Saturday, March 14, 2015

သေမင်းတမန် ရထားလမ်း စီမံကိန်းကို ကျပ်သိန်းသုံးသောင်း အကုန်အကျခံ ရင်းနှီးမြှုပ်နှံမည်

နိုင်ငံခြား ခရီးသွားလုပ်ငန်း အတွက် ခရီးစဉ် တစ်ခုဖြစ်လာ မည့်သေမင်းတမန် ရထားလမ်း စီမံကိန်းကို ကျပ်သိန်းသုံးသောင်း အကုန်အကျခံ ရင်းနှီးမြှုပ်နှံသွား မည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်း လုပ်ပိုင်ခွင့် ရရှိထားသည့် တလမွန် လုပ်ငန်းစု တာဝန်ရှိ သူများ ကပြောသည်။

Theymintaman
သေမင်းတမန်ရထားလမ်းစီမံကိန်း ဆောင်ရွက်မည့် ပုံစံငယ်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-တလမွန်



သေမင်းတမန် မီးရထားပန်း ခြံစီမံကိန်း ၊သေမင်းတမန် မီးရထားပြတိုက်နှင့် အခြားသော လုပ်ငန်းများ လုပ်ဆောင်နိုင် ရန်ယခုလ၂၀ ရက်တွင် လုပ်ပိုင် ခွင့်ရရှိ ထား သည့်မြေခုနစ် ဧကပေါ်တွင် စီမံကိန်း စတင်ခြင်း အခမ်းအနားပြုလုပ် သွားမည်ဖြစ်ကြောင်း တလမွန် လုပ်ငန်းစု ဥက္ကဋ္ဌ ဦးနိုင်ဗညားစန်းက ဆိုသည်။

“ဒီစီမံကိန်း အတွင်းမှာ ဟိုတယ်တွေ၊ စားသောက် ဆိုင်တွေ၊ ပြတိုက်၊ ပန်းခြံ၊ အမှတ်တရ ဆိုင်တွေ ပါဝင်မယ့် စီမံကိန်းအတွက် ကျွန်တော် တို့ကုမ္ပဏီ ကမြှုပ်နှံ သွားမှာပါ” ဟု၎င်း ကပြောသည်။

ခရီးသွားလုပ်ငန်းအတွက် ခရီးစဉ်ဒေသတစ်ခုပုံစံ အကောင်အထည်ဖော်နေခြင်းကြောင့် ထိုင်းနိုင်ငံကဲ့သို့နိုင်ငံတကာ အဆင့်မီခရီးစဉ် တစ်ခုဖြစ်လာရန် ပုံဖော် သွားမည်ဖြစ်ပြီး မကြာမီကာလတွင်လည်း ထပ်မံရင်းနှီး လုပ်ကိုင်မည့် စီမံကိန်း များကို အသိပေး သွားမည်ဟု အဆိုပါတလမွန် လုပ်ငန်းစု တာဝန်ရှိသူ ကပြော သည်။

နိုင်ငံခြားခရီးသွားလုပ်ငန်းအတွက်လည်း ရည်ရွယ်ထားခြင်းကြောင့်ပြည်တွင်းရှိ ခရီးသွားအသင်းအဖွဲ့များ၊လုပ်ငန်း ရှင်များနှင့်ချိတ်ဆက်လုပ်ကိုင် သွားမည်ဟု ဦးနိုင်ဗညားစန်း ကပြောသည်။

ဒုတိယ ကမ္ဘာစစ်ကာလ၌ မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်တွင် တည်ဆောက် ခဲ့သည့်သေမင်း တမန် ရထားလမ်း ဧရိယာ ကိုနိုင်ငံခြားသား ခရီးသွား များအား ဆွဲဆောင်နိုင်မည့် ခရီးစဉ်ဒေသ တစ်ခုအဖြစ် မွန်ပြည်နယ် အစိုးရ၏ ဦးဆောင်မှုဖြင့် အကောင် အထည်ဖော်နေခြင်းဖြစ်သည်။

သေမင်းတမန် ရထားလမ်းကို ခရီးစဉ်ဒေသ အဖြစ် တည်ဆောက် အကောင် အထည်ဖော်ရန် လက်ရှိ  အချိန်တွင် စတင်ဆောင်ရွက်  လျက်ရှိပြီး  ၂၀၁၆ ခုနှစ် တွင်ဆောင်ရွက် ပြီးစီးရန် လျာထားသည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးဒေါက်တာ တိုးတိုးအောင် ကပြောသည်။

သေမင်းတမန် ရထားလမ်း ကိုမြန်မာနှင့် ထိုင်းနိုင်ငံ ဆက်သွယ်ရေး လမ်းကြောင်း အဖြစ် ဂျပန်တပ်မတော်က ၁၉၄၃ ခုနှစ် တွင်ဖောက်လုပ်ခဲ့ခြင်းဖြစ် ပြီးလမ်း အရှည် မိုင် ၂၅၀ကျော်အထိ ရှိသည်။

ထိုင်းနိုင်ငံမှ ၎င်းနိုင်ငံအတွင်းရှိရထားလမ်းပိုင်း ကိုနိုင်ငံခြားသားခရီးသွားနေရာအဖြစ်ပြသနေ ပြီးနှစ်စဉ်လာရောက်လေ့လာသည့်နိုင်ငံခြားသား ခရီးသွားဦးရေ မှာငါးသန်းဝန်းကျင် အထိရှိနေသည် ဟုပြည်ပခရီး သွားလုပ်ငန်းရှင်များ ကပြောဆိုထားသည်။

Credit - Mizzima News

No comments:

Post a Comment