မတ်လ ၃ရက်နေ့ကတည်းက လက်ပံတန်းမြို့၊ ကျွန်းကလေး အနောက်ဘက်ကမ်းလမ်းထိပ်တွင် ပင်မသပိတ် မှောက်ကျောင်းသားများကို ပိတ်ဆို့ထားသော လုံခြုံရေးသည် လူဝင်၊ လူထွက်ကို ယခင်ရက်များထက် ပိုမိုတင်း ကြပ်လာခြင်းဖြစ်သည်။
သွားရောက်သတင်းယူနေသည့် သတင်းသမားများကို အပြင်ပြန်ထွက်ပြီးပါက တစ်ညလုံး ပြန်ဝင်ခွင့်မပေးတော့ ဟု လုံခြုံရေးရဲအရာရှိတစ်ဦးက မတ် ၉ရက် ညတွင် ပြောသည်။
ယခင်ရက်များက ပုံမှန်စစ်ဆေးမှုသာရှိသော်လည်း ယခုရက်အတွင်း သတင်းသမားများကို နာမည်နှင့် သတင်း ဌာနစစ်ဆေးသည့်အပြင် အဝင်၊ အထွက် လက်မှတ်ထိုးခိုင်းပြီး သက်ဆိုင်ရာမီဒီယာမှအသိအမှတ်ပြုထုတ်ပေး ထားသည့် မီဒီယာကတ်ပြားပါ မှတ်ပုံတင်နံပါတ်ကိုပါ ရေးမှတ်ထားသည်ကို တွေ့ရသည်။
ယင်းနောက် ယခုညတွင် အပြင်သို့ပြန်ထွက်ပြီးပါက နောက်တစ်နေ့မနက်မှသာ ဝင်ရောက်သတင်းခွင့်ရှိတော့မည်ဟု ဝင်ပေါက်တွင် လုံခြုံရေးတာဝန်ယူထားသည့် ရဲအရာရှိက ဆိုသည်။
“လူကြီးရဲ့ ညွှန်ကြားချက်အရပါ” ဟု ၎င်းက ပြောသည်။
အာဏာပိုင်များ၏ တားဆီးပိတ်ဆို့ထားမှုကို မတ်လ ၁၀ရက်၊ နံနက်(၁၀)နာရီတွင် နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် လက်ပံတန်းတွင် ပိတ်ဆို့ခံထားရသည့် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း(ပင်မ)က မတ်လ ၈ရက်၊ ည၁၀နာရီတွင် အရေးပေါ်ကြေငြာချက်တစ်စောင် ထုတ်ပြန်ထားသည်။
ကြေငြာချက်တွင် “(၁၀-၃-၁၅)နေ့ နံနက်(၁၀း၀၀)နာရီ နောက်ဆုံးထား၍ အစိုးရအနေဖြင့် အလေးအနက်ထား ဖြေရှင်းပေးခြင်း မရှိပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက် ပြဿနာ အရပ်ရပ်သည် အစိုးရ၏ တာဝန်သာ ဖြစ်ပါကြောင်း အရေးပေါ် ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ရေးသားထားသည်။
တားဆီးပိတ်ဆို့ထားမှုကို သပိတ်မှောက်ကျောင်းသား/သူများမှ လုံးဝ(လုံးဝ) မလိုလားပါ၍ တောင်းဆိုထား သော အချက်(၈)ချက်နှင့်အညီ ရန်ကုန်သို့ မော်တော်ယာဉ်များဖြင့် အချိန်တိုအတွင်း သွားရောက်လိုသည့်ဆန္ဒ ပြင်းပြနေပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
မတ်လ ၁၀ရက်နေ့၊ နံနက်(၁၀)နာရီထိ အစိုးရက ပိတ်ဆို့တားဆီးမှုများကို ဖြေရှင်းပေးခြင်းမရှိပါက နောက်ဆက်တွဲဖြစ်လာနိုင်သော ပြဿနာသည် အစိုးရ၏ တာဝန်သာဖြစ်သည်ဟုလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။
Credit - Mizzima News

No comments:
Post a Comment