မြင့်နောင်မိုး
ရှိအချိန်ကာလမှာ မြန်မာနိုင်ငံအတွက် မိုး လေကင်းလွတ်သော ပွင့်လင်း ရာသီကာလ
ပင်ဖြစ်သည်။ ထိုသို့သော ပွင့်လင်းရာသီအခင်းအကျင်း က မြန်မာနိုင်ငံရေး
အခင်းအကျင်းကို အားသစ်လောင်း ပေးမည့် သဘောဆောင်နေပါသည်။ ထိုသို့သော အချိန်
မျိုးမှာပင် မြန်မာနိုင်ငံသို့ အိုဘားမားရောက်လာခဲ့သည်။
အိုဘားမားလာရောက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရေးအခင်းအကျင်းအပြောင်းအလဲအပေါ်
မျှော်လင့် ချက်များလည်း ထားရှိနေကြသည်ကို တွေ့ရပါသည်။
စင်စစ်မြန်မာနိုင်ငံသို့ အိုဘားမားလာရောက်ခြင်းက ယခုအကြိမ်မှာ
ဒုတိယအကြိမ်ဖြစ်သည်။
၂ဝ၁၂ခုနှစ် က သမ္မတအိုဘားမားမြန်မာ့မြေပေါ်တွင်
ပထမအကြိမ် ခြေချခဲ့ပြီးလည်း ဖြစ်သည်။ ပထမအကြိမ်အိုဘားမား နှင့်ဒုတိယအကြိမ်
အိုဘားမားသည် အသွေးတူအမွေး တူ အိုဘားမားတစ်ဦး တစ်ယောက်တည်းဖြစ်သော် လည်း
ဒုတိယအကြိမ်ရောက်ရှိလာချိန်တွင် အိုဘားမား ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် အတွေးအမြင်သဘော ထားနှင့် သိမြင်နားလည်သဘောပေါက်မှုများက ပထမ အကြိမ်ကနှင့်မတူ ခြားနားပြောင်းလဲနေမည်ဖြစ်သည်။ ဆိုရလျှင် ယခုလာသည့် အိုဘားမားသည် ပထမအကြိမ် လာစဉ်က အိုဘားမားမဟုတ်။ အတွေးအမြင်သဘော ထားခြားနားသော အိုဘားမားနောက်တစ်ယောက်ဖြစ် သည်။
၂ဝ၁၂ခုနှစ်က မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်းမရှိမီ သမ္မတအိုဘားမား၏ အာရှခရီးစဉ်မှာ အောင်မြင်မှုများ ကိုဆောင်ကြဉ်းပေးခဲ့သည့် ခရီးစဉ်အဖြစ်တွေ့ခဲ့ကြရသည်။
ထိုအောင်မြင်မှုဂယက်က ၂ဝ၁၁ ခုနှစ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင်
အပြောင်းအလဲများကို အစပျိုးလာ စေခဲ့သည်အထိဖြစ်သည်။ ထိုအစပျိုးမှုက
မြန်မာတို့အတွက် ဒီမိုကရေစီဖြစ်ထွန်းမှုမျှော်လင့်ချက် အသစ်ကိုပေးပါသည်။
ထိုမှတစ်ဆင့်အမေရိကန်နှင့် မြန်မာဆက်ဆံရေးလမ်း ကြောင်းခင်းကျင်းမှု မြင်ကွင်းသစ်အဖြစ်လည်းရှုမြင်ခဲ့ကြရသည်။
နောက်တော့ယက်တောပြဿနာမှ အစပြုကာ ဆီးနိတ်အမတ်ဂျင်ဝက်ဘ်နှင့်
နိုင်ငံခြားရေးဝန်ကြီး ဟီ လာရီကလင်တန်တို့က အမေရိကန်-မြန်မာဆက်ဆံရေး
လမ်းကြောင်းကို အစပျိုးခင်းပေးခဲ့ကြသည်အထိဖြစ်သည်။
၂ဝ၁၂ ခုနှစ်တွင်မူ ထိုလမ်းကြောင်းပေါ်တွင် အိုဘားမား လျှောက်လှမ်းလာခဲ့သည်။
ထိုစဉ်က မြန်မာနိုင်ငံနှင့်ပတ် သက်သည့် သူ၏သဘောထားအမြင်က သွေးတိုးစမ်းသည့်
