Monday, March 9, 2015

ဆန္ဒပြ ကျောင်းသားများကို ပိတ်ဆို့ထားမှု အကြမ်းဖက် ဖမ်းဆီးချုပ်နှောင်မှု တို့အတွက် လူမှုရေးအသင်းအဖွဲ့ ၂၂ ဖွဲ့ အပြင်းအထန် ရှုတ်ချ

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် လက်ပံတန်းတွင် ရောက်ရှိ ဆန္ဒပြနေသည့် ကျောင်းသူ/ကျောင်းသားများကို ရဲတပ်ဖွဲ့ဝင်တို့က ပိတ်ဆို့တားဆီးထားမှု၊ ဆန္ဒပြကျောင်းသားများကို အကြမ်းဖက် နှိမ်နင်းမှုတို့ကို ရည်ညွှန်းလျက် အဆိုပါ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း နာရေးကူညီမှုအသင်း အပါအဝင် မြို့ကြီးများရှိ လူမှုရေးကူညီသည့် အသင်းများက မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

 "ဤကဲ့သို့သော လူသားချင်း စာနာစိတ်ကင်းမဲ့မှုများ၊ အကြမ်းဖက် နှိမ်နင်း ရိုက်နှက်ဖမ်းဆီး ချုပ်နှောင်မှုများ ကိုယ်ချင်းစာနာစိတ် ကင်းမဲ့သည့် လုပ်ရပ်များအား ပြင်းထန်စွာ ရှုတ်ချပါကြောင်း" ဟု ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ထုတ်ပြန်ကြေညာချက်တွင် လက်ပံတန်းရှိ ကျောင်းသားများ သပိတ်ကို ရဲတပ်ဖွဲ့ဝင်တို့က ပိတ်ဆို့ထားခြင်းကြောင့် "လမ်းပေါ်တွင် အချုပ်ခံထားရသည့် အနာဂတ်ကင်းမဲ့သော ကလေးများ ဘဝသို့ ရောက်ရှိနေပြီဖြစ်ကြောင်း" ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မတ်လ ၅ ရက်က ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့တွင် ဆန္ဒပြသူများကို အရပ်ဝတ် လက်ပတ်နီများက အကြမ်းဖက် ဖြိုခွင်းခြင်းကိုလည်း "မင်းမဲ့ စရိုက်ဆန်စွာ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်း ဖမ်းဆီးမှုများသည် ကမ္ဘာ့အလယ်တွင် ဗုဒ္ဓဘာသာတိုင်းပြည် တစ်ခုအနေဖြင့် ရှက်ဖွယ်ရာ ဖြစ်ခဲ့သည်" ဟုလည်း ဖေါ်ပြထားသည်။

အဆိုပါ ကြေညာချက်ကို ရန်ကုန်ရှိ နာရေးကူညီမှုအသင်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်း၊ သုခ အလင်းပညာဒါနတို့ အပါအဝင် ပြည်၊ ပဲခူး၊ ကြို့ပင်ကောက်၊ မင်းလှ၊ ရေနံချောင်း၊ မန္တလေး၊ ညောင်ဦးတို့ရှိ လူမှုရေးအသင်း ၂၂ သင်းတို့က စုပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment