိုင်ငံတကာ အစည်းအဝေးများ လက်ခံကျင်းပနိုင်စွမ်းကို ပြသခဲ့ပြီးဖြစ်ရာ ဒေသဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အစည်းအဝေးများကို ဆက်လက် လက်ခံကျင်းပခြင်းဖြင့် မိမိနိုင်ငံ၏ ပုံရိပ်နှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတို့ အပါအဝင် မိမိနိုင်ငံ၏ အကျိုးစီးပွားတို့ကို ဆက်လက်ဖော်ဆောင်နိုင်မည် ဖြစ်သည်။ အာဆီယံဥက္ကဋ္ဌ နေရာက ပေးခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရှိန်အဟုန်တို့ကို အားကိုးကာ ပြုပြင်ပြောင်းလဲရေးများကို
အစကောင်းခဲ့လေပြီဖြစ်ရာ အနှောင်းသေချာစေရန် ခရီးပြင်း ဆက်နှင်ရပေဦးမည်။
Credit - The Voice Weekly

No comments:
Post a Comment