မနေ့ကဖတ်လိုက်ရသည့် သတင်းစာထဲတွင် ကိုဖုန်းမော်ကျဆုံးခြင်း ၂၇ နှစ်ပြည့် အခမ်းအနားပြုလုပ်မည့်သတင်း ဖတ်လိုက်ရသည်။ အချိန်တွေ ကုန်လွယ်လိုက်တာ။ ၂၇ နှစ်ရှိခဲ့ပြီလား။
ကိုဖုန်းမော်ကျဆုံးစဉ်က ကျွန်မသားကြီးကို ကိုယ်ဝန်ဆောင်နေရပြီး လရင့်နေသည့်အတွက် အပြင်လောကသို့ မသွား ရောက်နိုင်ခဲ့ဘဲ ကိုဖုန်းမော် အရွယ်မတိုင်မီကြွေလွင့်ခဲ့ရသည့် နောက်ဆုံးခရီးကို တစ်ဆင့်စကားများဖြင့်သာ ကြားခဲ့ရ သည်။
သူငယ်ချင်းများ ပြောပြသည့်သတင်းများကို နားထောင်ရင်း ခင်မင်သူတစ်ယောက်၏ နောက်ဆုံးခရီးမှာ ကြေကွဲစရာ၊ နာကြည်းစရာတွေ ပြည့်နှက်နေသည့်အတွက် မပေါ့မပါးနှင့် လွတ်လပ်သူတစ်ယောက်မဟုတ်ခဲ့၍ ကိုယ်တိုင်မပါဝင်ခဲ့ရသည့်ကို တွေးမိတိုင်း စိတ်မကောင်းဖြစ်မိသည်။
တကယ်တော့ ကျွန်မနှင့်ကိုဖုန်းမော်မှာ ငယ်သူငယ်ချင်းများမဟုတ်ဘဲ ရဲဘော်ရဲဘက်များဟုဆိုလျှင် ပိုမှန်မည် ထင်သည်။ ကိုဖုန်းမော်က ကျွန်မထက် သုံးနှစ်ခန့်ငယ်၍ ရန်ကုန်စက်မှုတက္ကသိုလ်မှဖြစ်ပြီး ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် သမိုင်းအဓိကယူသော ကျွန်မနှင့် ရွှေလောင်းကျွန်း စပါး (၁)စီမံကိန်း ရပ်ဝေးအခြေစိုက်လုပ်ငန်းအားပေးစခန်းတွင် ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ မှတ်မှတ်ရရ ပြောရလျှင် လွန်ခဲ့သည့် နှစ် ၃၀ ကျော်ကာလဖြစ်သည့် ၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလယ်တွင် ရန်ကုန်မြို့ မော်တင်ဆိပ်ကမ်းမှ ညနေသင်္ဘောဖြင့် ထွက်ခွာပြီး လုပ်အားပေးစခန်းရှိသည့် ရွှေလောင်းမြို့သို့ နံနက်စောစောတွင် ရောက်ရှိခဲ့ကြသည်။ ထိုအချိန်အတွင်းမှာပင် လူချင်းမသိကြသော်လည်း သင်္ဘောအတက်နှင့်အဆင်းတွင် အခြားသူများ၏ ပစ္စည်းများကို ကူညီသယ်ဆောင်ပေးနေသည့် သူ့ကို ကျွန်မသတိထားမိခဲ့သည်။
မြန်မာနိုင်ငံအနှံ့ တက္ကသိုလ်များမှ လုပ်အားပေးကျောင်းသားကျောင်းသူတစ်ရာကျော်ကို တပ်စုလေးစု ခွဲလျက် တစ်စုတစ်ခုတွင် ကျောင်းပေါင်းစုံကိုမျှ၍ ဖွဲ့စည်းပေးသည်တွင် ကျွန်မနှင့် ကိုဖုန်းမော်တို့ တပ်စု ၄ တွင် ပါဝင်ခွင့်ရခဲ့ပြီး ကျွန်မတို့ တပ်စု ၄ တစ်စုံလုံးမှာ တကယ့်မောင်နှမရင်းများကဲ့သို့ ချစ်ခင်ရင်းနှီးခွင့်ရခဲ့ကြသည်။
