ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် ဘင်္ဂါလီ (နိုင်ငံတကာ အင်န်ဂျီအိုများက ရိုဟင်ဂျာဟု ခေါ်တွင်သူ) ငါးဦးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် Fortify Rights အင်န်ဂျီအိုအဖွဲ့က မြန်မာအစိုးရထံ တောင်းဆိုကြောင်း ယင်းအဖွဲ့က မတ် ၁၄ရက်က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ရက်များအတွင်းက ဖမ်းဆီးထားသည့် သုံးဦးမှာ ဘင်္ဂါလီ လူမျိုးစုခေါင်းဆောင်များဖြစ်သည်။
၂၀၁၃ခုနှစ် ဧပြီလအတွင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တင်းမာမှု ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရက ရာဇဝတ်မှု ပြစ်မှုများဖြင့် ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ကြောင်း Fortify Rights က ထုတ်ပြန်ထားသည်။
မြန်မာအာဏာပိုင်များက အဆိုပါ ဘင်္ဂါလီခေါင်းဆောင်များနှင့် အခြားသူများကို မမှန်မကန်အမှုဖွင့်စစ်ဆေးကြောင်း Fortify Rights က စွတ်စွဲထားသည်။
"အာဏာပိုင်တွေက ရိုဟင်ဂျာများထံ သတင်းစကားပေးကြောင်း၊ ယင်းသတင်းစကားက မည်သည့်တော်လှန်ခုခံမှုမျိုးမဆို တန်ပြန်ပေးဆပ်ရမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာလူ့အသိုင်းအဝိုင်းနဲ့ နိုင်ငံရေးအပေါ် ဖြိုခွဲရန် ကြိုးစားမှု တစ်ရပ်ပင်ဖြစ်ကြောင်း၊ ဖိစီးနှိပ်စက်မှု တစ်ရပ်ပင်ဖြစ်ကြောင်း" Fortify Rights မှ အမှုဆောင်ဥက္ကဋ္ဌ ဖြစ်သူ မတ်သရူးစမစ်ကပြောသည်။
ဖေဖော်ဝါရီ ၂၇ရက်တွင် စစ်တွေတရာရုံးက ဘသာ(၆၃နှစ်)၊ ကျော်မြင့်(၆၁နှစ်)နှင့် လှမြင့်(၃၁နှစ်)တို့ကို ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခဲ့သည်။ မတ် ၈ရက်တွင် စစ်တွေရဲစခန်းမှ နောက်ပိုင်းတွင် စစ်တွေထောင်သို့ ပို့လိုက်သည်။ ကျန်နှစ်ဦးမှာ အမျိုးသမီးတစ်ဦးဖြစ်သည့် ဆိုလီမန်ဘီဂမ်(၅၀နှစ်)နှင့် မိုဟာမတ်ဟာရှင် (၂၂နှစ်)တို့ဖြစ်သည်။ ၎င်းတို့နှစ်ဦးက စစ်တွေထောင်တွင် ၂၀၁၃ ဇွန်ကတည်းက အကျဉ်းချခံထားရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၇တွင် စစ်တွေတရာရုံးက နောက်ထပ်ထောင်ဒဏ်ငါးနှစ် ထပ်တိုးချမှတ်လိုက်ခြင်းဖြစ်သည်။ ထိုပြင်တရားရုံးက ခြောက်ဦးမြောက် ဘင်္ဂါလီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကျော်ခင်(၄၅နှစ်)ကိုလည်း ဖေဖော်ဝါရီ ၂၇ရက်တွင် ထောင်ဒဏ်ငါးနှစ်ချမှတ်သည်။ ၎င်းသည် လက်ရှိ ထွက်ပြေးပုန်းအောင်းနေဆဲဖြစ်သည်။
ဘင်္ဂါလီခေါင်းဆောင်များကို ပုဒ်မ ၁၄၇(အဓိကရုဏ်းဖန်တီးမှု)၊ ၃၃၃ (အစိုးရဝန်ထမ်းများအား ထိခိုက်ဒဏ်ရာရစေမှု)နှင့် ၃၉၅(ဂိုဏ်းဖွဲ့လက်နက်ကိုင်ဓားပြတိုက်မှု)များဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment