လွန်ခဲ့သည့် ၂၇ နှစ်၊ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်သည် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် လုံထိန်းရဲတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ကျဆုံးခဲ့သည့် လွန်စွာဝမ်းနည်းဖွယ်နေ့တစ်နေ့ ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် အရပ်သားအချို့နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားအချို့ ပဋိပက္ခမှသည် ထိုစဉ်က အာဏာပိုင်တို့၏ ညံ့ဖျင်းသည့် ဖြေရှင်းမှုကြောင့် မတ်လ ၁၃ ရက်တွင် ကိုဖုန်းမော် သေဆုံးခဲ့သည့် ဝမ်းနည်းဖွယ်အဖြစ်နှင့် ကြုံခဲ့ရခြင်းဖြစ်သည်။
ကျောင်းသားနှင့်အရပ်သားတို့အကြား ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခကို ဖြေရှင်းပေးရန် ရန်ကုန်တက္ကသိုလ် ကျောင်းသားတို့က တရားမျှတစွာဖြေရှင်းပေးရန် တောင်းဆိုမှုကို အာဏာပိုင်တို့က အကြမ်းဖက်ဖြေရှင်းရာမှ ကိုဖုန်းမော်ပွဲနှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရခြင်းဖြစ်သည်။
ကိုဖုန်းမော်တို့ ကျဆုံးပြီးနောက် တင်းမာလာသည့်အခြေအနေများနှင့် မတ်လ ၁၆ ရက် ဆန္ဒပြမှုများအတွင်း ကျောင်းသူ၊ ကျောင်းသား ဆယ်နှင့်ချီကာ အင်းလျားကန်အနီး တံတားဖြူတွင် ကျဆုံးခဲ့ရပြန်သည်။ နောင်တွင် တက်ကြွလှုပ်ရှားသူများက ထိုနေ့ကို တံတားနီနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
မတ်လ ၁၃ ရက်မှစတင်သည့် တင်းမာမှုများသည် မတ်လ ၁၈ ရက် လူထုလှုပ်ရှားမှု၊ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ လှုပ်ရှားမှု၊ ဇူလိုင် ၂၁ ရက်အရောက်တွင် မြေနီကုန်း အရေးအခင်းတို့ ပေါ်ပေါက်ကာ ၁၉၈၈ သြဂုတ်လအရောက်တွင် ကမ္ဘာကျော် အရေးအခင်း တော်လှန်ရေးကြီးအထိ ကျယ်ပြန့်လာခဲ့သည်။
ဆိုလိုသည်မှာ လွန်ခဲ့သည့်အတိတ် ၂၇ နှစ်မှ သင်ခန်းစာများကို ယနေ့အာဏာပိုင်များ ရယူသတိရှိစေလိုခြင်းဖြစ်သည်။ ကျောင်းသား အရပ်သား ပဋိပက္ခမှသည် အထွေထွေမကျေနပ်မှုများထပ်တိုး ပေါ်ပေါက်လျက် ၈၈ အရေးတော်ပုံဟူသည့် သမိုင်းတွင်နေ့ရက်အထိ ဖြစ်လာခဲ့ရသည်။
ပြီးခဲ့သည့် အတိတ် ၂၇ နှစ်၊ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက် အခြေအနေနှင့် ယနေ့ ၂၀၁၅ ခုနှစ် မတ်လ အခြေအနေကို ချိန်ထိုးသင်ခန်းစာ ယူတတ်ကြရန် တင်ပြနေခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် မတ်လ ၅ ရက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြနေသည့် ကျောင်းသူကျောင်းသားများ ပါဝင်သော တက်ကြွလှုပ်ရှားသူများကို အရပ်ဝတ် စွမ်းအားရှင်များသုံး၍ အင်အားသုံး ဖြေရှင်းခဲ့သည်။ မတ်လ ၁၀ ရက်တွင် လက်ပံတန်းရှိ ကျောင်းသား သပိတ်စခန်းကို ရဲအင်အား မြောက်မြားစွာ သုံးလျက် အင်းအားသုံး ဖြေရှင်း၊ ရိုက်နှက် ဖမ်းဆီးခြင်းကဲ့သို့သော အလွန်မသင့်လျော်သည့် လုပ်ရပ်များ ပေါ်ပေါက်လာခဲ့ခြင်းသည် လွန်ခဲ့သည့် ၂၇ နှစ်မှ သင်ခန်းစာများကို မယူခဲ့ခြင်း၊ လွန်ခဲ့သည့် ၂၇ ခုနှစ်မှ အလွဲသုံး ဖြေရှင်းနည်းအတိုင်း ဖြေရှင်းခဲ့ခြင်းတို့ကြောင့်ဟု ဆိုလျှင် မှားနိုင်မည်မဟုတ်ပါ။
ဆိုခဲ့သည့် ဖြေရှင်းမှု နည်းလမ်းမမှန်သည့်လုပ်ရပ်များသည် ကမ္ဘာ့မိသားစုထဲသို့ မြန်မာပြန်ဝင်လာပြီဟု နိုင်ငံအကြီးအကဲများ၏ ပြောစကားနှင့် နောက်ကြောင်း ပြန်မလှည့်ပါဟူသည့် ကတိကဝတ်များကို ပြက်ရယ်ပြုသကဲ့သို့ရှိသည်။
လက်ပံတန်းတွင် ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက်ဖြေရှင်းမှုကြောင့် ကမ္ဘာ့ နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းမှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက အပြင်းအထန်ရှုတ်ချနေကြသည်ကိုလည်း သတိပြုဖွယ်ပင်ဖြစ်သည်။
ယခုနှစ် မတ်လ ၁၃ ရက်တွင် ဖုန်းမော်ကျဆုံးခဲ့သည့် ၂၇ နှစ်မြောက်နေ့တွင် မဇ္ဈိမက သတင်းစကားပါး လိုသည်မှာ “ဖုန်းမော် အဖြစ်မျိုး နောက်ထပ်မတိုးလိုပါ”။
ဖုန်းမော်ကပေးသည့် သင်ခန်းစာကိုယူပါ၊ အကျည်းတန် အရုပ်ဆိုးသည့် ဖြေရှင်းမှုများ၊ ခက်ထန်ကြမ်းတမ်းသည့် လုပ်ရပ်များ ရပ်ကြပါရန်လည်း တိုက်တွန်းသည်။
Credit - Mizzima News
No comments:
Post a Comment