Tuesday, March 10, 2015

ပြန်ကြားရေးအပါအဝင် ဝန်ကြီးဌာန သုံးခုမှ ကျပ် ၅၁၄ သန်းကို လွှတ်တော်ဖြတ်တောက်

နေပြည်တော် (မဇ္ဈိမ)။ ။ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနောက်ဆက်တွဲပါ နိုင်ငံပိုင် အခန်းကဏ္ဍမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် အားကစား ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ တင်ပြထားသော ကျပ် ၅၁၄ သန်းကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လိုက်သည်။

Parliament-5



၂ဝ၁၅-၁၆ ခုနှစ်တွင်လုပ်ဆောင်မည့် အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုရာတွင် ယင်းကဲ့သို့စီမံကိန်းအချို့ကို လုပ်ဆောင်မှု လျှော့ချခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ပြန်ကြားရေး ဝန်ကြီးဌာနသည် မုံရွာမြို့ရှိ ကိုယ်ပွားသတင်းစာတိုက် ဝန်ထမ်းအိမ်ရာကို ဆောက်လုပ်ရန် ကျပ် ၁၈၉ သန်း တောင်းခံခြင်း၊ အားကစား ဝန်ကြီးဌာနက မီတာတစ်ရာ ပြေးကွင်း (လယ်ဝေးမြို့) အတွက် ကျပ် ၁၃၇ သန်းနှင့် လယ်ဝေးမြို့ရှိ အားကစားကွင်း အဆင့်မြှင့်တင်ရန် ၂၈၈ သန်း တောင်းခံမှုမှ ၁၈၈ သန်း လျှော့ချရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက သန်လျင်-ခရမ်း-သုံးခွ-ပဲခူး ရထားလမ်း ဖောက်လုပ်ရေးအတွက် ကျပ် ၂၅ သန်း ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အရ စီမံကိန်းလုပ်ကိုင်ခွင့် ပယ်ချခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

Credit - Mizzima News

No comments:

Post a Comment