အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့တွေနဲ့ စွမ်းအားရှင်တွေက အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ ဒီလို စွမ်းအားရှင်တွေကို သုံးပြီး နှိမ်နင်းတာဟာ ဥပဒေ အတိုင်း ဆောင်ရွက်တာ ဖြစ်တယ် ဆိုပြီး အာဏာပိုင်တွေဘက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၂၇ နဲ့ ၁၂၈ မိတ္တူစာရွက်တွေ ဖြန့်ဝေပြီး ဆင်ခြေပေးတာလည်း လုပ်ခဲ့ပါတယ်။ သမ္မတ ပြောခွင့်ရ ဝန်ကြီး ဦးရဲထွဋ်ကိုယ်တိုင် ရဲတပ်ဖွဲ့ဟာ ဥပဒေမှာ ပါတဲ့အတိုင်း လုပ်ခဲ့တာ ဖြစ်တယ်။ တကယ်လို့ အများပြည်သူ အနေနဲ့ ဒါကို ဥပဒေနဲ့ မညီဘူးလို့ ထင်ရင် တရားစွဲဆိုပိုင်ခွင့် ရှိတယ် ဆိုပြီး ဖြေရှင်းချက်ပေးခဲ့ပြန်ပါတယ်။ ဆန္ဒပြမှုကို နှိမ်နင်းသူတွေဟာ ဥပဒေပါ
ဘယ်အချက်ကို အသုံးပြုခဲ့ကြသလဲ၊ ဒါဟာ ဥပဒေနဲ့ အညီလို့ ပြောလို့ရမလား၊ အစိုးရ အာဏာပိုင်တွေဟာ ပြသနာတွေကို ဥပဒေနဲ့ အညီ ကိုင်တွယ်ခဲ့ပါရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ အစိုးရဘက်က အသုံးပြုခဲ့တယ်လို့ ဆင်ခြေပေးထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ကျော် နယ်ချဲ့ အင်္ဂလိပ် အစိုးရလက်ထက် ၁၈၉၈ ခုနှစ်က ပြဌာန်းခဲ့တဲ့ India Act, 1898ပဲ ဖြစ်ပါတယ်။ အဲဒီအထဲကမှ အာဏာပိုင်တွေ ရွေးထုတ်ပြခဲ့တာကတော့ ပုဒ်မ ၁၂၇ နဲ့ ၁၂၈ ပါ။ သူတို့ ပြောသလိုပဲ ဥပဒေနဲ့ ကိုက်ညီ မကိုက်ညီ ပြန်ဆန်းစစ်ကြည့်နိုင်ပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အခန်း(၉) “ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးများ” ခေါင်းစဉ်အောက်က “ ရာဇဝတ် တရားသူကြီး၊ သို့မဟုတ် ရဲအရာရှိက အစုအဝေးကို လူစုခွဲရန် အမိန့်ပေးခြင်း” စာပုဒ်၊ ပုဒ်မ ၁၂၇ (၁) မှာ ခုလို ဖော်ပြထားပါတယ်။
“မည်သည့် ရာဇဝတ်တရားသူကြီး သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတစ်စုံတစ်ရာကို သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးရန် ရှိသော လူငါးဦးဖြစ်စေ၊ ၎င်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေး တစ်စုံတစ်ရာကို လူစုခွဲစေရန် အမိန့်ပေးနိုင်သည်။ ထိုကဲ့သို့ အမိန့်ပေးသည့်အခါတွင်လည်း ၎င်းအစုအဝေးတွင် ပါဝင်သူတို့သည် အမိန့်ပေးသည့်အတိုင်း လူစုခွဲရန် တာဝန်ရှိသည်။”