တပ်စုမှူးမှာလည်း ရန်ကုန်စက်မှုတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမြင့် (နောင်တွင် စက်မှုတက္ကသိုလ်တွင် ဆရာပြန်လုပ်သူ) ဖြစ်ပြီး ကြီးကြပ်သည့်ဆရာများထဲတွင် မြစ်ကြီးနားကောလိပ်မှ လမ်းစဉ်လူငယ်အတွင်းရေးမှူး ဦးကမန်းဒူးနော် (ယခု ကချင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး) ဖြစ်သည်။
ထိုအချိန်က ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူမှာ ယခုအငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်၍ လုပ်အားပေးစခန်း ဖွင့်ပွဲ၊ ပိတ်ပွဲသာမက မကြာခဏလာရောက်အားပေးခဲ့သည့်ကိုလည်း အမှတ်ရမိပါသည်။
ဖြူစင်သော အသားအရေ၊ ကြည်လင်သော မျက်နှာနှင့် မြင့်မားသော အရပ်တို့ကို ပိုင်ဆိုင်သောယဉ်ကျေးဖော်ရွေစွာ ပြောဆိုတတ်သည့် ကိုဖုန်းမော်ကို စခန်းရှိ အုပ်ချုပ်သူဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူတိုင်းက ခင်မင်ကြသည် သာမက နောင်တွင် ရွှေလောင်းရွာမှ ရွာသူရွာသားများနှင့်ပါ ရင်းနှီးခဲ့သည်ကို မြင့်တွေ့ခဲ့ရသည်။
ကျွန်မတို့ လုပ်အားပေးရသည်က ရွှေလောင်းမြို့နှင့် ၀ါးခယ်မမြို့ကို ဆက်သွယ်ရန် ရွှေလောင်းမြို့၏ အနောက်ဘက် တာပေါင်အနီးမှ ၀ါးခယ်မမြို့ သော်ကဘုရားအနီးအထိ စက်လှေများ သွားလာနိုင်အောင် တူးမြောင်း ဖောက်လုပ်ရခြင်း ဖြစ်သည်။ ရွှေလောင်းနှင့်ဝါးခယ်မို့ မြစ်ကြောင်းအတိုင်းသွားပါက ရေလှည့်မသင့်လျှင် ငါးနာရီခန့် ကြာပြီး ကျွန်မတို့ဖောက်သည့်မြောင်းအတိုင်း သွားပါက တစ်နာရီခန့်သာ ကြာမည်ထင်သည်။
ထိုအချိန်က နိုဝင်ဘာ၊ ဒီဇင်ဘာဆောင်းတွင်း ကာလဖြစ်သော်လည်း ကျွန်မတို့ လုပ်အားပေးရန် ရောက်ပြီး နှစ်ရက်သုံးရက်ခန့်အကြာတွင် မုန်တိုင်းဝင်၍ မိုးသည်းကြီးမည်းကြီး ရွာသည်။ ကျွန်မတို့ လုပ်ရမည့်အလုပ်က လယ်မြေကို ဇလားပုံကျင်းများ တူးရန်ဖြစ်ရာ တပ်စုအလိုက် နေရာသတ်မှတ်ပေးထားသည်။
မိုးရွာမထားလျှင် ခြောက်ခြောက်သွေ့သွေ့ တူးရသည့်အတွက် ပြဿနာမရှိသောလည်း ရွှံ့ဗွက်များ၊ နွံများကြောင့် ပေါက်တူးတစ်ချက်ပေါက်လိုက်တိုင်း ရွှံ့ဗွက်ရေများက ပတ်ပတ်လည်စင်ကုန်သည့်အတွက် အလုပ်လုပ်ရသည်မှာ ခရီးမတွင် လှပေ။
သို့သော်လည်း တပ်စုတစ်စုနှင့်တစ်စု အပြိုင်အဆိုင်နှင့် အစောဆုံးပြီးရန် စိတ်အားထက်သန်စွာနှင့် အားကြိုးမာန်တက် လုပ်ဆောင်ကြရင်းနီးစပ်သည့်တပ်စုနှစ်စုတို့မှာ မကြာခဏ ပြဿနာဖြစ်တတ်သည်။
လူငယ်များ မခံချင်စိတ်နှင့် လုပ်ကြပြောကြသည်ကို စိတ်ရှည်စွာနှင့် ဖျန်ဖြေပေးသူမှာ ကိုဖုန်းမော်နှင့် တပ်စုမှူးကိုစိုးမြင့် ဖြစ်သည်။ တပ်စုအတွက် အပင်ပန်းအခံဆုံးသူများထဲတွင် သူတို့နှစ်ယောက်လည်း ပါဝင်နေသည့်အတွက် ကျွန်မတို့ တပ်စု ၄ စံပြတပ်စုရခဲ့ခြင်းမှာ သူတို့ နှစ်ယောက်၏စွမ်းဆောင်ရည်ကြောင့် ဆိုလျှင် မမှားပါ။
လုပ်အားပေးစခန်းမှ အခြားသူများထက် ကိုဖုန်းမော်ကို ပိုခင်ရသည့်အကြောင်းမှာ သူလည်း ကျွန်မကဲ့သို့ တက္ကသိုလ်ကြက်ခြေနီတပ်ဖွဲ့ဝင်ဖြစ်နေခြင်းကြောင့်ပင်။ လုပ်အားပေးစခန်းမှ ပြန်ခဲ့ကြသော်လည်း ကိုဖုန်းမော်နှင့် ခင်မင်ရင်းနှီးမှုက မပျက်ခဲ့ဘဲ အထူးသဖြင့် ကျောင်းကြက်ခြေနီလှုပ်ရှားမှုများတွင် မကြာခဏ ဆုံဖြစ်ခဲ့ကြသည်။
အသင်းအဖွဲ့အတွက် အမြဲတမ်းစိတ်အားထက်သန်နေတတ်သည့် သူ့ကိုတွေ့တိုင်း အားရကျေနပ်မိသည်။ သူလိုလူငယ်မျိုး ကျွန်မတို့နိုင်ငံတွင် အများကြီးလိုအပ်သည် မဟုတ်ပါလား။
ကျွန်မပညာသင်ကြားပြီးဆုံး၍ လုပ်ငန်းခွင်ထဲ ရောက်သည့်အခါ သူနှင့် မကြာခဏ လှည်းတန်းတွင် တွေ့ဆုံတတ်သော်လည်း ကျွန်မသားကြီးကိုယ်ဝန်ရှိချိန်တွင် ကျန်းမာရေးမကောင်းသဖြင့် သူနှင့် မဆုံဖြစ်တော့။
၁၉၈၈ မတ်လ ၁၃ ရက်တွင် လူစုလူဝေးသို့ ပစ်လိုက်သည့် သေနတ်ကျည်ဆန် သူ့ကို မှန်ပြီး ကျဆုံးခဲ့ရကြောင်း ကြားရသည်ကို ကျွန်မ မယုံနိုင်ခဲ့ပါ။
အေးဆေးတည်ငြိမ်ပြီး စာကြိုးစားသည့် လူငယ်တစ်ယောက်၊ အသင်းအဖွဲ့အတွက် အချိန်ပေးလုပ်ဆောင်တတ်သူ လူငယ်တစ်ယောက် ထိုသို့ ဖြစ်လာလိမ့်မည်ဟု မယုံခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က သူသည် ဓာတုအင်ဂျင်နီယာပဉ္စမနှစ်ကျောင်းသားဖြစ်ပြီး