နေပြည်တော် (မဇ္ဈိမ)။ ။ သိမ်းဆည်း လယ်ယာမြေများကို
ပြန်လည်မစွန့်လွှတ်နိုင်ဘူးဆိုလျှင် ကာကွယ်ရေး ဝန်ကြီးဌာနသည် အမှန်တကယ်
နစ်နာသည့် လယ်သမားများကို ယခုခေတ်ပေါက်ဈေးအတိုင်း ပေးလျော်နိုင်ရေးအတွက်
ဘတ်ဂျက်တောင်းခံရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က
တိုက်တွန်းပြောဆိုသည်။

သိမ်းဆည်းထားသည့်
လယ်ယာမြေမှား ပြန်လည်ရရှိရေးတွက် မူလမြေယာပိုင်ရှင်များက ရှမ်းပြည်နယ်
တောင်ကြီးမြို့တွင် ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
“လယ်ယာမြေများနှင့် အခြားမြေများ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းတဲ့အခါမှာ အမှန်တကယ် နစ်နာခြင်း ရှိ၊ မရှိဆိုတာကို ဦးတည်ပြီး စုံစမ်းဖို့လိုတယ်။ အမှန်တကယ်နစ်နာတယ်။ ဒီနေ့ပေါက်ဈေးနဲ့ ပေးလျော်သင့်တယ်ဆိုရင် ဘတ်ဂျက်မှာ ထည့် တောင်းလိုက်လို့ ရပါတယ်။ပြည်ထောင်စုလွှတ်တော်က ဒါကို ကန့်ကွက်မယ်မထင်ပါဘူး” ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။
နိုင်ငံတော်ဘဏ္ဍာငွေထဲကို ဝင်ထားခြင်းဖြစ်သည့်အတွက် နိုင်ငံတော်ဘဏ္ဍာက ပြန်တောင်းပြီး ပေးလျော်လိုက်မည်ဆိုလျှင် လွယ်လွယ်ကူကူဖြစ်ပြီး ခက်ခဲစရာမရှိဘူးဟု ဆိုသည်။ နိုင်ငံတော်နှင့် ပြည်သူကြားမှာ ပြေလည်သွားအောင် အဖုအထစ်ဆိုသည့် ဦးတည်ချက်မရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။
“လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားကလည်း ဒီအတိုင်းပဲရှိမယ် ထင်ပါတယ်။ ဘတ်ဂျက်နဲ့တောင်းပြီးရင် လျော်ပေးလိုက်ပါ။ လွှတ်တော် ကိုယ်စားလှယ်တွေ ယူဖို့ မဟုတ်ပါဘူး” ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။
သိမ်းဆည်းခံလယ်သမားများ အမှန်တကယ်နစ်နာခြင်း ရှိမရှိကို သက်ဆိုင်ရာဝန်ကြီးဌာနက ကြိုက်နှစ်သက်သလို စုံစမ်းစစ်ဆေးနိုင်ပြီး အမှန်တကယ် နစ်နာမှုရှိမရှိနှင့် ပိုင်ဆိုင်ခြင်းရှိမရှိကို သေချာစစ်ဆေးပြီးလျှင် နစ်နာပါက ပေးလျော်ရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။
“ဖြစ်သင့်ဖြစ်ထိုက်တဲ့ လျော်ကြေးကို ဘတ်ဂျက်နဲ့ဖြေရှင်းပေးရင် လွယ်လွယ်ကူကူပဲ ကိုယ်အိတ်ထဲက စိုက်စရာမလိုပါဘူး၊ ကိုယ်ဌာနက စိုက်စရာလည်း မလိုပါဘူး၊ ပြည်သူ့ငွေနဲ့ ပြန်လျော်ကြေးပေးရတဲ့ သဘောဖြစ်ပါတယ်။ ပြဿနာတွေ ပြေလည်အောင် ဖြေရှင်းတဲ့ အခါမှာ ပြေလည်စေချင်တဲ့ စိတ်စေတနာလေးနဲ့ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး တပ်သိမ်းလယ်ယာမြေများ၏ ကြယ်ပွင့်ပြ မေးခွန်းများအပြီးတွင် အထက်ပါအတိုင်း တိုက်တွန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment