Tuesday, March 10, 2015

ရပ်ကွက်အုပ်ချုပ်ရေးမှူး ကြေညာချက်ကို မလိုက်နာလို့ ရပါသလား (အယ်ဒီတာထံပေးစာ)

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ လမ်း ၄ဝ မှာ နေထိုင်တဲ့ မသူဇာလွင် (အမည်လွှဲ) ပေးပို့ လိုက်တဲ့ မေးလ် တစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။

ပေးပို့လိုက်တဲ့ စာထဲမှာ သူဟာ ဥပဒေဘွဲ့ရခဲ့လို့ လက်တွေ့ဆင်းနေတဲ့ ဥပဒေအလုပ်သင် တစ်ယောက်ဖြစ်ပြီး သူ အခု ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုကို သင်ခဲ့ရတဲ့ ပညာနဲ့ ဖြေရှင်းကြည့်လို့မရတာကြောင့် ဒီစာကို ရေးခဲ့တာလို့ ဆိုပါတယ်။

သူသိချင်တာက ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ အားလုံးနဲ့ မဆိုင်ဘဲ မလိုက်နာရင်လည်း ရသလားဆိုတာကို သိချင်လို့ ဒီစာကို ရေးသားပေးပို့ခဲ့တာ ဖြစ်တဲ့အတွက် ဖော်ပြပေးစေချင်ပါတယ်လို့ ပြောပါတယ်။

သူ့မှာ ဆယ်တန်းဖြေမယ့် ညီမလေး တစ်ယောက်ရှိပြီး စာတော်လို့ ကြိုးစားတဲ့  ညီမလေးနဲ့အတူ သူလည်း စာအတူကြည့်ပေးဖြစ်ပါတယ်။ သူ ဆယ်တန်းဖြေစဉ်က လမ်းထဲက ဆူညံအော်ဟစ်နေတဲ့ အသံတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပေမယ့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရေးထားတဲ့ စာမေးပွဲရှိလို့ ဆူညံအော်ဟစ်ခြင်း မပြုရကြေညာချက်ကို ဖတ်ပြီး သူ့တုန်းကလို ညီမလေးမှာ စိတ်အနှောင့်အယှက် မရှိနိုင်ဘူးလို့ တွေးမိခဲ့ပါတယ်။

ဒါပေမဲ့ သူ့အတွေးမှားပါတယ်။ ဒီနေ့ တနင်္ဂနွေ နံနက် ၇ နာရီကနေ ၈ နာရီကျော်အထိ ရပ်ကွက်ဓမ္မာရုံမှာ ဝတ်ရွတ်တာကို အသံချဲ့စက်နဲ့ ဖွင့်ထားတာကြောင့် သူ့ညီမလေး စာကျက်လို့မရသလို အခြားစာမေးပွဲဖြေလို့ စာကျက်နေတဲ့ ကျောင်းသားတွေလည်း စာကျက်လို့ရနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သတင်းစာတွေထဲမှာ သူ ဖတ်လိုက်ရတဲ့အထဲက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအား အနှောင့်အယှက်ဖြစ်စေမည့် အသံချဲ့စက်များ ဆူညံကျယ်လောင်စွာ ဖွင့်လှစ်ခြင်းကို တားမြစ်ချက်အပြင် လိုအပ်ပါက သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ ရပ်ကွက်/တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားကာ ညွှန်ကြားချက်များ ထုတ်ပြန် ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောတယ်ဆိုတဲ့အထဲမှာ ကျွန်မတို့ လမ်း ၄ဝ မပါဘူးလို့ ထင်မိပါတယ်လို့ ရေးပါတယ်။

ဒါကြောင့် သေချာအောင် ရပ်ကွက်ရုံးခန်းရှေ့က ကြေညာချက်ကို သွားပြန်ဖတ်ကြည့်မိပါတယ်။ အသိပေးခြင်းဆိုတဲ့ ခေါင်းစဉ်အောက် မှာ ကျောင်းသား/ကျောင်သူများ စာမေးပွဲဖြေဆိုနေပါသဖြင့် ရပ်ကွက်အတွင်း ဆူညံအော်ဟစ်ခြင်းနှင့် ဂစ်တာတီးခြင်း၊ သီချင်းဆိုခြင်း၊ ဆူညံအော်ဟစ်လို့ ဘောလုံးကန်ခြင်းများမပြုလုပ်ဖို့ ရေးသားထားတာကို တွေ့ရပါတယ်။

ဓမ္မာရုံမှာ ဝတ်ရွတ်ရင် အသံချဲ့စက်နဲ့ မဖွင့်ရဆိုတာမပါလို့ မလိုက်နာတာလားလို့ ထင်မိတာကြောင့် တာဝန်ရှိ ရပ်ကွက် လူကြီးမင်းများအနေနဲ့ ဖြည့်စွက်ရေးသားပေးစေချင်ပါတယ်။ ရပ်ကွက်ဓမ္မာရုံကနေ ဝါတွင်းဝါပနဲ့ အပတ်စဉ် နေ့စဉ် မဟုတ်ပေမယ့် မကြာခဏ ဝတ်ရွတ်တာ၊ သီချင်းဖွင့်တာကို ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ငရဲကြီးမှာစိုးလို့ သည်းခံနေခဲ့ကြတာကို ထောက်ထားပြီး စာမေးပွဲရက်တွေမှာတော့ အသံချဲ့စက်မဖွင့်ဘဲ ဝတ်ရွတ်ကြစေချင်ပါတယ်လို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

Credit - Mizzima News

No comments:

Post a Comment