ကျောင်းကြက်ခြေနီအသင်းတွင် တပ်ဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည့်အတွက် နောက်တစ်နေ့တွင် ကျင်းပမည့် ကျောင်းတွင်းအသင်းလိုက် ဘောလုံးပြိုင်ပွဲ အတွက် တာဝန်ယူရန် ညကတည်းက စက်မှုတက္ကသိုလ်ရှိ အဆောင်တွင် သွားရောက်အိပ်ခဲ့သည်။ ညဘက်တွင် ကျောင်းအနီးရှိ လက်ဖက်ရည်ဆိုင်၌ စက်မှုတက္ကသိုလ်ကျောင်းသားအချို့နှင့် ရပ်ကွက်မှ လူအချို့တို့ ရန်ပွဲဖြစ်သည်ကို လူငယ်သဘာဝ သွားရောက်ကြည့်ရှုရင်း ရဲလုံထိန်းတပ်ဖွဲ့မှ လူစုခွဲရန် ပစ်လိုက်သည့် သေနတ်ကျည်ဆန်က သူ့ကို မှန်ခဲ့ခြင်းဖြစ်သည်။ ရန်ဖြစ်သည့်အထဲလည်း သူမပါ၊ နိုင်ငံရေးအသွေးအရောင်လည်း မရှိရှာသည့် သူတစ်ယောက်ကို အမျိုးမျိုးရေးကြ၊ ပြောကြ ရသည်ကို ဖတ်ရ၊ နားထောင်ရည်မှာ ခင်မင်သည့် သူငယ်ချင်းတစ်ယောက်အတွက် မခံစားနိုင်အောင် ဖြစ်ရသည်။
ကိုဖုန်းမော်ကျဆုံးခဲ့သည်ကို တန်ဖိုးရှိသည့် သူငယ်ချင်းတစ်ယောက် ဆုံးရှုံးရခြင်းအတွက် ကျွန်မ ပြောမပြနိုင်အောင် ခံစားရသော်လည်း ကိုဖုန်းမော်ကို အမြတ်ထုတ်လိုကြသည့်သူများကို သဘောမကျပါ။
ကိုဖုန်းမော်ကျဆုံးခဲ့ရသည်မှာ စနစ်တစ်ခု၊ လူတစ်စု၊ လူတစ်ယောက် အာဏာတည်မြဲရေးအတွက် အစတေးခံခဲ့ရခြင်းသာဖြစ်ပြီး ထိုအချိန်မှ ယခုအချိန်အထိ မြန်မာနိုင်ငံရှိ အုပ်ချုပ်သူများ၏စီမံခန့်ခွဲမှု ညံ့ဖျင်းအားနည်းချက်ကို အသက်ပေး၍ ထောက်ပြခဲ့ခြင်းဖြစ်သည်။
ထိုသို့ တန်ဖိုးရှိသည့်သူတစ်ယောက်၏ အသက်နှင့်လဲ၍ ပေးခဲ့သည့်သင်ခန်းစာကို ယနေ့အုပ်ချုပ်သည့်အစိုးရနှင့် ပြုပြင်ပြောင်းလဲလိုသည့် ကျောင်းသားများ အတုယူသင့်ပါသည်။
ကြွေပြီးသွားသည့် သစ်ရွက်ကို ပြန်ဆက်လိုသည့်စိတ်ထားမျိုး ကျောင်းသားများတွင် ရှိမနေသင့်သကဲ့သို့ ပြည်သူလူထုအား ပင်စည်နှင့် တူသည့် အစိုးရက အကောင်းဆုံးစီမံခန့်ခွဲ အုပ်ချုပ်နိုင်အောင် ကြိုးပမ်းစေလိုပါသည်။ အချိန်မတိုင်မီ ကြွေခဲ့ရသည့် သစ်ရွက်တစ်ရွက်ကို လေးစားသောအားဖြင့် သူ ကျဆုံးခဲ့ရသည့် နေ့ရက်တစ်ရက်ကိုသာ အမှတ်တရနေ့ မဟုတ်ဘဲ အမြဲ အမှတ်ရလျက် သူ ဘာကြောင့် ကြွေလွင့်ခဲ့ရသည်ကို ဆင်ခြင်ခံစားပြီး ပြုပြင်ပြောင်းလဲစေချင်ပါသည်။
Credit - Mizzima News

No comments:
Post a Comment