ကျောင်းသားသမဂ္ဂများက
အမျိုးသားပညာရေးဥပဒေအသစ်ပြန်ရေးပေးရန် သပိတ်မှောက်ဆန္ဒပြမှု
ရန်ကုန်မြို့တွင် အရှိန်အဟုန်မြင့်လာပြီး ပြည်သူများပါဝင်ဝန်းရံပေးရန်
ဆန္ဒပြကျောင်းသားများတောင်းဆို
အမျိုးသားပညာရေးဥပဒေကို အသစ်ပြန်ရေးပေးရန် ကျောင်းသားသမဂ္ဂများမှ သပိတ်မှောက်ဆန္ဒပြတောင်းဆိုမှုကို ကျောင်းသား ၅၀၀ ကျော်မှ နိုဝင်ဘာ ၁၇ ရက် နံနက် ၁၂ နာရီဝန်းကျင်တွင် လမ်းမတော်မြို့နယ်ရှိ စံပြရုပ်ရှင်ရုံရှေ့မှ စတင်လမ်းလျှောက်၍ ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင်ရပ်နားကာ တစ်နေ့ကြာ ထိုင်သပိတ်ကို ပြုလုပ်ခဲ့ကြသည်။
သပိတ်မှောက်ဆန္ဒပြရာတွင် ဘုန်းကြီးလမ်းနှင့် မဟာဗန္ဓုလလမ်းတို့၌ စီတန်းလှည့်လည်၍ "ကျောင်းသားထုကိုအခြေမခံသော ပညာရေးစနစ်အလိုမရှိ"၊ "ဒီမိုကရေစီပညာရေး ဒို့အရေး"၊ "ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး"၊ "သပိတ်သပိတ်မှောက်မှောက်" စသည့်ကြွေးကြော်သံများကိုရွတ်ဆို၍ ခွပ်ဒေါင်းအလံများ၊ " We are the student not customer"၊ "We Need Academic Freedom"၊ "ပညာရေးသည် ရောင်းကုန်မဟုတ်"၊ "အမျိုးသားပညာရေးဥပဒေ အလိုမရှိ" ဆိုင်းဘုတ်ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာလမ်းတစ်လျှောက်တွင် ကျောင်းသားများမှ "အိမ်တိုင်းတွင် စစ်သားမရှိဘဲ ကျောင်းသားများသာရှိကြောင်း" ထို့ကြောင့် ပြည်သူများအနေဖြင့် ကျောင်းသားများ၏အနာဂတ်ကောင်းမွန်စေရန် အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုကို ပါဝင်ဝန်းရံပေးပါရန် မေတ္တာရပ်ခံကြောင်း ဟောပြောခဲ့သည်။
"ကျောင်းသားတွေဆန္ဒပြတောင်းဆိုမှုကို အစိုးရအနေနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေရှိခဲ့ရင်လည်း ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ ပြန်လည်တုံ့ပြန်သွားမှာမဟုတ်ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းလမ်းစဉ်နဲ့ ဆန္ဒပြတောင်းဆိုသွားမှာပါ။ အစိုးရအနေနဲ့ မှန်မှန်ကန်ကန်ဖြေရှင်းပေးမှုမရှိရင် ဖြစ်လာတဲ့အကျိုးဆက်ကို တာဝန်ခံရမယ်။ ကျောင်းသားတွေအနေနဲ့ ရက်ပေါင်း ၆၀ အတွင်းမှာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဆန္ဒပြပွဲတွေ ရန်ကုန်မှာသာမကဘဲ ကျန်ပြည်နယ်တိုင်းတွေမှာပါ ပေါ်ထွက်လာဖို့ ကြိုးစားသွားမှာပါ" ဟု ဆန္ဒပြရာတွင်ပါဝင်သည့် ကိုကျော်ကိုကိုကဆိုသည်။
ယင်းသို့ ကျောင်းသားများသပိတ်မှောက်ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုကို ထောက်ခံကြောင်း သဘောထားကြေညာချက်ကို ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် ညီညွတ်သော အမျိုးသားဒီမိုကရေစီအ၁ဖွဲ့တို့မှ နိုဝင်ဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ဆန္ဒပြမှုကို ကျောင်းသားသမဂ္ဂများက နိုဝင်ဘာ ၁၄ ရက်ကစတင်ပြုလုပ်၍ နိုဝင်ဘာ ၁၇ ရက်အထိ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကျောင်းသားသမဂ္ဂအဆောက်အအုံရှေ့တွင်လည်းကောင်း၊ ရွှေတိဂုံစေတီဦး အရိယဘုန်းကြီးကျောင်းစသော ကိုလိုနီခေတ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ဆန္ဒပြခဲ့သည့် သမိုင်းဝင်အထိမ်းအမှတ်နေရာများသို့လည်းကောင်း သွားရောက်ခဲ့ကြသည်။
ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီ(သပိတ်မှောက်ကျောင်းသားခေါင်းဆောင်) ၁၅ ဦးနှင့် အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည်၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ရန်ကုန်မြို့တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်တို့ နိုဝင်ဘာ ၁၆ ရက်က ကြေးသွန်းဘုရား၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း သပိတ်မှောက်ဆန္ဒပြနေသည့် အမျိုးသားပညာရေးဥပဒေအတွက် ဆရာများမှာ မည်သည့်အာမခံချက်မှ တိတိပပမပေးနိုင်ခြင်းကြောင့် တွေ့ဆုံဆွေးနွေးမှုမှာ အရာမထင်ခဲ့ကြောင်း သိရသည်။
ကျောင်းသားများ၏ သပိတ်မှောက်ဆန္ဒပြမှုအား ၈၈ မျိုးဆက် ငြိမ်း/ပွင့်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ KNU အဖွဲ့မှ ဗိုလ်မှူးမိုက်ကယ်၊ အခြားပြည်သူများက သပိတ်မှောက်မှုတည်တံ့နိုင်စေရန် ငွေကြေးလှူဒါန်းထားမှုများလည်းရှိကြောင်း သိရသည်။
Credit - Eleven Media Group

No comments:
Post a Comment