သဘော။
ထိုသို့ဖြစ်ရသည့်အကြောင်းကလည်းရှိသည်။ အ မေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့အကြားတွင် သံတမန်ဆက်ဆံရေးပြတ်တောက်နေသည်မှာ နှစ်ကာလ အတန်ကြာခဲ့ပြီဖြစ်သည်။
မြန်မာစစ်ဗိုလ်ချုပ်ကြီးတို့၏စိုးမိုးမှုအောက်တွင်ရှိစဉ်က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုအများဆုံးအဖြစ် သံသယမကင်းရှိနေသကဲ့ သို့ မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့်ပတ်သက်၍
မြန်မာနိုင်ငံ အပေါ်စွပ်စွဲမှုများစွာဖြင့် အမေရိကန် ပြည်ထောင်စုက
မြန်မာနိုင်ငံကို ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုများဖြင့်
ဒဏ်ခတ်ထားခဲ့သည့်အချိန်။ သို့တစေနောက်ပိုင်းတွင်မူ အရေးယူပိတ်ဆို့မှုများက
မြန်မာနိုင်ငံအပေါ်ထိရောက် မှုရှိမရှိ ဝေဝေဝါးဝါးဖြစ်လာချိန်တွင်မူ အမေရိကန်ပြည် ထောင်စုက မြန်မာနိုင်ငံအပေါ်ထားရှိသည့် သူ၏မူဝါဒကို ပုံစံသစ်ဖြင့် ပြောင်းလဲချဉ်းကပ်မှုပြုရန် ဆုံးဖြတ်လာပုံရသည်။
ထိုစဉ်က ပုံစံသစ်ဖြင့်ချဉ်းကပ်လာမှုအဖြစ်
မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အိုဘားမား၏သဘောထားမှာသံသယ အဝန်းအဝိုင်း
နယ်ပယ်အတွင်းမှ လွတ်လွတ်ကင်းကင်းရှိပုံ မရသေး။ မြန်မာခေါင်းဆောင်တို့၏
ပြုပြင်ပြောင်းလဲမှု ဒီရေအတက်အကျအလိုက် မြန်မာနိုင်ငံ၏မူလသဘော ထားကို
လုံးဝလက်လွှတ်ဦးမည်မဟုတ်ဟူသည့်
သဘော မျိုးရှိနေဆဲ။ မည်သို့ဆိုစေ အိုဘားမား၏ ပထမအကြိမ်
မြန်မာနိုင်ငံခရီးစဉ်က ထူးခြားသော သံတမန်ရေးရာ အောင်ပွဲဖြစ်ခဲ့သလို
မြန်မာ့ဒီမိုကရေစီအရေးအတွက် မင်္ဂလာအပေါင်းနှင့် ခညောင်းခဲ့သည့် ခရီးလည်းဖြစ် ခဲ့ပါသည်။
ထိုစဉ်က သမ္မတအိုဘားမားပြန်သွားခဲ့ပြီးနောက် ပိုင်း မြန်မာ့ပြုပြင်ပြောင်းလဲရေး ရေစီးအဟုန်က သွက် လက်မြန်ဆန်စွာရှိခဲ့သည် ကတော့ အမှန်ပင်ဖြစ်သည်။ နေအိမ်အကျယ်ချုပ်တွင် နှစ်ပေါင်းများစွာစံမြန်းခဲ့ရ သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ပင် လွှတ်တော်ထဲခြေချနိုင်ခဲ့သည်အထိအပြောင်း အလဲ၏ တိုးတက်မှုကိုမြင်တွေ့ခဲ့ကြရသည်။
၂ဝ၁၁ ခုနှစ် ရွေးကောက်တင်မြှောက်ခံအရပ်သားအစိုးရ၏ ပထမ လှိုင်းနှင့်ဒုတိယလှိုင်းအရွေ့တို့ကလည်း မာန်ဟုန်ပြင်းသောရေစီးသဖွယ် တစ်ဟုန်ထိုးစီးဆင်းခဲ့သည်။ နှစ်ကာလ အတန်ကြာ သံတမန်ဆက်ဆံရေးပြတ်တောက်ခဲ့သော အမေရိကန်မြန်မာဆက်ဆံရေးတွင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းသံတမန်တစ်ဦးကိုပင် ခန့်အပ်ခဲ့သည်အထိ သံတမန်ဆက်ဆံရေးကို တိုးတက်အောင်ဖော်ဆောင်နိုင် ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံရေးအခင်းအကျင်း၏ ကောင်း ကင်ယံတွင် ကြည်စင် လင်းလက်သောဒီမိုကရေစီအလင်း ရောင်များ ယှက်သန်းနေခဲ့ပါသည်။
မည်သို့ဆိုစေ အသွင်ပြောင်းလဲရေးကိုဖော်ဆောင် နေသော အရပ်သားအစိုးရကလည်း ပြုပြင်ပြောင်းလဲ ရေးကို တတိယလှိုင်း အရွေ့ဖြင့်ဆက်လက်အရှိန်အဟုန် မြှင့်တင်ရန်ကြိုးပမ်းခဲ့ကြပါသည်။ ထိုသို့ ကြိုးပမ်းမှု ခရီးလမ်း တွင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုပြဿနာ များ၊ တိုင်းရင်းသားလက်နက်ကိုင်တို့နှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ပြဿနာများမှာ မြန်မာနိုင်ငံရေးအခင်းအကျင်း သစ်တွင် ကြမ်းတမ်းခက်ခဲသောစိန်ခေါ်မှု အတားအဆီး များအဖြစ် ရှိနေခဲ့ကြသည်။ ထိုအခက်အခဲ အတားအဆီး များသည် သိမ်မွေ့နက်နဲစွာဖြေရှင်းရမည့် ပြဿနာများ ဖြစ်ပြီး မြန်မာနိုင်ငံရေးအပြောင်းအလဲ ဖော်ဆောင်မှုတွင် လိပ်ခဲတည်းလည်းအနေအထားသို့ ဆိုက်ရောက်စေမည့် သဘောလည်း ဆောင်နေပါသည်။
ထိုသို့သောအနေအထားမျိုးမှာပင် ၂၅ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးချိန်ခါသို့
ဆိုက်ရောက် လာခဲ့ခြင်းဖြစ်သည်။ အာဆီယံထိပ်သီးအစည်းအဝေးပွဲ
ကိုဥက္ကဋ္ဌနေရာတွင်ရယူထားသော မြန်မာနိုင်ငံက ကမကထပြုကာအိမ်ရှင်အဖြစ်
လက်ခံကျင်းပမည်ဖြစ် သကဲ့သို့ အာဆီယံထိပ်သီးဆွေးနွေးပွဲကိုအာဆီယံ အဖွဲ့ဝင် နိုင်ငံတို့မှ ခေါင်းဆောင်တို့အပြင် ကမ္ဘာ့အင်အားကြီး နိုင်ငံတို့မှ ထိပ်တန်းခေါင်းဆောင်များလည်းတက်ရောက် လာမည်ဖြစ်ပါသည်။
ထိုခေါင်းဆောင်အားလုံးက မြန်မာ့ ဒီမိုကရေစီအရေးကို အကဲခတ်စောင့်ကြည့်နေကြသူများ
ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီအရေး၏ တိုးတက်မှု အ ပြောင်းအလဲတွင် စီးပွားရေးအရ
အခွင့်အလမ်းရှာတွေ့ နိုင်ရေးအတွက် အချိန်အခါသင့် ပူးပေါင်းခွင့်ရရှိရန်
စောင့်ဆိုင်းနေကြသူများလည်းဖြစ်သည်။
ထိုခေါင်းဆောင် များထဲတွင် အမေရိကန်ပြည်ထောင်စု၏ သမ္မတဘားရက် အိုဘားမားလည်း
ပါဝင်ပါသည်။ ထိုသို့သော အချိန်အခါ မျိုးမှာပင် အိုဘားမားက
မြန်မာနိုင်ငံသို့ ဒုတိယမ္ပိခြေချ လာခဲ့ခြင်း ဖြစ်သည်။
ယခုအကြိမ် မြန်မာနိုင်ငံသို့ ရောက်လာသော အို ဘားမားကား ယခင်က ရောက်ခဲ့ဖူးသော အိုဘားမား နှင့်အနည်းငယ်ကွဲပြားခြားနားနေစရာရှိသည်။ ယခုအို ဘားမားကား ယခင်လို မြန်မာအရေးနှင့်အလှမ်းဝေးသော
အစိမ်းသက်သက် အိုဘားမားမဟုတ်တော့၊ သံတမန် ဆက်ဆံရေး တိုးတက်မှုနှင့်အတူ
မြန်မာအစိုးရနှင့်အ ကျွမ်းတဝင်ရှိနေပြီဖြစ်သော အိုဘားမားဖြစ်သည်။ တစ်
ခုတော့ရှိသည်။ အိုဘားမားက မြန်မာနိုင်ငံအပေါ်ထား ရှိသော အမေရိကန်၏
မူဝါဒကိုမူ လုံးလုံးလျားလျား လက်လွှတ်ထားခဲ့သည်တော့မဟုတ်။ မြန်မာနိုင်ငံသို့ ရောက်ရှိမလာမီမှာပင် မြန်မာအစိုးရအဖွဲ့ဝင် ဝန်ကြီး တစ်ဦးကို အရေးယူပိတ်ဆို့ဒဏ်ခတ်ခြင်းဖြင့် သူ၏ဆုပ် ကိုင်ထားဆဲ မူဝါဒလက္ခဏာကို ပြသခဲ့ပါသေးသည်။ ပြီးတော့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး၏ တိုးတက်မှုရေချိန် အတက်အကျအပေါ် ဆွေးနွေးပြောကြားမည့်သဘော ရှိနေပါသည်။
စင်စစ်အားဖြင့် မြန်မာ့ဒီမိုကရေစီအရေး တွင် အိုဘားမားက မှန်ကန်သော
မူဝါဒဖြင့်အောင်မြင်စွာ လမ်းဖောက်ခဲ့သူဖြစ်သည်။ သူက သူဖောက်ခဲ့သော လမ်း
ပေါ်တွင် ဆက်လက်အရှိန်အဟုန်မြှင့်တင်ပေးရန်
ကြိုးပမ်း မည့် သဘောလည်းရှိသည်။ လက်ရှိ အမေရိကန်ပြည် ထောင်စု၏ နိုင်ငံရေး
ဇာတ်ခုံတွင် ရီပတ်ဘလီကန်တို့ဘက်မှ အင်အားချိန်ခွင်လျှာ အလေး သာလာသည့်
အချိန်မျိုး၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အချိုးအကွေ့ကို ဖြစ်
ပေါ်စေခဲ့သော သူ၏ကြိုးပမ်းမှုကျိုးပျက်သွားမည်ကို
အိုဘားမားက လိုလားမည်တော့မဟုတ်၊ မိမိတို့ကသာ အိုဘားမားပေးလာမည့်
အခွင့်အလမ်းကို မိမိရရဆုပ်ကိုင် နိုင်ရန် ကြိုးပမ်းဖို့လိုလာမည့်
သဘောဖြစ်သည်။
မိမိတို့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်မှု
ခရီး လမ်းတွင် တွေ့ကြုံရင်ဆိုင်နေရသော အပြောင်းအလဲ အတားအဆီးများဖြင့်
တန့်အီနေသမျှ၊ တုံ့ဆိုင်းနေသမျှ ကို မစ္စတာအိုဘားမားထံမှ မည်မျှအထိ
အကြံသစ်ဥာဏ် သစ်များရရှိလာနိုင်ပါမည်နည်။
မည်သို့ဆိုစေ မိမိတို့ ကတော့ အိုဘားမားကို တွေ့ကြရဦးမည်သာဖြစ်သည်။
လက်ရှိအချိန် ကာလကလည်း မြန်မာနိုင်ငံအတွက် မိုးလေကင်းလွတ် သော
ပွင့်လင်းရာသီဖြစ်သည်။ ထိုသို့သော ပွင့်လင်းရာသီ အခင်းအကျင်းက
မြန်မာနိုင်ငံရေး အခင်းအကျင်းကို အား သစ်လောင်းပေးမည်ဟု ထင်မြင်ယူဆရပါသည်။
#Democracytoday (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment