Tuesday, March 10, 2015

တပ်မတော်ဦးတည်ချက် ငြိမ်းချမ်းရေးအတွက် မဖြစ်သင့်ဘူးလား (အယ်ဒီတာ့အာဘော်)

လာမည့် မတ်လ ၂၇ ရက်သည် တပ်မတော် နှစ် ၇၀ ပြည့် တပ်မတော်နေ့ဖြစ်သည်။ အစဉ်အလာအတိုင်း တပ်မတော်နေ့ ဦးတည်ချက်များကို နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်၊ ပုံနှိပ်ဖော်ပြလေ့ရှိရာ တပ်မတော်နေ့ ဦးတည်ချက် များအဖြစ် အချက်လေးချက်ကို ဖော်ပြလေ့ရှိသည်။

တပ်မတော်နေ့အခါသမယ နီးလာသည့်နှင့် တပ်မတော်နေ့ ဦးတည်ချက်များကို ဖော်ပြရာတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ပထမ ဦးစားပေး ဦးတည်ချက်အဖြစ် ဖော်ပြလေ့ရှိသည်ကို တွေ့ရှိရသည်။

သို့သော် နှစ် ၇၀ ပြည့် တပ်မတော်နေ့ဦးတည်ချက်တွင်မူ အဆိုပါ ဒို့တာဝန်အရေးသုံးပါးကို အောက်ဆုံး ဦးတည်ချက် အဖြစ် ဖော်ပြထားပြီး ဦးစားပေးဦးတည်ချက်အဖြစ် “နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထုကို ကာကွယ်စောင့်ရှောက်ရန်၊ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီတပ်မတော် တည်ဆောက်ရေး” ဟူသည့် ဦးတည်ချက်ကို ပထမ ဦးစားပေးအဖြစ် ဖော်ပြထားသည်ကို တွေ့ရသည်။

ထူးခြားသည်မှာ တပ်မတော်အတွက်သာမက မိမိတို့ နိုင်ငံအတွက် အရေးပါလွန်းသည့် “ငြိမ်းချမ်းရေး” နှင့် ပတ်သက်၍ တပ်မတော်၏ ဦးတည်ချက် မထားရှိခြင်းဖြစ်သည်။

နှစ် ၇၀ ပြည့် တပ်မတော် ဦးတည်ချက်တွင် “နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုနှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရေး” ဟု ဦးတည်ချက် ထားရှိသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့်နှစ် ၆၉ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်တွင်မူ “ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် စုစည်းညီညွတ်သော ပြည်ထောင်စုကို အခြေခံ၍ တည်ငြိမ်အေးချမ်းမှုမှသည် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေး” ဟု ဦးတည်ချက် ထားရှိခဲ့သည်။

သို့သော် ယခုနှစ် တပ်မတော်နေ့ ဦးတည်ချက်တွင်မူ ငြိမ်းချမ်းရေးအတွက် ဦးတည်ချက် မထားတော့ခြင်းသည် ထာဝရငြိမ်းချမ်းရေး ရရှိပြီးဖြစ်၍လော။ အဖြေမှာ ရှင်းပါသည်။ လက်ရှိ ကိုးကန့်ဒေသတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများ၊ ကချင်ဒေသတွင် ပေါ်ပေါက်နေသည့် တိုက်ပွဲများက ငြိမ်းချမ်းရေး မရသေးကြောင်း သက်သေပင်ဖြစ်သည်။

သို့ဆိုလျှင် ငြိမ်းချမ်းရေးအတွက် အဓိက အဖွဲ့အစည်းအဖြစ် ပါဝင်ပတ်သက်နေသည့် တပ်မတော်သည် ငြိမ်းချမ်းရေး ရရမည်ဟူသည့် ရည်မှန်းချက်၊ ပန်းတိုင်၊ ဦးတည်ချက် မထားရှိသင့်ဘူးလော။

တပ်မတော်၏ ဦးတည်ချက်များတွင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မည့် အချက်များ မပါဝင်ခြင်းကြောင့် ငြိမ်းချမ်းရေးမရဘဲ နိုင်ငံတော် တည်ငြိမ်အေးချမ်းမည် မဟုတ်ပါ၊ ငြိမ်းချမ်းရေး မရပါဘဲလျက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရှိမည်မဟုတ်ပါ၊ ငြိမ်းချမ်းရေးမရပါဘဲလျက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရန် အဟန့်အတားများ ရှိနေဦးမည်သာဖြစ်ပါသည်။

ငြိမ်းချမ်းရေးမရပါဘဲလျက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် တပ်မတော်၏ ဦးတည်ချက် ပေါက်မြောက်ပါမည်လား မေးခွန်းထုတ်စရာပင်ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment