မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာရေးပေးပို့ခဲ့သူက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ ဦးတင်မောင်လွင် ဖြစ်ပါတယ်။
အခု ရက်သတ္တပတ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသား သပိတ်မှောက်ဆန္ဒပြမှုနဲ့ ကျောင်းသားများကို ပိတ်ဆို့ တားဆီးမှုအပေါ် ကန့်ကွက်တဲ့ ထောက်ခံဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆိုပြီး နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာကို ဖတ်လိုက်ရတာကြောင့်ရေးလိုက် ရတဲ့စာပါလို့ ဆိုပါတယ်။
သူဖတ်လိုက်ရတဲ့ သတင်းစာထဲမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ၅-၃-၂၀၁၅ ရက်၌ အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေး ထောက်ခံဆန္ဒပြသူများကို လူစုခွဲပြီး ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်ဆိုပြီး အဖွဲ့ဝင်ငါးဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်လိုက်တယ်လို့ ဖတ်လိုက်ရပါတယ်တဲ့။
သူပြောချင်တာက စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့တယ်ဆိုတာ မသိနိုင်တဲ့ နောက်ကွယ်က ကိစ္စတွေ၊ ပြဿနာတွေကို စုံစမ်းဖော်ထုတ်တာဖြစ်လို့ အခုဖြစ်သွားတဲ့ပြဿနာဟာ ရှင်းလင်းမြင်သာပြီး နှစ်ဘက်စလုံးအနေအထားကို အစိုးရနဲ့ ပြည်သူတွေ သိနေကြတာမို့ စုံစမ်းစရာမလိုဘဲ စစ်ဆေးပြီး တာဝန်ရှိတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ပြောပါတယ်။
တကယ်တော့ ကျောင်းသားတွေက ပညာရေးပြုပြင်ပြောင်းလဲဖို့အတွက် ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြကြတာပါ။ ကျောင်းသားတွေအနေနဲ့ အကြမ်းဖက်တာတွေ၊ ဖျက်ဆီးတာတွေ မလုပ်ခဲ့ကြတဲ့အပြင် ပြည်သူတွေကိုလည်း ဘယ်လိုအနှောင့် အယှက်မှ မပေးခဲ့ကြဘဲနဲ့ ရဲမဟုတ်တဲ့ အရပ်သားတွေကို လက်ပတ်နီတွေ ဝတ်ပေးပြီး ဖြိုခွင်းတာကတော့ အရပ်ရပ်က ကြားလို့မကောင်းတဲ့ ကိစ္စပဲလို့ ပြောပါတယ်။
အဲဒီနေ့က အဖြစ်အပျက်ကို ပြည်သူတွေအနေနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ကြရသလို သတင်းမီဒီယာတွေ ဖော်ပြခဲ့ကြရတာကို ဖတ်ကြရ မြင်ကြရတာပဲ။
ပြီးခဲ့တဲ့ မတ်လ ၉ ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တွေ့ဆုံပွဲလုပ်ပြီး ရှင်းလင်းခဲ့တဲ့အကြောင်း ရေးထားတဲ့သတင်းတွေကို ဖတ်ကြည့်ရင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေနဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်လို့ အကြမ်းဖက်နှိမ်နင်းဖြိုခွဲခဲ့တာက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာကို ကော်မရှင်ဖွဲ့ပြီး စုံစမ်းရင်လည်း ဒီအကြောင်းအရာပဲ ထွက်လာမှာပါ။
အရင်ပြဿနာတွေမှာလည်း ပြဿနာတစ်ခုဖြစ်တိုင်း စုံစမ်းရေးကော်မရှင်ဖွဲ့ခဲ့ကြပြီး ဘယ်ပြဿနာကိုမှ ပြည်သူတွေ အနေနဲ့ ရှင်းရှင်းလင်းလင်း မသိမြင်ခဲ့ရသလို တာဝန်ရှိတဲ့သူကိုလည်း အရေးယူတာ၊ နုတ်ထွက်စေတာ မလုပ်ကြတာ ကလည်း အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်သမျှအကြောင်းအရာတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေမှာ မကြားဖူးတဲ့၊ မဖြစ်ဖူးတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့သလို နောက်ဆုံးမှာ ပွဲပြီးသွားရင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့တာကလည်း လုပ်ရိုးလုပ်စဉ် ဖြစ်နေတာကို သူ့အနေနဲ့ သဘောမကျပါဘူးတဲ့။
လူတစ်ယောက်ရဲ့ အပြုအမူနဲ့ အစိုးရရဲ့လုပ်ရပ်ဟာ သူ့နိုင်ငံရဲ့အခြေအနေကို ဖော်ပြနေတဲ့အတွက် အစိုးရရဲ့ အကြိမ်ကြိမ် မှားနေတဲ့ ပြုမူဆောင်ရွက်ချက်တွေကို ပြုသမျှ နုနေရတဲ့ ပြည်သူတွေကို အားမနာကြတော့ဘူးလားလို့ မေးချင်လို့ စာဖတ်သူကဏ္ဍကို ရေးပို့လိုက်ပါတယ်။ ဖော်ပြပေးစေချင်ပါတယ်လို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။
Credit - Mizzima News
No comments:
Post a Comment