ရန်ကုန် (မဇ္ဈိမ)။ ။ ပညာရေး ဥပဒေမူကြမ်း ပြင်ဆင်ရေးအတွက် လက်ပံတန်းမြို့
ရှိကျောင်းသား သပိတ်ဆယ်ရက် မြောက်နေ့တွင် ရဲတပ်ဖွဲ့က
အကြမ်းဖက်ဖြိုခွင်းမှုနှင့် စပ်လျဉ်းပြီး နိုင်ငံရေး ပါတီများနှင့်
လူမှုရေးလှုပ်ရှားသူများ၏ သဘောထားမှတ်ချက်များနှင့်
ကန့်ကွက်ထုတ်ပြန်ချက်များကို မဇ္ဈိမက စုစည်းတင်ပြထားခြင်း ဖြစ်သည်။

လက်ပံတန်းရှိ
ဆန္ဒပြကျောင်းသားများ၊ သံဃာများ၊ မီဒီယာများအပါအဝင် မြင်မြင်သမျှကို
ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များဖြင့် ရိုက်နှက်စဉ်။ (ဓာတ်ပုံ - သက်ကို၊
မဇ္ဈိမ)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)
ရဲအင်အား အလုံးအရင်းအသုံးပြု၍ အကြမ်းဖက် နှိမ်နှင်းဖြိုခွင်းပြီး ကျောင်းသား အများအပြားပါဝင် သတင်းမီဒီယာများနှင့် ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်းအပေါ် ကန့်ကွက်ထားသည်။ အကြမ်းဖက်ဖြိုခွင်း ဖြေရှင်းနေမှုကြောင့် မြန်မာ့နိုင်ငံအခြေအနေမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိသွားနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ခံစားရနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။တအာင်း၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (TNLA)
ကျောင်းသားသပိတ်ကို ထောက်ခံကြောင်းနှင့် အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသား များနှင့် ကျောင်းသားမိဘများ ပူးပေါင်းပါဝင်လာရန် တိုက်တွန်းထားသည်။မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)
သတင်းမီဒီယာဥပဒေပါ သတင်းထောက်များ၏ အခြေခံရပိုင်ခွင့်နှင့် ဖွဲ့စည်းပုံပါ နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်ကို ဆန့်ကျင်ပြီး မြန်မာရဲတပ်ဖွဲ့သည် နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများကို မလေးမစားပြုလုပ်သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထုတ်ပြန်လိုက်သည်။သတင်းထောက်များကို အကြမ်းဖက် ဖမ်းဆီးသည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်ပြီး ဖမ်းဆီးထားသည့် သတင်းထောက်များကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာချက်တွင် ထည့်သွင်းထားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ
ယခုကဲ့သို့ ပြဿနာဖြေရှင်းပုံမျိုးသည် ဒီမိုကရေစီစန်စဖြင့် အုပ်ချုပ်လျှက်ရှိသော တိုင်းပြည်၏ ဥပဓိရုပ်ကို ထိခိုက်စေရုံသာမက နိုင်ငံရေး အင်အားစုများနှင့် အမျိုးသားအင်အားစုများကြားတွင် တည်ဆောက်လျှက်ရှိသော ပြင်းပြင်းထန်ထန်ထိခိုက်စေသည် ဟုထုတ်ပြန်ထားသည်။ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ) (အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ - NDF)
ဆန္ဒပြတာ၊ပညာရေး ဥပဒေပြင်ဆင်ရေး တောင်းဆိုတာကို ထောက်ခံပါတယ်။ အခုလက်ရှိ ဖြစ်သွားတဲ့ကိစ္စမှာ နှစ်ဖက်စလုံးမှာ အခက်အခဲ ရှိနေပါတယ်။ ကျောင်းသားတွေဘက်ကလည်း ကြန့်ကြာနေတယ်လို့ ထင်တယ်။ အစိုးရဘက်ကလည်း လွှတ်တော် ရေးရာဆောင်ရွက် ရတာက ချက်ခြင်းလက်ငင်းလုပ်လို့ မရဘူး။ တစ်ခုရှိတာက ရန်ကုန်ကို ကျောင်းသားတွေလာမယ်ဆိုရင်လည်း တစ်နေရာမှာ ဆန္ဒပေးပြခိုင်းပြီး လုံခြုံရေး ယူပေးပေါ့ဗျ။ ဒါဆိုပြီးသွားမှာပါ။ ကျောင်းသားတွေဘက်ကလည်း အချိန်ကို စောင့်နိုင်ခြေရှိရင် ပြေလည်ဖို့ ရှိပါတယ်။ သပိတ်ကို ဖြိုခွင်းမယ့်အစား ပူးပေါင်းဖြေရှင်းခဲ့ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ဦးသီဟစော (အဖွဲ့ဝင်၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီ)
"လူထုကိုရော၊ ကျောင်းသားကိုရော၊ သတင်းထောက်တွေရော ဒီလိုလုပ်တာ မဖြစ်သင့်ပါဘူး။ သတင်းထောက်တွေလည်း သူ့အလုပ်သူ လုပ်တာပါပဲ။ ဒီဖြေရှင်းနည်းကို သဘောမတူပါဘူး။ နိုင်ငံရဲ့ ဥပဒေအရလည်း မရှိပါဘူး။"ဦးကျော်သူ ( ဥက္ကဋ္ဌ - နာရေးကူညီမှုအသင်း (ရန်ကုန်)
ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရလို့ ပြောပြောနေပြီးတော့ ပြည်သူကို လုပ်တာမျိုး မဖြစ်သင့်ပါဘူး။ အင်မတန် အကျည်းတန်ပါတယ်။ ပြည်သူရော၊ ကျောင်းသားရော၊ သတင်းထောက်တွေရော၊ နောက်ဆုံး လူနာတင်ကားတွေ ကယ်ဆယ်ရေးအဖွဲ့တွေပါ ဒီလိုလုပ်လာတယ်ဆိုတာ သိပ်ကို ရုပ်ဆိုးပါတယ်။မဇာဇာထွန်း (လက်ပံတန်း ကူညီရေး)
ဒဏ်ရာရတဲ့သူတွေကို ကားပေါ်တင်နေတဲ့ သူတွေကိုလည်း ရိုက်တာပဲ။ ဓာတ်ပုံရိုက်တဲ့ သတင်းထောက်တွေကို လည်းရိုက်တာပဲ။ ကျွန်တော်တို့ကားဆို ထွက်သွားတာတောင် လိုက်ရိုက်တာပဲ။ ခြေထောက်တွေ ဘာတွေ ရိုက်မိနေသေးတယ်။ သံယာတစ်ပါးလည်း ရိုက်ခံရတာမြင်ခဲ့တယ် မကယ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ကားနဲ့ ပါလာတာတော့ ခုနစ်ယောက်ကိုတော့ ဆေးရုံတင်ထား တယ်။ ဆေးရုံအုပ်ကြီးကတော့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူး။ ကျွန်တော်တို့ကို တံခါးပိတ်ပေးထားပြီး ကုနေကြတယ်။ တကယ့်ရန်သူကို ဖြိုခွင်းသလိုပဲဗျ။ မဲမဲမြင်တာ အကုန်ရိုက်တာပဲ။Credit - Mizzima News
No comments:
Post a Comment