Monday, March 9, 2015

အကြမ်းဖက်မှုများ ရပ်တန့်၍ ငြိမ်းချမ်းစွာတွေ့ ဆုံဆွေးနွေးရန် ညီနောင်အဖွဲ့ ငါးဖွဲ့က တောင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ရှိဖြစ်ပွားနေသည့် ကျောင်းသားများနှင့် အလုပ်သမားများအား အကြမ်းဖက်ဖြိုခွင်းနေမှုကို ရပ်တန့်ပြီး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးသဘော တူညီမှုရရှိစေလိုသည်ဟု အလုပ်သမားများနှင့် ကျောင်းသားများအရေး ဆောင်ရွက်နေသည့် ညီနောင်အဖွဲ့အစည်း ငါးခုက မတ် ၈ ရက်တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ထိခိုက်နစ်နာစေမည့်၊ နာကျည်းမှုများ ဖြစ်ပေါ်စေနိုင်မည့် အကြမ်းဖက်ဖြိုခွင်းမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်၍ ခိုင်မာသည့်ဆုံးဖြတ်ချက်များ ချမှတ်ပြီး
ဥပဒေကြမ်းတစ်ရပ် အမြန်ဆုံးပေါ်ပေါက်စေမည့် လုပ်ငန်းစဉ်များ ပြုလုပ်ရန် လိုအပ်နေသည်ဟု တောင်းဆိုထားသည်။

အဆိုပါ တောင်းဆိုချက်ကို မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံအလုပ် သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆရာ/ဆရာမများအဖွဲ့ချုပ်၊ မြန်မာ့ ပင်လယ်ရေကြောင်း အလုပ်သမား အဖွဲ့ချုပ်နှင့် ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေးကွန်ရက် စသည့် ညီနောင်အဖွဲ့အစည်း ငါးခုက  အချက် ခုနစ်ချက်ဖြင့် တောင်းဆိုလိုက်ခြင်းသည်။ 

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက "အလုပ်သမားတွေ ကျောင်း သားတွေက လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာပါ။ အဲ့ဒါကို ရဲတပ်ဖွဲ့ဝင်တွေလည်း မဟုတ်၊ အာဏာပိုင် အဖွဲ့အစည်းလည်းမဟုတ်၊ အမည်၊ ရာထူးဘာမှမသိတဲ့ ဘယ်က ရောက်လာမှန်းမသိတဲ့ တာဝန် လက်ပတ်အနီပတ်ပြီး အကြမ်းဖက်တဲ့လုပ်ရပ်တွေကို မလုပ်ဖို့အတွက် ကျွန်တော်တို့အလေးအနက် တောင်းဆိုပါတယ် " ဟုပြောသည်။

ညီနောင်ငါးဖွဲ့၏ ကြေညာချက်တွင် အလုပ်သမားများနှင့် ကျောင်းသားတို့၏ လိုအပ်ချက် အခက်အခဲများကိုလည်း ပြေလည်အောင် အမြန်ဆုံး တွေ့ဆုံညှိနှိုင်းပြီး အဆင်ပြေစေရန် ဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားသည်။

ပြီးခဲ့သည့် မတ် ၄ ရက်က ရွှေပြည်သာစက်မှုဇုန်မှ ဆူးလေဘုရားသို့လမ်း လျှောက်ချီတက်လာသည့် ဆန္ဒပြအလုပ်သမားများကို တညင်းကုန်းလမ်းဆုံအနီးတွင် ရဲတပ်ဖွဲ့နှင့် တာဝန်လက်ပတ်အနီရောင် ပတ်ထားသည့် လူများက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး၊ မတ် ၅ ရက်၊ ညနေပိုင်းတွင်လည်း ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားအနီးတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသည့် ကျောင်းသားပြည် သူများကို အဆိုပါ လက်ပတ်အနီများကပင် အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment