Wednesday, March 11, 2015

မန္တလေး ကျောင်းသား လှုပ်ရှားမှု ကြားဖြတ်သတင်း Update (၁)

လက်ပံတန်း သပိတ်စခန်း အကြမ်းဖက်ခံရမှု ကန့်ကွက် ဆန္ဒပြမှု မန္တလေး ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း စတင်ပြုလုပ်

မန္တလေး (မဇ္ဈိမ)။ ။ လက်ပံတန်းမြို့တွင် သပိတ်စခန်းဖွင့်ကာ ရန်ကုန်မြို့သို့ ချီတက်ရန် ပြင်ဆင်နေသည့် ကျောင်သားများကို ရဲတပ်ဖွဲ့ဝင်တို့က အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း၊ ကျောင်းသားနှင့် အရပ်သား ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရခြင်းတို့ကို ကန့်ကွက်ဆန္ဒပြမှုကို မတ်လ ၁၁ ရက် နံနက် ၉း၃၀ တွင် မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း ပြုလုပ်နေသည်ဟု မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။


Student-Strike-Mandalay
လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရမှု မန္တလေး ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ကန့်ကွက် ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း မြန်မာစာ ဌာနရှေ့တွင် ကျောင်းသား ၂၀ ဦးခန့်ဖြင့် စတင်ခြင်းဖြစ်သည်ဟု မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။ မတ်လ ၁၀ ရက် လက်ပံတန်းမြို့တွင် ဆန္ဒပြ ကျောင်းသားများကို ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာက ဖြိုခွင်းခဲ့မှုအတွက် မန္တလေး တက္ကသိုလ်ဝင်းအတွင်း ကန့်ကွက် ဆန္ဒပြနေခြင်းဖြစ်သည်။

ကျောင်းသားနှင့် အရပ်သား ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက် ဖြေရှင်းခဲ့မှုအတွက် မြန်မာရဲတပ်ဖွဲ့ဝင်တို့ကို သင်တန်းပေးခဲ့သည့် ဥရောပသမဂ္ဂက ယင်းတို့၏ မူနှင့်မကိုက်ညီကြောင်း ထုတ်ပြန်ထားပြီး အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးပါရန် ထုတ်ပြန်ချက် ထုတ်ကာ တိုက်တွန်းထားသည်။

အလားတူပင် အမေရိကန်နိုင်ငံ နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း လက်ပံတန်းဖြစ်စဉ်သည် မဖြစ်သင့်သည့် ကိစ္စတစ်ရပ်အဖြစ် ထုတ်ဖေါ်ပြောဆိုထားပြီး ရှုတ်ချ ကန့်ကွက်ထားသည်။ ထို့အပြင် အမေရိကန်လွှတ်တော်အမတ်များကလည်း ကန့်ကွက်ထားသည်။ ပြည်တွင်းမှ နိုင်ငံရေး လှုပ်ရှားသူများ၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းအပါအဝင်၊ မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ)၊ မြန်မာဂျာနယ်လစ်ကွန်ယက်၊ PEN Myanmar စသည့် အဖွဲ့အစည်းအသီးသီးကလည်း ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်း ထုတ်ပြန်ထားကြသည်။

Credit - Mizzima News

No comments:

Post a Comment