အခုဆိုရင် နေရာအတော်များများမှာ ကပ်ထားတဲ့ သတိပေးကြေညာချက် စာတမ်းများသည်ပင် ဟောင်းနွမ်းစပြု လာတာ တွေ့ကြရပါတယ်။ အဲဒါကတော့ ကွမ်းတံတွေးမထွေးရ၊ တံတွေးမထွေးရ၊ ဆေးလိပ်မသောက်ရ၊ အမှိုက်မပစ်ရ၊ မဆူညံရ အစရှိတဲ့ ဆိုင်းဘုတ်လေးများ ဖြစ်ပါတယ်။ ကားတွေ၊ ရထားတွေပေါ်နဲ့ သတ်မှတ် ကန့်သတ်ထားတဲ့နေရာတချို့မှာဖြစ်ပါတယ်။
မိမိတို့အာလုံး လမ်းလျှောက်လာနေစဉ် ကိုယ့်ဘေးက လူတစ်ယောက်ယောက် ဒါမှမဟုတ် နောက်က ရှေ့က ကိုယ်နဲ့ ကပ်လျှောက်လာတဲ့လူက ကွမ်းတံတွေးကို ကိုယ့်ဘေးကပ်လျက်နေရာ၊ ကိုယ့်ရှေ့တည့်တည့်မှာ ပြစ်ကနဲ ပစ်ထွေးလိုက်တာကို မကြုံဖူးတဲ့သူ ရှိမယ်မထင်တော့ပါဘူး။
တန်းစီပြီး လက်မှတ်ဝယ်ပါဆိုတဲ့နေရာတွေမှာ ရှေ့ကလူကို တိုးခွေ့ကျော်တက်ဖို့၊ ဘေးကနေကပ်ပြီး အတင်းလက်မှတ်ပေါက်ထဲ လက်ထိုးသွင်းဖို့ ဝန်မလေးတဲ့သူတွေ မိမိတို့အားလုံး နေ့စဉ်မြင်တွေ့ရ ကြုံရတာကလည်း မဆန်းတော့တဲ့ ကိစ္စတွေပါပဲ။ ဘတ်စ်ကားပေါ်မှာ လက်မှတ်ရောင်းသူတွေ အတုံးလိုက်အတစ်လိုက် ပြောဆိုဆက်ဆံတာမျိုး၊ တက္ကစီကားမောင်းသူကို ကားမောင်းရင်း ဆေးလိပ်မသောက်ဖို့ ပြောမိတဲ့ ခရီးသည်ကို မကျေနပ်ရင် အခုကားပေါ်က ဆင်းသွားဆိုတာမျိုး အပြောခံရတဲ့ သတင်းမျိုးတွေ၊ လမ်းမသိလို့မေးတဲ့ ခရီးသည်ကို မှားယွင်းတဲ့ လမ်းညွှန်မှုပြောပြီး နောက်ကွယ်မှာ ရယ်မောဟားတိုက် ဂုဏ်ယူနေကြတဲ့သတင်းတွေ၊ အခုတလော သတင်းယူကြတဲ့ သတင်းထောက်တွေကို ရဲတွေက အမျိုးမျိုးပညာပြ အကြောင်းပြပြီး လုပ်ငန်းနှောင့်ယှက်ရတာကို ကျေနပ်စွာ အချင်းချင်းပြောဆို ဂုဏ်ယူကြတယ်ဆိုတဲ့ သတင်းတွေမျိုးတွေလည်း ကြားကြရပါတယ်။
ကျဉ်းမြောင်းတဲ့ လူသွားပလက်ဖောင်းပေါ်မှာ လမ်းဖယ်မပေးဘဲ ကိုယ်ပိုင်လမ်းလို သဘောထားသွားတတ်ပြီး လမ်းပေးဖို့တောင်းရင်လည်း ရန်စကားပြောခံရတာမျိုးနဲ့ ဘယ်နေရာသွားသွား၊ မလုံခြုံတော့တဲ့ အနေအထား မျီုးနဲ့ အခန့်မသင့်ရင် အရိုက်အနှက် အထိုးအကြိတ်တောင် ခံရနိုင်တဲ့ ပတ်ဝန်းကျင်မျိုးဆိုတာ မဆန်းကြယ် တော့တဲ့ ပတ်ဝန်းကျင်ဖြစ်လာနေတာလည်း ကြာလာခဲ့ပါပြီ။
လူတွေ လိမ်ရ ညာရ လှည့်စားရတဲ့အလုပ်နဲ့ ယဉ်ပါးလာနေတာလည်း ကြာပါပြီ။ လိမ်ညာပြီးမှရတဲ့ အကျိုးအမြတ်အပေါ် လူရှေ့သူရှေ့မှာတင် ပေါ်ပေါ်တင်တင် မိမိကိုယ်ကို ပါးနပ်သူ၊ တော်သူအဖြစ် ဂုဏ်ယူ ပြောဆိုတတ်သူတွေ ဆိုတာလည်း နေရာတိုင်းမှာ နေ့တိုင်း ကြုံဖို့ရန် မခဲယဉ်းတော့ပါဘူး။
ဒီလိုအနေအထားတွေဟာ တစ်ခါတစ်ရံစဉ်းစားတဲ့အခါ ပြုပြင်ပြောင်းလဲလို့ မရနိုင်တော့ဘူးထင်ပါရဲ့လို့တောင်မှ စိတ်ပျက် ညည်းညူယူရလောက်အောင် တစ်မိုးလုံး ဖျောက်ဆိတ်ဖြစ်လာနေတာ အားလုံးအသိဖြစ်ပါတယ်။ ပိုပြီး စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့အဖြစ်က လမ်းပေါ်မှာ၊ ကားပေါ်မှာ ကွမ်းတံတွေး ထင်သလို ပစ်ထွေးချလိုက်တာမျိုး။ ရှေ့ကလူတွေကို ကျော်တက်ပြီး လက်မှတ်ဝင် ဝယ်ဖို့လုပ်တဲ့အပြုအမူမျိုးနဲ့ တက္ကစီကားမောင်းသူက ခရီးသည် ကို ကားပေါ်က နှင်ချလိုက်တဲ့အလုပ်မျိုး လုပ်ကိုင်နေကြသူအများစုဟာ သူတို့ကို သူတို့ ဒီအလုပ်တွေဟာ မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်၊ မှားယွင်းတဲ့အလုပ်ပါလားဆိုတဲ့ ရှက်ရွှံ့စိုးထိတ်တဲ့ မျက်နှာအမူအယာ အနေ အထား စိုးစဉ်းမျှမရှိဘဲ သူတို့လုပ်တာ မှန်တယ်၊ ဒါလူတိုင်းလုပ်ခွင့်ရှိတယ်ဆိုတဲ့ အပြစ်မဲ့တဲ့လူတစ်ယောက်ရဲ့ စိတ်ထားမျိုးအထိ သူတို့ရဲ့စိတ်ဓာတ်အတွေးအခေါ်ကပါ တိမ်းစောင်းအသားကျလာနေတဲ့ အဖြစ်ကတော့ အင်မတန်စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြော ရရင်လည်း ဒီလိုအနေ အထားမျိုးဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက် အခြေခံကအစ စိုးရိမ်ဖွယ်အခြေအနေလို့တောင်မှ ပြောလို့ရနိုင် ပါတယ်။ မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အခုလို အခြေခံကအစ စံသွေနေတဲ့ စံလွဲနေတဲ့ ယဉ်ကျေးမှု အခြေကျ လာနေတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါ။
ကြည့်တတ်ရင်တော့ ဒီလိုစံသွေသွားနေတဲ့ လူ့အဖွဲ့အစည်း တစ်ခုအတွက် ဘယ်သူတွေမှာ တာဝန်အရှိဆုံး ဖြစ်သလဲ၊ ဘယ်က စီးဆင်းလာခဲ့သလဲ၊ ဘယ်လိုကုစားမှ ပျောက်နိုင်မလဲ။ သို့သော်ငြားလည်းပဲ မိမိတို့လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲဖို့ရာ အချိန်မနှောင်းသေးဘူး လို့တော့ ယူဆမိပါကြောင်း။
Credit - Mizzima News
No comments:
Post a Comment