Friday, March 13, 2015

နိုင်ငံသားတစ်ဦးလျှင် ကြွေးမြီ ငါးသိန်းနီးပါးခန့်တင်ရှိနေဟု ဆို

နေပြည်တော် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသားတစ်ဦးလျှင် ပြည်တွင်း၊ ပြည်ပကြွေးမြီပေါင်း တစ်ဦးလျှင် ငါးသိန်းနီးပါးခန့်တင်နေသည်ဟု ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး မင်းလှမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးက ပြောသည်။

ဦးမောင်တိုးက မြန်မာနိုင်ငံ၏လူဦးရေ  ၅၁ သန်းကျော်တွင် ယခင်က ကြွေးမြီ စုစုပေါင်း ကျပ်ဘီလီယံ ၂၀၀၀၀ ဖြစ်ပြီး ဂျီဒီပီ၏ ၃၀ ဒဿမ ဖြင့် လူတစ်ဦးချင်းလျှင် ၃၈၈ ၉၅၈ ကျပ်ဖြစ်သော်လည်း ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ၅၂၀၅ ဖြင့် ဂျီဒီပီ၏ ၇ ဒဿမ ၁ ရာခိုင်နှုန်းဖြစ်ကာ လူတစ်ဦးချင်းလျှင် ၁၀၁ ၂၂၆ ကျပ် ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ကြွေးမြီမှာ ကျပ်ဘီလီယံပေါင်း ၂၅ ၂၀၅ ဖြစ်ပြီး ဂျီဒီပီ၏ ၃၇ ဒဿမ ၃ ရာခိုင်နှုန်းဖြင့် လူတစ်ဦးလျှင် ကျပ် ၄၉၀ ၁၈၄ ဖြစ်သည်ဟု ဦးမောင်တိုးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိစာရင်းများအရ မြန်မာနိုင်ငံတွင် ပြည်ပကြွေးမြီ ၉၁၈၅ ဘီလီယံကျပ်၊ ဂျီဒီပီ၏ ၁၃ ဒဿမ ၉ ရာခိုင်နှုန်းဖြစ်ကာ လူတစ်ဦးချင်းလျှင် ၁၇၈ ၆၂၉ ကျပ်၊ပြည်တွင်းကြွေးမြီ ၁၀ ၈၁၅ ဘီလီယံကျပ်၊ ဂျီဒီပီ ၁၆ ဒဿမ ၃ ရာခိုင်နှုန်း၊ လူတစ်ဦးလျှင် ၂၁၀ ၃၂၉ ကျပ် ဖြစ်ပြီး စုစုပေါင်းကြွေးမြီ ကျပ်ဘီလီယံ ၂၀ ၀၀၀၊ ဂျီဒီပီ ၃၀ ဒဿမ ၂ ရာခိုင်နှုန်း၊ လူတစ်ဦးချင်းလျှင် ကျပ် ၃၈၈ ၉၅၈ ဖြစ်သည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေက ၂၀၁၄ ခု၊ စက်တင်ဘာလတွင် အခွန်ကင်းလွတ်ခွင့်များ များပြားလာခြင်း၊ ဘတ်ဂျက်ပြင်ပချေးငွေများတိုးလာခြင်းတို့ဖြစ်ပြီး နိုင်ငံ၏ကြွှေးမြီသည် ရှိနေသင့်သည့် အတိုင်းအတာထက် ကျော်လွန်သွားနိုင်ပါသည်ဟု ဆန်းစစ်ထားကြောင်း ဦးမောင်တိုးက ကိုးကား၍ ပြောကြားသည်။

ထို့ကြောင့် အခွန်ကင်းလွတ်ခွင့် ပေးခြင်းနှင့် ဘတ်ဂျက်ပြင်ပ ငွေချေးခြင်းများကို လျှော့ချရန် လိုအပ်ပါသည်ဟုလည်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ဆန်းစစ်ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ သမ၀ါယမ ၀န်ကြီးဌာနအနေဖြင့် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ ကန်ဒေါ်လာ သန်း ၇၀၀ ချေးယူမည့်အနက် သန်း ၃၀၀ ချေးယူထားခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ယွမ်ဘီလီယံ ၃၀ အနက် မကြာသေးခင်က ယွမ် ၂၄၆ သန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးယူခြင်းကို ဒီချုပ်ကိုယ်စားလှယ်အပါအ၀င် တိုင်းရင်သားကိုယ်စားလှယ်များက ကန့်ကွက်ကြသော်လည်း ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏မဲဖြင့် ချေးငွေကို လွှတ်တော်က အတည်ပြုခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment