နေပြည်တော် (မဇ္ဈိမ)။ ။ လက်ပံတန်းတွင် ယနေ့ နေ့လယ်က ပင်မကျောင်းသား
သပိတ်စစ်ကြောင်းနှင့် ရဲဝတ်စုံဝတ်ထားသည့် တပ်ဖွဲ့ဝင်တို့ ထိပ်တိုက်တွေ့ပြီး
ဆန္ဒပြကျောင်းသားများကိုသာမက သတင်းထောက်များကိုပါ ရိုက်နှက်ဖမ်းဆီးခဲ့သည့်
လုပ်ရပ်သည် မိဘပြည်သူများခင်ဗျားဟူသော စကားလုံးလှလှပြောကာ
ပြည်သူ့မျက်နှာကို တံတွေးဖြင့် ထွေးလိုက်သကဲ့သို့ ခံစားရသည်ဟု
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက
မဇ္ဈိမကို ပြောသည်။

လက်ပတန်းသပိတ်စခန်းအား
မတ်လ ၁၀ ရက်နေ့မွန်းလွဲပိုင်းက အာဏာပိုင်များများမှ အကြမ်းဖက်ဖြိုခွဲမှုနဲ့
ပက်သက်ပြီး ရန်ကုန်မြို့ လှည်းတန်းတွင် ကျောင်းသားလူငယ် အယောက် ၈၀ ခန့်က
ဆန္ဒပြကန့်ကွက်နေကြသည်ကို ရဲဝန်ထမ်းများက ဖြိုခွင်းရန်စတင်နေစဉ်။ (ဓာတ်ပုံ -
ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ)
“အစိုးရက တစ်လျှောက်လုံး မိဘပြည်သူများခင်ဗျားလို့ စကားလုံးလှလှတွေနဲ့ ပြောခဲ့တာဟာ အခုလုပ်ရပ်ကြောင့် ပြည်သူ့ မျက်နှာ တံတွေးနဲ့ ထွေးလိုက်သလို ခံစားရပါတယ်၊ ပြည်သူတွေ လမ်းပေါ်တက်လာအောင် အစိုးရဘက်က တမင်လုပ်နေတယ်လို့ သံသယဖြစ်လာတယ်၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးကို စစ်အုပ်ချုပ်ရေး ပြဌာန်း ချင်တာလားလို့လည်း တွေးကြည့်မိလာတယ်” ဟု သူက ပြောသည်။
ရဲဝတ်စုံဝတ်ထားသူများဟု ဦးကျော်မင်းဆွေက သုံးနှုန်းပြောဆိုသူများက ကျောင်းသားများ၊ သတင်းထောက်များနှင့် ရဟန်းရှင်လူ ပြည်သူတို့ ထွက်ပြေးနေစဉ်မှာပင် လိုက်လံ ရိုက်နှက် ဖမ်းဆီးခဲ့သည့် လုပ်ရပ်မှာ အရုပ်ဆိုးလွန်းကြောင်းလည်း သူက ပြောသည်။
“တက်လာတဲ့ ပုံတွေအရ ထွက်ပြေးနေသူတွေကို တမင်လိုက်ရိုက်နေတာ ငြင်းလို့ မရဘူး၊ တမင်သက်သက် ပြသနာဖြစ်အောင် လုပ်နေတယ်လို့ ယူဆပါတယ်၊ အရုပ်ဆိုးလွန်းပါတယ်၊ ကျောင်းသားတွေဘက်က အေးအေးချမ်းချမ်း ချီတက်မယ်လို့ ပြောထားပြီးသားကို ရဲယူနီဖောင်းဝတ်ထားသူတွေက ဒီလို ကျူးလွန်တာကို အခုလို ဖြေရှင်းတာကို ဆန့် ကျင်ကန့်ကွက်ရမှာပဲ” ဟုလည်း သူက ပြောသည်။
အဆိုပါ လုပ်ရပ်အပေါ် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ သဘောထားထုတ်ပြန်ချက် မကြေညာမီ မိနစ်ပိုင်းတွင် ကောင်စီ အတွင်းရေးမှူးက ပြောခဲ့ခြင်းဖြစ်ပြီး ၎င်းထုတ်ပြန်ချက်တွင် သတင်းထောက်များပါ ရိုက်နှက်ဖမ်းဆီးခံရမှုအပေါ် ကောင်စီက စိုးရိမ်မိကြောင်း၊ သတင်းပြန်ကြားပေးသူများအတွက် နိုင်ငံတကာက ပြဌာန်းထားသည့် ဥပဒေများ၊ ပြည်ထောင်စု လွှတ်တော်က ထုတ်ပြန်ထားသည့် ဥပဒေများနှင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေက ပေးထားသည့် နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ရဲတပ်ဖွဲ့ က မျက်ကွယ်ပြုသည့်အတွက် အပြင်းအထန် ကန့် ကွက်ကြောင်းများ ပါဝင်မည်ဟု သိရသည်။
“အစိုးရက သူလုပ်ပိုင်ခွင့် ရှိတဲ့အထဲက အစွမ်းကုန် မိုက်ရိုင်းပြလိုက်ပေမယ့် လွှတ်တော်အနေနဲ့တော့ ပြည်သူ့ကိုယ်စားလှယ်တွေ အစစ်အမှန်ဖြစ်ကြောင်း လုပ်ရပ်နဲ့ လက်တွေ့ပြသရမယ့် အချိန်ရောက်ပြီ၊ အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားတွေ တောင်းဆိုတဲ့ အတိုင်း ထိထိရောက်ရောက် ပြင်ဆင် ပြဌာန်းနိုင်ဖို့ ပိုပြီးတာဝန်ရှိလာပြီ” ဟုလည်း သူက တိုက်တွန်းပြောဆိုလိုက်သည်။
လက်ရှိအခြေအနေသည် ကျောင်းသားတို့ အတွက်သာမက သတင်းသမားများအတွက်ပါ စိုးရိမ်ရသဖြင့် ၀ိုင်းရိုက်သည်ကို ငုတ်တုတ်ထိုင်ခံနေလို့လည်း မဖြစ်၊ ပြန်ခုခံပြန်လျှင်လည်း အမှားပေါ် အမှားဆင့် ဖြစ်သောကြောင့် လွတ်အောင်သာ ပြေးကြရန် မိမိပြောလိုကြောင်း၊ ယခင်ရက်ပိုင်းတွင် ကျောင်းသားများအား စိတ်ရှည် သည်းခံဖို့  စောင့်ကြည့်ဖို့ ပြောခဲ့ကြသည့် ကြားနေပြည်သူလူထုများသည်ပင် ယခုလုပ်ရပ်ကြောင့် ကျောင်းသားများဘက်သို့ လုံးလုံးလျားလျား ပါသွားနိုင်ကြောင်းလည်း ဦးကျော်မင်းဆွေက သုံးသပ်ပြောကြားသည်။
Credit - Mizzima News
No comments:
Post a Comment