ဒီ ဥပဒေက ညွှန်းဆိုတာဟာ “တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတစ်စုံတစ်ရာ သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးရန်ရှိသော” လူအုပ်စုကိုပါ။ ဥပမာအားဖြင့် လူမျိုးရေး ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကာလ အတွင်း မိတ္တီလာလို၊ လားရှိုးလို၊ မန္တလေးလို နေရာတွေမှာ ပေါ်ပေါက်ခဲ့တဲ့ လူအစုအဝေး ပုံစံမျိုးတွေပါ။ အခု မတ်လ ၅ ရက်နေ့က မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြနေသူတွေကတော့ လက်ပံတန်းမှာ ပိတ်မိနေတဲ့ သပိတ်မှောက် ကျောင်းသားတွေကို ထောက်ခံတဲ့၊ အဲဒီ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ စုဝေး ဆန္ဒ ထုတ်ဖော်တဲ့ အစုအဝေးပဲ ဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရလည်း ဆန္ဒပြပွဲလုပ်တာကို ခွင့်ပြုပေးထားတဲ့အတွက် တရားဥပဒေ နဲ့ ဆန့်ကျင်တယ်လို့ မဆိုနိုင်ပါဘူး။ ဒီလို အလားတူ ဆန္ဒပြပွဲမျိုးတွေ ရှေ့ ရက်ပိုင်းတွေမှာလည်း ပေါ်ပေါက်ခဲ့ဖူးပြီး အာဏာပိုင်တွေရဲ့ စွက်ဖက်မှု မရှိရင် အေးအေးချမ်းချမ်း လူစုကွဲသွားတဲ့ လက်နက်ဆိုလို့ အပ်တို တစ်ချောင်းမှ ကိုင်မထားတဲ့ အစု အဖွဲ့ ဖြစ်နေလို့ပါပဲ။ ပြောရရင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အဲဒီ ဥပဒေကိုင်ပြီး အရပ်သားတွေကို အကြမ်းဖက် ခိုင်းတာဟာ ဥပဒေနဲ့ လျော်ညီတယ်လို့ မဆိုနိုင်ပါဘူး။
“အစုအဝေးကို လူစုခွဲရန် မြို့ပြ အင်အားကို အသုံးပြုခြင်း” စာပုဒ်၊ ပုဒ်မ ၁၂၈ မှာတော့ ခုလို ဖော်ပြထားပါတယ်။ “ ထိုကဲ့သို့ အမိန့်ပေးသော်လည်း လူစုခွဲခြင်း မပြုလျင် သို့မဟုတ် ထိုသို့ အမိန့်မပေးပါက လူစုလူဝေးကို မုချ မချေဖျက်မည့် အကြောင်း ထင်ရှားစေသည့် အမူအရာကို ပြုလုပ်လျင် မည်သည့် ရာဇဝတ် တရားသူကြီး၊ သို့မဟုတ် မည်သည့် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူး၊ သို့မဟုတ် ဒုရဲအုပ်အောက် အဆင့် မနိမ့်သော ရဲ အရာရှိက မဆို ထိုအစုအဝေးကို လူစုခွဲအောင် အင်အားသုံး၍ ပြုလုပ်နိုင်သည်။ ထိုသို့ ပြုလုပ်ရာတွင် ကြည်း၊ ရေ၊ လေ တပ်သား အရာရှိ မဟုတ်သူ၊ သို့မဟုတ် မြန်မာနိုင်ငံ နယ်ခြားတပ် အက်ဥပဒေ၊ သို့မဟုတ် မြန်မာနိုင်ငံ အရံတပ် အက်ဥပဒေအရ လက်နက်ကိုင် မဟုတ်သူ မည်သည့် အမျိုးသားကိုမဆို အကူအညီ တောင်းနိုင်သည်။ ထိုသူများကို အင်အားပြုလုပ်၍ လူစုခွဲရမည်။ လိုအပ်လျင် အစုအဝေးတွင် ပါဝင်သူတို့ကို လူစုခွဲရန် သို့မဟုတ် တရားဥပဒေနှင့် အညီ ပြစ်ဒါဏ် စီရင်နိုင်ရန် ဖမ်းဆီး ချုပ်နှောင်နိုင်သည်။”
ဥပဒေရဲ့ ဆိုလိုရင်းဟာ အဲလို ဥပဒေမဲ့၊ ပြည်သူတွေရဲ့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက် ဖျက်ဆီးတယ် ဆိုကာမှ သက်ဆိုင်ရာ တာဝန်ရှိသူဟာ လူစုလူဝေးကို ဖြိုခွဲဖို့ အကူအညီ တောင်းရမယ်လို့ ဆိုထားတာပါ။ အခုလုပ်ပုံက ပြည်ထဲရေးဝန်ကြီးဌာနဟာ အောက်ခြေ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် လူတွေ စနစ်တကျ ဆင့်ခေါ်၊ ကြိုတင် လူစုဆောင်း လေ့ကျင့်ပေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက် နှိမ်နင်းတာပဲ ဖြစ်ပါတယ်။ ဒါကလည်း ဥပဒေနဲ့ မညီပါဘူး။
ဥပဒေ ကြောင်းမှာ ပါတဲ့ နောက်ထပ် ပုဒ်မ တစ်ခုကို ဖတ်လိုက်ရင် ပိုပြီး ရှင်းလင်းသွားနိုင်ပါတယ်။ စစ်အင်အားကို အသုံးပြုခြင်း စာပိုဒ် ပုဒ်မ ၁၂၉မှာ “ဆိုခဲ့သည့် အစုအဝေးကို အခြားနည်းဖြင့် လူစုကွဲအောင် မပြုလုပ်နိုင်လျင် ထို့ပြင် အများပြည်သူတို့ဇ။် ဘေးအန္တရာယ်မှ လုံခြုံစေခြင်းငှာ ၄င်းအစုဝေးကို လူစုခွဲရန် သင့်လျင် ထိုနေရာတွင် ရှိနေသော ရာထူးအဆင့်အတန်း အမြင့်ဆုံးဖြစ်သည့် ရာဇ၀တ် တရားသူကြီးက ၄င်း အစုအဝေးကို စစ်အင်အားသုံး၍ လူစုခွဲနိုင်သည်။” ဆိုပြီး ဖော်ပြထားပါတယ်။ ရာဇ၀တ် တရားသူကြီးက စစ်အရာရှိကို ဆင့်ခေါ်ပြီး စစ်အင်အားနဲ့ နှိမ်နင်းစေနိုင်တယ် ဆိုတဲ့ သဘောပါ။ လိုအပ်ရင် စစ်အင်အား အသုံးပြုပြီး နှိမ်နင်းနိုင်သည် အထိ ပြဌာန်းထားလေတော့ ဒီ ဥပဒေပါ ပြဌာန်းချက်ဟာ ဘယ်လို လူအုပ်စုမျိုးကို ဆိုလိုသလဲ ဆိုတာ ရှင်းလင်းစေပါတယ်။
ပြောရရင် သိပ်မကြာသေးခင် ကာလတွေတုန်းက ရခိုင်ပြည်နယ်မှာ၊ မိတ္တီလာမှာ ပဲခူးတိုင်းမှာ၊ လားရှိုးမှာ၊ မန္တလေးမှာ အဲလို အကြမ်းဖက်တဲ့ လူအုပ်စုတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ဟာ ဒီ ဥပဒေပါ ပြဌာန်းချက်တွေကို လိုက်နာ အကောင်အထည် ဖော်ရမယ့်အစား မတ်တပ်ရပ် ရပ် ကြည့်နေတာမျိုးကိုပဲ ဆောင်ရွက်ခဲ့တာ တွေ့ရမှာပါ။ အခုလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့ လူတွေကိုကျမှ ဥပဒေပါ အချက်တစ်ချို့ကို ဆွဲထုတ်၊ အုပ်ချုပ်ရေးပိုင်းကို မလွန်ဆန်နိုင်တဲ့သူတွေ၊ ရပ်ကွက်ထဲက ဂျပိုးသူခိုး လူဆိုးလူမိုက်တွေကို ခေါ်ယူလာပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ရပါတယ် လို့ ပြောဆိုနေတာတွေဟာ မှန်ကန်မှု မရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနဟာ ခုလိုပဲ ဆက်ပြီး လုပ်နေမယ်ဆိုရင် တိုင်းပြည်မတည်ငြိမ်မှု ပိုပြီး ဖြစ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Credit - Mizzima News
No comments:
Post a Comment