Thursday, March 12, 2015

တစ်နိုင်ငံလုံး အပစ်ရပ်ဆွေးနွေးမယ့် ကချင်ခေါင်းဆောင်များ မြစ်ကြီးနားကား လမ်းအတိုင်း ယနေ့ထွက် လာမည်

ချင်းမိုင်၊ မတ် ၁၂။      ။ရန်ကုန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စာလှယ်များအား ကချင်ပြည် နယ်မြစ်ကြီးနား ကားလမ်းအတိုင်း မတ်လ ၁၃ ရက်တွင် သွားကြိုမည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) က ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမ ကိုပြောသည်။

“မြစ်ကြီးနားကား လမ်းအတိုင်း သွားဖို့ ခွင့်ပြုချက်ရပြီ။ မနက်ဖြန်မှ သွားကြိုမယ်။ ကျွန်တော်တို့ PGC ၊ ယူအန်က လူတစ်ဦးနဲ့ MPC က လူတယောက် လည်းပါ မယ်။ လိုင်ဇာ ကကေအိုင်အို ကိုယ်စား လှယ်တွေကို သွားကြိုမယ်”ဟု ဦးလမိုင်ဂွမ်ဂျာ ကပြောသည်။

မြစ်ကြီးနားမြို့မှ PCG အဖွဲ့များ၊ ကုသမဂ္ဂမှ ကိုယ်စားလှယ် တစ်ဦးနှင့် မြန်မာ့ငြိမ်း ချမ်းရေးပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ ကိုယ်စားလှယ် တစ်ဦး တို့က လိုင်ဇာအနီး နမ်ဆန်ယန်ကျေးရွာအထိ သွားရောက် ကြိုဆိုမည် ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

မူလကမတ်လ ၁၁ရက်တွင် KIO ကိုယ်စားလှယ်များအား လိုင်ဇာ-မြစ်ကြီးနားကားလမ်းအတိုင်း သွားရောက်ရန် စီစဉ်ခဲ့သော်လည်းအစိုးရ စစ်တပ်က ခွင့်မပြုခဲ့ သဖြင့် တခြားလမ်းကြောင်းဖြင့် သွားရန် မတ်လ ၁၁ ရက်ကပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းကလည်း စာပေးပို့ခဲ့သဖြင့် ရက်ရွှေ့ဆိုင်းခဲ့သည်။

သို့သော် မတ်လ ၁၁ ရက် ညနေပိုင်းတွင် KIO ကိုယ်စားလှယ်များအား မြစ်ကြီးနားကားလမ်းအတိုင်း ပြန်သွားရန် စစ်တပ်က ခွင့်ပြုချက် ပြန်လည် ရရှိခဲ့သဖြင့် မနက်ဖြန် မတ်လ ၁၃ ရက်တွင် KIO ကိုယ်စားလှယ်များ လိုင်ဇာမြို့မှ စတင်ထွက်ခွာမည် ဖြစ်သည်။

လာမည့် မတ်လ ၁၆ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲသို့ လေ့လာသူများအဖြစ် တက်ရောက်ရန် KIO ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဆရာကြီး ဦးဆွမ်းလွတ်ဂမ် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါအဝင် ၁၀ ဦးခန့် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အလားတူတအာင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ချုပ် (PSLF/TNLA)မှတွဲဘက် အထွေထွေ အတွင်းရေးမှူး (၁)ဝံရ်ခြိုဝ်းကလည်း အဆိုပါဆွေးနွေး ပွဲတက်ရောက်ရန် မတ်လ ၁၂ ရက်တွင် ထွက်ခွာသွားပြီ ဖြစ်ကြောင်း PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

“ကျွန်တော်တို့ကတွဲဘက်အတွင်းရေးမှူး ၂သွားတယ်။ ဒီမနက်ဘက်ခရီးထွက်သွားပါပြီ။ သူကအန်စီစီတီကိုယ်စားလှယ်လည်းဖြစ်တယ်။ PLSF အနေနဲ့ရောနှစ် ခုစလုံး အတွက် သွားတာပါ”ဟု သူက မဇ္ဈိမ ကိုပြောသည်။

ဆွေးနွေးပွဲအတွင်း အစိုးရ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လိုင်ဇာရှိ TNLA ဗိုလ်လောင်းများ ကျဆုံးသွား မှုအပေါ် အဓိက သွားရောက်ဆွေးနွေး မည်ဟု TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က မကြာမီက မဇ္ဈိမကို ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၄ နိုဝင်ဘာလ ၁၉ ရက်က KIO ဌာနချုပ် လိုင်ဇာမြို့ရှိ ဗိုလ်လောင်းသင်တန်းကျောင်းသို့ အစိုးရ၏ စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုအထဲတွင် TNLA/PSLF ရဲဘော် ၁၁ ဦး ပါဝင်ခဲ့သဖြင့် နောက်နောင် ထပ်မံ မဖြစ်ရစေရန် သွားရောက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။


Credit - Mizzima News

No comments:

Post a Comment