Tuesday, March 10, 2015

၂၀၁၄ ဇူလိုင်မှ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအနက် ညှင်းပန်းနှိပ်စက်ခြင်းသည် အများဆုံးဖြစ်နေဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၄ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အနက် ညှင်းပမ်းနှိပ်စက်ခြင်းသည် အများဆုံးဖြစ်ပွားခဲ့သည်ဟု လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ) ND Burma က မတ်လ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးထောက်မှုများအနက် ၁၀၇ ခုကို လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (မြန်မာ)က မှတ်တမ်းတင်ခဲ့ရာ အမျိုးအစား ၁၃ မျိုးခွဲခြား၍ မှတ်တမ်းလေ့လာခဲ့ရာ
ညှင်းပန်းနှိပ်စက် ခြင်း သည် ၃၈ ခုဖြင့် အများဆုံးဖြစ်ပွားနေပြီး ပစ္စည်းဉ္စာပိုင်ဆိုင်မှုကို သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း အမျိုးအစားက ၃၂ ခုရှိ၍ သတ်ဖြတ်ခြင်း အမျိုးအစားသည် ၁၂ ခု ဖြစ်ပွားခဲ့သည်ကို အစီရင်ခံစာဖော်ပြချက်အရ သိရသည်။

စည်းရုံးလှုံ့ဆော်ရေး အဖွဲ့ဝင် တဦးဖြစ်သူ မိသင်းယုမွန် က “ကျွန်မ့တို့ရဲ့ အချက်အလက်တွေအရဆိုရင် ၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်မှာ လူ့အခွင့်အရေးချိုးဖောက်တဲ့ ပမာဏဟာ လျော့မသွားတဲ့အပြင် ပိုတောင်ဆိုးလာပါသေးတယ်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေမှာ ဆိုရင်ပေါ့။ ဒါဟာ နိုင်ငံရဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာမရှိမဖြစ်လိုအပ်တဲ့ ယုံကြည်မှု တည်ဆောက်ရေးမှာ အတားအဆီးတွေဖြစ်လာမှာအသေအချာပါပဲ” ဟု ပြောပြသည်။

အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာဒေသများတွင်သာမက အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် နေရာဒေသများတွင်ပါ ဖြစ်ပွားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအနက် အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှု၊ ကချင်ပြည်နယ်မှ ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှု၊ လက်ပံတောင်းပဋိပက္ခအတွင်း ဒေါ်ခင်ဝင်းသေဆုံးခဲ့ရမှုတို့သည် လူသိများ ထင်ရှားခဲ့သည်။

ND-Burma မှ တစ်နှစ်လျှင် နှစ်ကြိမ် လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာကို ထုတ်ပြန်လေ့ရှိရာ ၂၀၁၄ ခုနှစ် ပထမ ၆ လတာ ဇန်န၀ါရီလမှ ဇွန်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၃ မှုကို မှတ်တမ်းတင် ဖော်ထုတ်နိုင်ခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment