နေပြည်တော် (မဇ္ဈိမ)။ ။ မြင်းခြံမြို့နှင့် ဟိုပုံးမြို့အနီးရှိ ပင်းပက်ကျေးရွာတွင် တည်ဆောက်ထားသော စက်မှုဝန်ကြီးဌာနလက်အောက်ရှိ သံမဏိစက်ရုံ စီမံကိန်းများသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်ပြီးစီးကာ စက်ရုံလည်ပတ်နိုင်မည်ဟု ဝန်ကြီးဌာနက ဖြေရှင်း ထားသော်လည်း လက်တွေ့၌ အလွန်ကွာခြားနေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ထောက်ပြလိုက်သည်။
၎င်းက “အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှုစီမံကိန်းရေးရာ ကော်မတီဟာ စက်မှုဝန်ကြီးဌာနက အကောင်အထည်ဖော်နေတဲ့ မြင်းခြံ သံမဏိစက်ရုံ စီမံကိန်းနဲ့ ပတ်သက်လို့ ၂၆. ၁၀.၁၄ က စက်ရုံကို
သွားရောက်လေ့လာခဲ့တယ်။ ဒီစက်ရုံဟာ တစ်နှစ်ကို သံမဏိတန်ချိန် နှစ်သိန်းထွက်ဖို့ လျာထားပေမယ့် ထုတ်လုပ်နိုင်ခြင်း မရှိဘူးလို့ ဖော်ပြ ထားပါတယ်” ဟု သွားရောက်လေ့လာပြီး အစီရင်ခံစာတင်ပြရာတွင် ထည့်သွင်းဖော်ပြထားသည်ဟု ဆိုသည်။
ထို့အပြင် မြင်းခြံရှိ သံမဏိစက်ရုံ စီမံကိန်းအား ကန်ဒေါ်လာ ဘီလီယံ ၁၅၀၀ ခန့် တန်ဖိုးရှိပြီး ချေးငွေ အတိုး၊ အရင်းသည်လည်း အလွန်များပြားနေသည့်အတွက် နိုင်ငံတော်နှင့် စက်မှုဝန်ကြီးဌာနအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်းလည်း ဦးဖုန်းမြင့်အောင်က ထောက်ပြသည်။
ယင်းမြင်းခြံ သံမဏိစက်ရုံစီမံကိန်းအတွက် ကုန်ကြမ်းအား ပြည်ပမှ ဝယ်ယူရာတွင် သံမဏိကုန်ကြမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ခန့် ပေးချေရသည့်အပြင် ရန်ကုန်မြို့မှ တစ်ဆင့်ထပ်မံ သယ်ဆောင်ရခြင်းကြောင့် သယ်ယူစရိတ်ပါ ပိုမိုကုန်ကျလျက်ရှိသည်။
လွှတ်တော်ကိုယ်စားလှယ်က “ စက်မှုဝန်ကြီးဌာန ဝန်ကြီးက လွှတ်တော်မှာ လာဖြေဖူးပါတယ်၊ ဝယ်ယူရတဲ့စရိတ်နဲ့ သယ်ယူစရိတ်တွေ များတဲ့အတွက်ကြောင့် ဈေးကွက်ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘူး၊ အရှုံးပေါ်နေတဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းထားရပါတယ်၊ မြင်းခြံစက်ရုံအတွက် ကုန်ကြမ်းရဖို့ ပင်းပက်မှာ စက်ရုံတည်နေပါတယ်လို့ ဖြေထားဖူးပါတယ်” ဟု ကောက်နုတ်ပြောဆိုသည်။
ထိုကဲ့သို့ ကုန်ကြမ်းအတွက် ဝယ်ယူစရိတ် သက်သာစေရန် ပင်းပက်ကျေးရွာတွင် သံမဏိကုန်ကြမ်းစက်ရုံ တည်ဆောက်ထားသော်လည်း စတင်လည်ပတ်နိုင်ခြင်း မရှိသေးပေ။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီကလည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရာခိုင်နှုန်းအပြည့် ပြီးစီးမည်ဖြစ်ပြီး စက်ရုံအားစတင်လည်ပတ်ကာ စက်ရုံလည်ပတ်မှုနှုန်း၊ အရှုံး၊ အမြတ်နှင့် သံမဏိစက်ရုံ စီမံကိန်းများ၏ အတိုး၊ အရင်း၊ ချေးငွေပြန်ဆပ်ရမည့် ကာလ စသည်တို့ကို ပြည်ထောင်စုလွှတ်တော်ထံ အမြန်ဆုံးတင်ပြရန် အစီရင်ခံစာတစ်စောင် တင်သွင်းထားသည်။
ဦးဖုန်းမြင့်အောင်က “မြင်းခြံစက်ရုံသာ မအောင်မြင်ခဲ့ရင် အဲ့ဒီမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေ အခက်အခဲတွေ ဖြစ်စေနိုင်သလို စက်ရုံအတွက် ရင်းနှီးထားတဲ့ ကုန်ကျငွေတွေဟာလည်း နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နိုင်တာကြောင့် သတ်မှတ်ကာလအတွင်း အောင်မြင်ဖို့ လိုပါတယ်၊ ဒါမှ မဟုတ်ရင် ဒေါ်လာ ဘီလီယံ ၁၅၀၀ ကျော်ဆုံးရှုံးနိုင်ပါတယ်” ဟု ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment