Wednesday, March 11, 2015

မြို့တော်ခမ်းမရှေ့ ဆန္ဒပြမှုကို လက်ပတ်နီဝတ် စွမ်းအားရှင်များဖြင့် ဖမ်းဆီးမှု စုံစမ်းစစ်ဆေးရန် ကော်မရှင် ဖွဲ့စည်း

မတ်၊ ၁၁

ရန်ကုန်မြို့ မြို့တော် ခမ်းမရှေ့တွင် မတ်လ ၅ ရက်က ဆန္ဒပြမှုအတွင်း လက်ပတ်နီဝတ်အရပ်သားများဖြင့် ဖမ်းဆီးဖြိုခွင့်ခဲ့သည်ကို အဖြစ်မှန် ပေါ်ပေါက်ရန် ပြည်ထဲရေး ဒုဝန်ကြီး ကျော်ကျော်ထွန်းပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို မတ်လ ၁၀ ရက်တွင် သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းတာဝန်ပေးလိုက်သည်။

"အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး ထောက်ခံဆန္ဒပြသူများအား လူစုခွဲပြီး ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်" ဟု ဆိုကာ အဖွဲ့ဝင် ငါးဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

မြို့တော်ဟောင်းဖြစ်သော ရန်ကုန်မြို့၏ အထင်ကရနေရာ မြို့တော်ခမ်းမရှေ့တွင် ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်ဖြစ်သော်လည်း အဆိုပါ ကော်မရှင်တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် တစ်ဦးသာပါဝင်ပြီး ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ထားသည်။ ပြည်ထဲရေးဒုဝန်ကြီး ကျော်ကျော်ထွန်းကို ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒေါက်တာ သန်းအောင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ဦးမြငွေ ဌာနမှူး (ငြိမ်း) တို့ကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးထားသည်။

ကော်မရှင်၏ တာဝန်များအဖြစ် အဆိုပါဖြစ်စဉ်အပေါ် ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီ၊ မညီ စစ်ဆေးရန်၊ အဆိုပါ ဖြစ်စဉ်တွင် လုပ်ဆောင်ခဲ့မှုသည် လုပ်ထုံး၊ လုပ်နည်း မှန်ကန်မှု ရှိမရှိ စစ်ဆေးရန်နှင့် ထိုဖြစ်ရပ်မျိုး ထပ်မဖြစ်ရန် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ ပေးရန် တို့ကို တာဝန်ပေးအပ်ထားသည်။ အစီရင်ခံစာကို သမ္မတထံ မတ်လ ၃၁ နောက်ဆုံး တိုက်ရိုက်အစီရင် ခံရမည်ဖြစ်သည်။


မတ်လ ၅ ရက်က မြို့တော်ခမ်းမရှေ့တွင် ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြမှုဖြစ်စဉ်အတွင်း လက်ပတ်နီဝတ်အရပ်သားများက ဆန္ဒပြသူများကို ဖမ်းဆီး၊ ချုပ်နှောင် ရိုက်နှက်ကာ အကြမ်းဖက် ဖမ်းဆီးသွားခဲ့ကြကာ ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးအပါအဝင် ကျောင်းသူ၊ ကျောင်းသား ၁၁ ဦး ခေတ္တ ထိန်းသိမ်းခံခဲ့ရသည်။


Credit - Mizzima News

No comments:

Post a Comment