Saturday, March 14, 2015

မြန်မာစစ်တပ် တိုက်လေယာဉ် တရုတ်ရွာတစ်ရွာ၏ အိမ်ပေါ် ဗုံးကြဲချဟု သည်ဝါရှင်တန်တိုင်းမ်စ် ရေးသား

မြန်မာအစိုးရ ဘက်မှ အမ်အိုင်ဂျီ ၂၉ တိုက်လေယာဉ်တစ်စီးသည် မတ်လ ၈ ရက်က နယ်စပ် ယူနန်ပြည်နယ်ရှိ တရုတ် ရွာတစ်ရွာပေါ်သို့ ပျံသန်းကာ၊ ကိုးကန့်သူပုန်များ ပုန်းခိုနေသောအိမ်ဟု ယုံကြည်ယူဆရသော အိမ်တစ်အိမ်ပေါ်သို့ ဗုံးတစ်လုံး ကြဲချခဲ့ကြောင်း သည်ဝါရှင်တန်တိုင်းမ်စ် သတင်းစာတွင် မတ်လ ၁၂ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

သို့ရာတွင် ထိုဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု ရှိမရှိ သတင်းကိုမူ တရုတ်ဘက်ကရော မြန်မာဘက်ကပါ ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း သည်ဝါရှင်တန်တိုင်းမ်စ် သတင်းစာက ဆိုသည်။

အမ်အိုင်ဂျီ ၂၉ တိုက်လေယာဉ်သည် Mengding ဟု အမည်ရသည့် တရုတ်ရွာပေါ်မှ အမြင့်ပေ ခပ်နိမ့်နိမ့်မှ ပျံသန်းသွားခဲ့ရာ ရွာသားများ ထိတ်လန့်တကြား ဖြစ်သွားခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောခဲ့ကြသည်ဟု သည်ဝါရှင်တန်တိုင်းမ်စ် သတင်းစာထဲတွင် ရေးသားထားသည်။

အစိုးရတပ်၏ လေကြောင်းပစ်ကူ ပစ်ခတ်မှုကြောင့် တရုတ်ရွာဘက်သို့ ကျကာ တရုတ်နိုင်ငံသားအချို့ သေဆုံးမှုရှိသည်ဟု ဗီအိုအေ သတင်းဌာနသို့ ကိုးကန့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောထားသည်။ ယင်းအပြင် မြန်မာတပ်မတော်၏ ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံ ယူနန်ဘက်အခြမ်းသို့ လက်နက်ကြီးကျကာ လေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရှိကြောင့် CCTV သတင်းဌာန၏ တွစ်တာစာမျက်နှာတွင် ရေးသားမှုကို ကိုးကားကာ ဗီအိုအေသတင်းဌာနတွင် ဖော်ပြထားသည်။


Credit - Mizzima News

No comments:

Post a Comment