Thursday, March 12, 2015

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှုကို ကာတွန်းဆရာများ လက်မှတ်ရေးထိုး ကန့်‌ကွက်

ရန်ကုန် (မဇ္ဈိမ) ။ ။ ပညာရေး ဥပဒေ ပြင်ဆင်ပေးရန် သပိတ်မှောက် ဆန္ဒပြသော ကျောင်းသားများအား အကြမ်း ဖက်ဖြိုခွင်းမှုကို  ကာတွန်းဆရာများက ကန့်‌ကွက် ရှုံချသည့် လက်မှတ်ရေးထိုးပွဲကို မတ်လ ၁၂ရက် နံနက်ပိုင်းက   ရန်ကုန်မြို့  ၃၃ လမ်းရှိ လေထန်ကုန်း လက်ဖက်ရည်ဆိုင်တွင်ပြုလုပ်ခဲ့သည်။

အဆိုပါ ကမ်ပိန်းကို ရန်‌ကုန်‌၊ မန္တ‌လေး၊ ‌မော်‌လမြိုင်‌၊ ပြည်‌မြို့တို့မှ ကာတွန်းဆရာ ၃၀ ခန့်က ၎င်းတို့၏ ကလောင်သင်္ကေတ လက်မှတ်များကို ရေးထိုး ကန့်ကွက်ခြင်းဖြင့် ပြုလုပ်ခဲ့သည်။

အဆိုပါ ကမ်ပိန်းတွင် ပါဝင်သူ ကာတွန်းဝေယံ(တောင်ကြီး)က "အကြမ်းဖတ်ဖြိုခွင်းမှုကို ကန့်ကွက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ထုတ်ဖော်တာပါ။ တစ်နိုင်ငံလုံးက ကာတွန်းဆရာတွေ ပါဝင်ကြတယ်လို့ ပြောလို့ရတယ်။ ခုဒီလောက်အချိန်မှာ လူစုနိုင်သလောက်စုလိုက်တာ အဝေးကလူတွေကလွဲရင် အကုန်လုံးနီးပါးပါဝင်ကြပါတယ်။” ဟုဆိုသည်။

ယင်းလက်မှတ်များကို ကာတွန်းဆရာများက ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာများပေါ်တွင် ဖော်ပြ၍ အကြမ်းဖက်မှုအား ကန့်ကွက်ကြောင်း ဖော်ပြမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment